လက်ရှိဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ အထိလျော့ကျအောင် ဆောင်ရွက်မည် ဖြစ်သော်လည်း ဘဏ္ဍာနှစ် ငါးလကျော်တွင် ကုန်သွယ်မှုလိုငွေ သန်း ၉၀၀ ကျော်ရှိနေ

လက်ရှိဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ အထိလျော့ကျအောင် ဆောင်ရွက်မည် ဖြစ်သော်လည်း ဘဏ္ဍာနှစ် ငါးလကျော်တွင် ကုန်သွယ်မှုလိုငွေ သန်း ၉၀၀ ကျော်ရှိနေ
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 17 March 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ အထိလျော့ကျအောင် ဆောင်ရွက်မည် ဖြစ်သော်လည်း ဘဏ္ဍာနှစ် ငါးလကျော်တွင် ကုန်သွယ်မှုလိုငွေ သန်း ၉၀၀ ကျော်ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေ ဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မြင့်မားနေခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှုစွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်း နေရခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၃၇ ဘီလျံကျော်နှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၄၂ ဘီလျံကျော် တင်သွင်းထားကြောင်း သိရသည်။

ထို့ကြောင့် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၉၀၄ ဒသမ ၉၅၃ သန်း ပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာသန်း ၉၀၄ ဒသမ ၉၅၃ သန်းအထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၃၁ဘီလျံကျော် ရရှိအောင် ဆောင်ရွက်မည် ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင် လျော့ကျအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့တွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၅ ဒသမ ၃ ဘီလျံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက် အထိ ငါးလကျော်အတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဘီလျံကျော် ကုန်သွယ် မှုပြုလုပ်ထားပြီး ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုလျာထားချက် အမေရိ ကန်ဒေါ်လာ ၃၁ဘီလျံကျော် ပြည့် မီရန် အမေရိကန်ဒေါ်လာ ၁၇ သန်း ခန့် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ  ၅  ဒသမ ၂၁၂  ဘီလျံကျော် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော် ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့နိုင်ရေး အားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေး ကိစ္စများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

 

Most Read

Most Recent