ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ တိုးတက်ရန်၊  နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်နိုင်ရန်၊ ဘဏ်များ၏စီ မံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်ငါးရပ် ထပ်မံထုတ်ပြန်

ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ တိုးတက်ရန်၊  နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်နိုင်ရန်၊ ဘဏ်များ၏စီ မံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်ငါးရပ် ထပ်မံထုတ်ပြန်
Published 26 March 2019
စည်သူအောင်

ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ တိုးတက်ရန်၊ နိုင်ငံတကာ စံနှုန်းများအတိုင်း ဆောင်ရွက်နိုင်ရန်၊ ဘဏ်များ၏ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ် ၂၅ ရက်တွင် ညွှန်ကြားချက် ငါးရပ် ဆက်လက် ထုတ်ပြန်သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ဆက်လက် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် ငါးရပ်မှာ သင့်လျော် မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအတွက် ညွှန်ကြားချက် (၈/၂၀၁၉)၊ ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက် (၉/ ၂၀၁၉)၊ ဘဏ်၏ ပြင်ပ စာရင်းစစ်များဆိုင်ရာ ညွှန်ကြားချက် (၁၀/၂၀၁၉)၊ ဆက်နွှယ်သူများဆိုင်ရာ ညွှန်ကြားချက် (၁၁/၂၀၁၉)၊    အဓိကကျသည့် အကျိုးစီးပွားးများ ရယူခြင်းဆိုင်ရာညွှန်ကြားချက် (၁၂/၂၀၁၉) တို့ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအား အကောင်အထည်ဖော်ရန် ညွှန်ကြားချက် ငါးရပ်အား ဆက်လက် ထုတ်ပြန်နိုင်ရေးအတွက် တရားဝင် ထုတ်ပြန်ခြင်းမပြုမီ  မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအား ဖိတ်ကြား၍ ညွှန်ကြားချက် (မူကြမ်း) များ ဖြန့်ဝေခြင်းနှင့် ပဏာမရှင်းလင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၈ ရက်တွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ပြုလုပ်ခဲ့သည်။ ယင်းညွှန်ကြားချက် ငါးရပ်နှင့် ပတ်သက်၍ အကြံပြုချက်များကိုလည်း ရယူညှိနှိုင်းရေးဆွဲပြီးနောက် ယခုညွှန်ကြားချက် ငါးရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ လိုက်နာရန် ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဘဏ်အား ပြန်လည် တည့်မတ်စေရန် ဆောင်ရွက်ခြင်း၊  သို့မဟုတ် အရေးယူခြင်းနှင့် စီမံခန့်ခွဲဲရေး နည်းလမ်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ (၂၀၁၆) အရ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ အမှာစာများကို ထုတ်ပြန်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အဓိက စည်းမျဉ်းများဖြစ်သည့် မတည်ငွေရေးလုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ရရန်ပိုင်ခွင့် အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခဲ့သည်။ ထို့ပြင် ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင် မရှိသည့် ကြွေးမြီများဆိုင်ရာ ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်နေပြီး ယခုအချိန်အထိ ညွှန်ကြားချက် ခြောက်ခု ထွက်ရှိပြီး ဖြစ်သည်။

ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် ဘဏ်များက တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates)  ပြင်ဆင် သတ်မှတ်ခြင်းကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/၂၀၁၉  ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ပြည်တွင်းဘဏ်များအား စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်း သုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များရှိ ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင် မရှိသည့် ကြွေးမြီများကို ဖြည့်စွက် မတည်ငွေရင်းအဖြစ် ထည့်သွင်းခွင့်ပြုသော ညွှန်ကြားချက်အမှတ် ၃/၂၀၁၉ ကို ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက် ၄/၂၀၁၉ ဖြင့် ဂျပန်ယန်းနှင့် တရုတ်ယွမ်တို့အား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးများအဖြစ် ခွင့်ပြုခဲ့သည်။ ထို့ပြင် AD လိုင်စင်ရ ဘဏ်များ နိုင်ငံခြားငွေ ရောင်း/ဝယ်သည့်အခါတွင် စျေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုများ၊ ထပ်တလဲလဲ ရောင်းဝယ်မှုများနှင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများ မလိုက်နာပါက အရေးယူမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ၅/၂၀၁၉ ဖြင့် ထုတ်ပြန် ကြေညာထားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License - AD) ရ ဘဏ်များ နိုင်ငံခြားငွေကြေးများ လိုငွေ/ပိုငွေ အခြေအနေ မဖြစ်ပေါ်ရေး ထိန်းသိမ်းရန်နှင့် လိုငွေ/ပိုငွေကို အဓိက မတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက် မကျော်လွန်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၆/၂၀၁၉ ဖြင့် ထုတ်ပြန်ထားပြီး ယခု မတ် ၂၅ ရက်တွင် ညွှန်ကြားချက် ငါးရပ် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါညွှန်ကြားချက် ငါးရပ် ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာ မှ ကျင့်သုံးနေသည့် စံနှုန်းများအရ ဆောင်ရွက်နိုင်စေရန်နှင့် ဘဏ်များအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် တိုးတက်ဖွံ့ဖြိုးလာစေရန်တို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း  ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent