မောင်တော ကညင်ချောင်း စီးပွားရေးဇုန်အား ထပ်မံအဆင့်မြှင့်သွားမည်ဖြစ်ကာ ပုဏ္ဏားကျွန်းတွင် စက်မှုဇုန်တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မောင်တော ကညင်ချောင်း စီးပွားရေးဇုန်အား ထပ်မံအဆင့်မြှင့်သွားမည်ဖြစ်ကာ ပုဏ္ဏားကျွန်းတွင် စက်မှုဇုန်တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
မောင်တော ကညင်ချောင်း စီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(သားရွှေဦး)
မောင်တော ကညင်ချောင်း စီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(သားရွှေဦး)
Published 14 February 2019
နီလာ

ရခိုင်ပြည်နယ် မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကို တည်ဆောက်နေဆဲဖြစ်ပြီး ထပ်မံအဆင့်မြှင့်တည်ဆောက်မှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပုဏ္ဏားကျွန်းတွင် စက်မှုဇုန်တည်ဆောက်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက်လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိကြသော်လည်း ယင်းအခြေအနေကို မစိုးရိမ်ကြရန်နှင့် လာရောက်လုပ်ကိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။

“ပဋိပက္ခဆိုတဲ့ဟာက အတွင်းပိုင်းပေါ့၊ ပုဏ္ဏားကျွန်းတို့ ကျောက်တော်၊ ရသေ့တောင်တို့ အတွင်းပိုင်းလေးပေါ့။ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းတွေက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား ဒီနေရာတွေမှာ လုပ်နိုင်တယ်။ မောင်တောဆိုရင်လည်း ကညင်ချောင်းစီးပွားရေးဇုန်ကို လုပ်လည်းလုပ်နေပါပြီ။ အဲဒါလည်း ထပ်လည်းမြှင့်ဖို့ရှိပါတယ်။ ပုဏ္ဏားကျွန်းမှာလည်း စက်မှုဇုန်တွေ လုပ်ဖို့ရှိပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်မောင်တောမြို့မှ သုံးမိုင်ကွာဝေးသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို လက်ရှိအချိန်တွင် ပြည်နယ်အစိုးရက ကျပ်သိန်းပေါင်း ၁၅၀၀၀ နှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များက သိန်းပေါင်း ၇၀၀၀ စုစုပေါင်း ကျပ်သိန်းပေါင်း၂၂၀၀၀ ဖြင့် လုပ်ငန်းများ ဆောင်ရွက်မှုကို ပြည်နယ်အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်း ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

မောင်တောကညင်ချောင်းစီးပွားရေးဇုန်ကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် မောင်တောဒေသစီးပွားရေးလုပ်ငန်းရှင်များက ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းအနေဖြင့် စုစုပေါင်း ၄၉ ဒသမ ၆ ဧကပေါ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကညင်ချောင်းကုန်သွယ်ရေးဇုန်မှ ကညင်ချောင်းစီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင်ရန် ဧက ၁၀၀ ကို ထပ်မံတိုးချဲ့ပြင်ဆင်လျက်ရှိပြီး သတ်မှတ်ကာလအတွင်းအပြီး ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

ကညင်ချောင်းစီးပွားရေးဇုန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းခရီးမှ ကုန်သွယ်မှုပြုပါက ၁၅ မိနစ်ဝန်းကျင်ခန့်သာ သွားလာရပြီး အထူးသဖြင့်သွင်းကုန်ထက် ပို့ကုန်ကဏ္ဍကို အထူးဦးစားပေး ကုန်သွယ်မှုပြုမည့် ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်များအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးသည် ပို့ကုန်ကဏ္ဍအနေဖြင့် ရာခိုင်နှုန်း ၉၀ အထိ ကုန်သွယ်မှုပြု လျက်ရှိပြီး သွင်းကုန်အနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ကုန်သွယ်မှုပြုသော နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ကာ ကုန်သွယ်မှုပြုရာတွင်လည်း ဒေါ်လာတစ်မျိုးတည်းကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကညင်ချောင်းစီးပွားရေးဇုန်၌ သားငါး၊ ပုစွန်သိုလှောင်ထားနိုင်မည့် အအေးခန်းများ၊ အထည်ချုပ်စက်ရုံများ၊ ကုန်သွယ်မှုပြုနိုင်သော ရုံးခန်းများအပြင်စားသောက်၊ တည်းခိုနေထိုင်နိုင်သော အဆောက်အအုံများလည်း ပါဝင်လာမည်ဖြစ်ပြီး အပိုင်း (၁) ဇုန် A ကို ပထမအဆင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧက ၄၉ ဒသမ ၅၈ ဧက၊ အပိုင်း (၂) တွင်ပါဝင်သော ဇုန် B၊ ဇုန် C နှင့် ဇုန် F တို့ကို ဧက ၁၀၃ ဒသမ ၃၆ ဧက စုစုပေါင်းဧရိယာ ၁၅၂ ဒသမ ၉၄ ဧကပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။                

Most Read

Most Recent