ယခုနှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တရားဝင်ဝယ်ယူသွားရန်ရှိပြီး တရားမဝင်တင်ပို့မှုများကို ထိထိရောက်ရောက် အရေးယူမည်ဟုဆို

ယခုနှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တရားဝင်ဝယ်ယူသွားရန်ရှိပြီး တရားမဝင်တင်ပို့မှုများကို ထိထိရောက်ရောက် အရေးယူမည်ဟုဆို
မန္တလေး-မူဆယ်လမ်းပိုင်းရှိ ကုန်တင်ယာဉ်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မန္တလေး-မူဆယ်လမ်းပိုင်းရှိ ကုန်တင်ယာဉ်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 26 February 2019
ဇေယျာငြိမ်း

၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနယ်စပ်မှ ဆန်နှင့်ဆန်ကွဲများကို တရားဝင်ဝယ်ယူသွားရန်ရှိပြီး တရားမဝင် တင်ပို့မှုကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၈ ရက်မှ  ၂၃ ရက်အေထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်သော The 2th China Myanmar Economic Corridor Forum သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် အဖွဲ့လည်း တက်ရောက်ခဲ့သည်။

ယင်းသို့တက်ရောက်ခဲ့စဉ် ၂၀၁၉ ခုနှစ်တွင် ဆန်တန်ချိန်လေးသိန်းအထိ တရားဝင် (Quota) ဖြင့် တင်ပို့ခွင့်ရရှိရေးကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားဝင် ဝယ်ယူသွားမည်ဖြစ်သောကြောင့် တရားမဝင် ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်းကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံဘက်မှ အသိပေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အဓိကအခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံမှ မူဆယ်နယ်စပ်အထိ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်ကုန်စည်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။

ထို့အတွက်ကြောင့် တရုတ်နိုင်ငံဘက်က ၎င်းတို့နိုင်ငံအတွင်း တရားမဝင်ကုန်စည် ဖမ်းဆီးရေး စီမံချက်များလုပ်ဆောင်နေသည့် အချိန်ကာလများ၌ တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းကို ရပ်တန့်ထားခြင်းကို မကြာခဏကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့်လများအတွင်းက တရုတ်နိုင်ငံဘက်က တရားမဝင် ဖမ်းဆီးမှုစီမံချက်များ ဆောင်ရွက်ခဲ့သဖြင့် မြန်မာဘက်မှ ဆန်ဝယ်ယူမှုကို ရပ်တန့်ထားခြင်းကြောင့် နယ်စပ်မှ ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ထက်ဝက်ခန့်အထိ လျော့ကျခဲ့ကြောင်း သိရသည်။

“နယ်စပ်ကတော့ အခုအထူးသဖြင့်ပေါ့။ တရုတ်ဘက်က ဆန်နဲ့ ဆန်ကွဲကို ဝယ်ယူတဲ့ အပိုင်းမှာ သူတို့ဘက်က တရားဝင်ကုန်သွယ်မှုကို အများကြီးကန့်သတ်တဲ့ အပိုင်းတွေရှိတယ်။ တရားဝင်ကုန်သွယ်မှုကို တွန်းအားပေးလာတဲ့အခါမှာ ကျွန်တော်တို့ဆီကသွားနေတဲ့ အရင်တုန်းထဲက တစ်သက်လုံးမှီခိုလာတာ Informal Trade ကို မှီခိုနေတဲ့သဘော ဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံဘက်က တရားဝင်သွားပေမယ့် ဟိုဘက်က တရုတ်နိုင်ငံဘက်ကို ကုန်သွယ်တဲ့အခါမှာ တရားမဝင် ကုန်သွယ်မှုဖြစ်နေတယ်။ ဒီတရားမဝင် ကုန်သွယ်မှုကို တရားဝင်ကုန်သွယ်မှုဖြစ်အောင် သူတို့ကုန်သည်တွေကို လုပ်နေတဲ့အခါကျတော့ ဒီဘက်ကဆန်ကို သူတို့မဝယ်နိုင်တော့တဲ့ သဘောဖြစ်နေတယ်။ လက်ရှိတော့ ဒီအကန့်အသတ်အခက်အခဲကတော့ ရှိနေဦးမှာပဲ” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးနေလင်းဇင်က သုံးသပ်ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ အာဖရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဇန်နဝါရီ ၁၈ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၆၄၀ ကျော် ရရှိထားသည်။ ယင်းအနက် နယ်စပ်မှတင်ပို့မှုမှာ စုစုပေါင်းပမာဏ၏ ၅၁ ရာခိုင်နှုန်းရှိပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှာ ၄၈ ရာခိုင် နှုန်းကျော်သာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

Most Read

Most Recent