လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း Operator များထံမှ EGSM Brand လိုင်းနှုန်းအသုံးပြုခ ထပ်မံရရှိခြင်း၊ MRTV နှင့် ဆက်စပ်ရုပ်သံလိုင်းများမှ ပေးသွင်းရန်ကျန်ရှိသည့် ယခင်နှစ်ကြွေးကျန်များ ရရှိခြင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ သာမန်ရငွေ ပိုမိုရရှိခဲ့ကြောင်း ဖော်ပြ

လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း Operator များထံမှ EGSM Brand လိုင်းနှုန်းအသုံးပြုခ ထပ်မံရရှိခြင်း၊ MRTV နှင့် ဆက်စပ်ရုပ်သံလိုင်းများမှ ပေးသွင်းရန်ကျန်ရှိသည့် ယခင်နှစ်ကြွေးကျန်များ ရရှိခြင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ သာမန်ရငွေ ပိုမိုရရှိခဲ့ကြောင်း ဖော်ပြ
Published 24 March 2019
နီလာ

လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း Operator များထံမှ ထပ်မံတောင်းခံသည့် EGSM Brand လိုင်းအသုံးပြုခများ ထပ်မံရရှိခြင်း၊ MRTV နှင့် ဆက်စပ်ရုပ်သံလိုင်းများမှ ပေးသွင်းရန် ကျန်ရှိသည့် ယခင်နှစ် ကြွေးကျန်များ ရရှိခြင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ သာ မန်ရငွေပိုမိုရရှိခဲ့ကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ ပထမသုံးလပတ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထ မသုံးလပတ်အတွင်း ပြည်ထောင်စု ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ သာမန်ရငွေပိုင်းတွင် ကျပ် ၂၁၅၉ ဘီလျံ ကျော်ရရှိရန် လျာထားခဲ့ပြီး ကျပ် ၂၀၆၈ ဘီလျံကျော်ရရှိခဲ့သဖြင့် ၉၅ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ပထမသုံးလပတ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

ယင်းသာမန်ရငွေ ပိုမိုရရှိမှု၌ ပြန်ကြားရေး ဝန်ကြီးဌာနတွင် MRTV နှင့် ဆက်စပ် ရုပ်သံလိုင်းများမှ ပေးသွင်းရန် ကျန်ရှိသည့် ယခင်နှစ် ကြွေးကျန်များရရှိခြင်း၊ ပြန်တမ်နှစ်စဉ်ကြေးများ ကြိုတင်ပေးသွင်းခြင်းနှင့် အဆောက်အအုံ ငှားရမ်းခ နှုန်းထားများ တိုးမြှင့်ခြင်းတို့လည်း ပါဝင်သည်ဟု သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် လပြည့်ဝန်းပလာဇာ အဆောက်အအုံ ငှားရမ်းခရငွေ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာခြင်း၊ အိန္ဒိယမှ အကူအညီထောက်ပံ့ငွေ ရရှိခြင်းနှင့် စာရင်းစစ်ကန့်ကွက်ချက်အရ ပြန်သွင်းငွေများ ရရှိခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် အကောက်စခန်းများတွင် ရေယာဉ်ဖြတ်သန်းမှု များပြားခြင်းကြောင့် ပိုမိုရရှိခြင်း၊ နှစ်လဲမှတ်ပုံတင် ဆောင်ရွက်သော ယာဉ်စီးရေ များပြားလာခြင်း၊ ယာဉ်မောင်းလိုင်စင်စောင်ရေ တိုးတက်များပြားလာခြင်း၊ Operator များထံမှ ထပ်မံတောင်းခံသည့် EGSM Brand လိုင်း အသုံးပြုခများ ထပ်မံရရှိခြင်း စသည်တို့လည်း ပါဝင်သည်ဟု သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် နယ်စပ်ဖြတ်သန်းခများ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (BP/TBP) ရောင်းချရငွေများ၊ ပြည်ဝင်ဗီဇာခများ၊ နိုင်ငံသားကတ်ပြုလုပ်ခြင်း အခငွေများ၊ ဆိုင်ခန်းငှားရမ်းခရငွေများ၊ အလုပ်နုတ်ထွက် လျော်ကြေးများ ပြန်လည်ပေးသွင်းခြင်း၊ ပြည်ပနိုင်ငံခြားသားများ အ များအပြား ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြားသား မှတ်ပုံတင်ခများ ပိုမို ရရှိခြင်း၊ စက်မှုဝန်ကြီးဌာနတွင် စက်မှုမှတ်ပုံတင် သက်တမ်းတိုးကြေးရငွေ၊ ဘွိုင်လာစစ်ဆေးခရငွေ၊ ဝင်းသူဇာဆိုင် မြေငှားရမ်းခနှင့် အဆောက်အအုံ ငှားရမ်းခရငွေများ ပိုမိုရရှိခြင်းတို့လည်း ပါဝင်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် သက်သာ ဆိုင်ခန်းငှားရမ်းခ ရငွေများပိုမိုရရှိ ခြင်း၊ တစ်ဆင့်သယ်ယူဖြတ် သန်းခရငွေများ၊ ကုန်ချကွင်းဖြတ်သန်းခများ၊ ယာဉ်ချိန်တွယ်ခရငွေများ၊ စာရင်း စစ်တွေ့ရှိချက်အရ ပြန်လည်ပေးသွင်းငွေများ ပိုမိုရရှိခြင်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာနတွင် အမြန် လမ်းပေါ်ရှိ ဆိုင်ခန်းမြေနေရာ ငှားရမ်းခရငွေများ၊ မြေနှင့်အဆောက် အအုံ ငှားရမ်းခရငွေများ၊ လေလံ စနစ်ဖြင့် ဆောင်ရွက်သောလမ်း များမှ ကောက်ခံရငွေများ၊ မြေတိုင်းခ၊ မြေပုံမြေရာဇဝင်ကူးခများနှင့် သီလဝါဆိပ်ကမ်းမှ ရေရောင်းရငွေ များရရှိခြင်းတို့ကြောင့် လျာထား ချက်ထက် ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သာမန်ရငွေ လျော့နည်းရရှိမှုတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုတြီထောက်ခံချက် ပြုလုပ်ပေးရမှု လျော့နည်းခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် ထောက်ခံချက်ပြုလုပ်ပေးရမှု နည်းပါးခြင်း၊  ကာကွယ်ရေး ဝန်ကြီးဌာနတွင် မြေနှင့် အဆောက်အအုံ ငှားရမ်းခရငွေများ လျော့နည်းရရှိခြင်း၊ ပညာရေး ဝန်ကြီးဌာနတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး ရန်ပုံငွေ (CDF) အတွက် ဒိန်းမိတ်က အကူအညီရရှိမှု လျော့နည်းခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ပြည်ပအကူအညီရငွေများ လျာထားချက်အတိုင်း မရရှိခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် UNICEF နှင့် UNFPA အဖွဲ့အစည်းများက ထောက်ပံ့ငွေ ပေးသွင်းမှု လျော့နည်းခြင်းတို့ကြောင့် လျော့နည်းရခြင်း ဖြစ်ကြောင်း သိရသည်။                                       

 

Most Read

Most Recent