သာကေတမြို့နယ်ရှိ Eleven Media Group ရုံးချုပ် အဆောက်အအုံသစ်နှင့် ဘေးချင်း ကပ်လျက်ရှိ YD အရက်ချက်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး ကူညီငြိှမ်းသတ်သူ တစ်ဦး ဒဏ်ရာရ

သာကေတမြို့နယ်ရှိ Eleven Media Group ရုံးချုပ် အဆောက်အအုံသစ်နှင့် ဘေးချင်း ကပ်လျက်ရှိ YD အရက်ချက်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး ကူညီငြိှမ်းသတ်သူ တစ်ဦး ဒဏ်ရာရ
Eleven Media Group ရုံးချုပ် အဆောက်အအုံသစ်နှင့် ကပ်လျက်ရှိ YD အရက်ချက်စက်ရုံ မီးလောင်မှု မြင်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်၊ မျိုးထက်ပိုင်)
Eleven Media Group ရုံးချုပ် အဆောက်အအုံသစ်နှင့် ကပ်လျက်ရှိ YD အရက်ချက်စက်ရုံ မီးလောင်မှု မြင်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်၊ မျိုးထက်ပိုင်)
Published 6 March 2019
ပြည့်ဖြိုးအောင်၊အောင်ထက်ခိုင်

သာကေတမြို့နယ်ရှိ Eleven Media Group ရုံးချုပ် အဆောက်အအုံသစ်နှင့် ဘေးချင်းကပ်လျက်ရှိ YD အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ပွားပြီး ကူညီငြိှမ်းသတ်သူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် သာကေတစက်မှုဇုန် မြန်မာ့ဂုဏ်ရည်လမ်းရှိ YD အရက်ချက်စက်ရုံ၏  33 KV Transformer မီးလောင်မှု မတ် ၅ ရက် မွန်းလွဲ ၁၂ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု အကြောင်းရင်းမှာ အရက်ချက်စက်ရုံပိုင်  Transformer ပေါ်သို့ ကြောင်တစ်ကောင် ပြုတ်ကျ၍  Transformer CT ကြွေသီး bar ပွင့်ထွက်ပြီး ဆီများပန်းထွက်ရာမှ မီးစတင်လောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲဲ့မှ သိရသည်။

မီးလောင်မှုတွင် သွားရောက် ကူညီငြိှမ်းသတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သူမှာ ယင်းအရက်ချက်စက်ရုံ အနီးတွင် နေထိုင်သူဖြစ်ပြီး မီးလောင်မှုအား ငြိှမ်းသတ်နေစဉ် ထရန်စဖော်မာအတွင်းမှ အရည်များစင်ကာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆီပူတွေ အကုန်လုံး စင်ကုန်တာပေါ့။ ညာဘက် တစ်ခြမ်းကတော့ တွေ့တဲ့အတိုင်းပဲ (အပူလောင်ခဲ့သည့် နေရာများအား ပြသလျက်)။ စဖြစ်တုန်းကတော့ ဘာမှမသိဘူး။ ကျွန်တော်က ဝတ်ထားတာက စွပ်ကျယ်ဆိုတော့ ရေစုပ်တဲ့ဟာ ဖြစ်နေတယ်” ဟု ဒဏ်ရာရရှိခဲ့သူ ဦးဝင်းနိုင်က ပြောကြားသည်။

အဆိုပါ မီးလောင်မှုအား သာကေတမြို့နယ် မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ် သုံးစီး၊ ရေယာဉ် နှစ်စီး၊  မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ဖြင့် ငြိှမ်းသတ်ခဲ့ကြောင်း သိရသည်။ 

“ဝုန်းဆို အသံကြားပြီးတာနဲ့ မီးလုံးကြီးက တက်လာတာ။ ကြားတာနဲ့ အောက်ကို ဆင်းကြတယ်။ အောက်ရောက်တော့ မီးညွန့်တွေ အများကြီး မီးတွေလောင်နေပြီ။ မီးစလောင်လောင်ခြင်း ရုံးက ယောက်ျားလေးက ရုံးမှာ ဆောင်ထားတဲ့ မီးသတ်ဆေးဘူးတွေ ကိုင်ပြီး ဝိုင်းပြီး ငြိှမ်းကြတယ်။ ၁၀ မိနစ်လောက်နေတော့ မီးသတ်ကားတွေ ရောက်လာတယ်။ အဲဒီအချိန်မှာ မီးလောင်တာ တော်တော်များနေပြီ” ဟု မီးလောင်မှုအား တွေ့ရှိခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကြောင့် CT Bar များ၊ Transformer တစ်လုံး၊ အနီးနားရှိ မီတာပုံးများနှင့် ၀ိုင်ယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆယ်သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သာကေတမြို့နယ် မီးသတ်စခန်းမှ သိရသည်။ မီးလောင်မှုနှင့် ပတ်သက်ပြီး YD  အရက်ချက်စက်ရုံရှိ လျှပ်စစ်မန်နေဂျာဖြစ်သူ  ဦးဝင်းကို အား သာကေတနယ်မြေရဲစခန်းမှ (ပ) ၁၈၇၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

cctv.jpg

YD အရက်ချက်စက်ရုံရှိ ထရန်စဖော်မာ မီးလောင်ပေါက်ကွဲမှု မြင်ကွင်းကို CCTV မှတ်တမ်းအရ တွေ့ရစဉ်

မီးလောင်မှု ဖြစ်ပွားခဲ့သော YD အရက်ချက်စက်ရုံသည် မီးဘေးအန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိခြင်းကြောင့် မီးသတ်ဦးစီးဌာနသို့ လည်းကောင်း၊  YD စက်ရုံဘက်မှ လျှပ်စစ် Transformer မှာ စည်းကမ်းမဲ့ ကျူးကျော်ထားရှိခြင်းအတွက် လည်းကောင်း သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားထားပြီး ဖြစ်သည်။ ယင်းသို့ တိုင်ကြားထားမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးသို့လည်း အသိပေးထားပြီး ဖြစ်သည်။

ယင်းသို့ YD အရက်ချက်စက်ရုံပိုင် လျှပ်စစ်ထရန်စဖော်မာသည် သတ်မှတ်ဧရိယာ ကျော်လွန်နေသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော်ပြီး Eleven Media Group ၏ အဆောက်အအုံ ဥပစာအထိ ဆောက်လုပ်ထားသဖြင့် အရေးယူ ဆောင်ရွက်ပေးရန်နှင့်  YD အရက်ချက်စက်ရုံကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ ထွက်ပေါ်နေခြင်း၊ စက်ရုံမှ ထွက်ရှိသော မီးခိုးများနှင့် မီးခိုးမှုန်များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် မိမိတို့၏ အဆောက်အအုံအား ထိခိုက်နစ်နာစေခြင်း၊  YD အရက်ချက်စက်ရုံ၏ မီးဘေးအန္တရာယ် စိုးရိမ်ရမှု အခြေအနေများ ရှိနေခြင်း၊ စည်ပင်သာယာ ဧရိယာနှင့် Eleven Media Group ပိုင် မြေနေရာများအတွင်းသို့ ထရန်စဖော်မာ ကျူးကျော် တည်ဆောက်ထားခြင်း စသည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာ အသီးသီးသို့ အကြိမ်ကြိမ် ကန့်ကွက်ပေးပို့ တိုင်ကြားထားခဲ့သော်လည်း လက်ရှိ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အချိန်ထိ သက်ဆိုင်ရာဌာနများမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ မီးလောင်မှု ဖြစ်ပွားခဲ့သည့် YD အရက်ချက်စက်ရုံနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူုးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့ထံသို့ ကန့်ကွတ်စာများ ပေးပို့ထားပြီး YD အရက်ချက်စက်ရုံနှင့် ကပ်လျက်တွင် ရုံးအဆောက်အအုံ တည်ရှိသည်ဖြစ်ရာ လုပ်ငန်းဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုးရိမ်နေရသောကြောင့် လိုအပ်သလို စစ်ဆေး အရေးယူပေးပါရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

သို့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိသေးသည့်အတွက် ယခုကဲ့သို့ မီးဘေးအန္တရာယ် စိုးရိမ်ခဲ့ရသော အခြေအနေနှင့် ထိတ်လန့်မှု မရှိစေရေးအတွက် YD အရက်ချက် စက်ရုံနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မီးသတ်ဦးစီးဌာနတို့သို့ လိုအပ်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးနိုင်ပါရန် ကန့်ကွက်တိုင်ကြားမှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။  

 

Most Read

Most Recent