ရှမ်းပြည်နယ်အတွင်း အခြေခံအဆောက်အအုံ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အပါအဝင် ကဏ္ဍခုနစ်ခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည်

ရှမ်းပြည်နယ်အတွင်း အခြေခံအဆောက်အအုံ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အပါအဝင် ကဏ္ဍခုနစ်ခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည်
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း နံနက်ပိုင်းမြင်ကွင်း (ဓာတ်ပုံ - ထွန်းနေလှိုင်)
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း နံနက်ပိုင်းမြင်ကွင်း (ဓာတ်ပုံ - ထွန်းနေလှိုင်)
Published 10 February 2019
နီလာ

ရှမ်းပြည်နယ်အတွင်း အခြေခံ အဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အပါအဝင် ကဏ္ဍခုနစ်ခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားသည့်ကဏ္ဍ ခုနစ်ခုရှိကြောင်း၊ အခြေခံအဆောက်အအုံနှင့် မြေယာဖွံ့ဖြိုးရေးကဏ္ဍ၊ ခရီးသွားလာရေးအတွက် မြေယာဖွံဖြိုးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝအရင်းအမြစ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်ထုတ်ယူ ဖြန့်ချိရေးကဏ္ဍနှင့် ပညာရေးကဏ္ဍ စသည့်ကဏ္ဍ ခုနစ်ခုကို ဦးစားပေး ရင်းနှီးမြှုပ်နှံကြရန် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ထားသည်။

မြေယာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍတွင် ပါဝင်သည့် စီမံကိန်းများတွင် ရပ်စောက်မြို့နယ်၌ တည်ရှိသည့် ဧက ၈၀၀ ခန့်ရှိသော့ Development Land နေရာနှင့် ၅၄၇ ဧက ခန့်ရှိသည့် Non-Development Land နေရာရှိကြောင်း၊ ရပ်စောက်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖွံ့ဖြိုးမှု အားနည်သည့် ဒေသတစ်ခု ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို ချိတ်ဆက်ထားသည့်လမ်း ရှိလာသည့်အပြင် ဒေသစိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းလာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

သဘာဝအရင်းအမြစ်ကဏ္ဍတွင် ဖိတ်ခေါ်ထားသည့် လုပ်ငန်းများတွင် ရွာငံဒေသ အနီးတစ်ဝိုက်တွင်ရှိသည့် Cement Factory လုပ်ငန်း၊ တောင်ကြီး-အေးသာယာဇုန်တွင် တည်ရှိသည့် Construction of Fertilizer Factory & Others Over 10 Acres လုပ်ငန်း၊ မူဆယ်နှင့် ချင်းရွှေဟော်တွင် တည်ရှိသည့် China – Myanmar Economic Collateral နှင့် Mining စသည့် လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပလက်ဝဘက်မှ ပင်လယ်ကူး သင်္ဘောများဖြင့် နိုင်ငံတကာသို့ ရောင်းချနိုင်သည့် အခြေအနေများကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လာရောက်လုပ်ကိုင်ကြရန် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တိုက်တွန်းထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့်မြေဧက တစ်သောင်းကျော်ရှိနေပြီး လယ်ယာကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“စီးပွားရေးကဏ္ဍအနေနဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် အဓိက ထွက်ကုန်အနေနဲ့ စိုက်ပျိုးရေး ထွက်ကုန် ဖြစ်ပါတယ်။ တိုင်းအစိုးရအနေနဲ့ Food Safety Program ဆိုပြီး ဦးဆောင်လမ်းထွင်နေတာ တစ်ခုရှိပါတယ်။ မြေပဲဆီနိုင်ငံခြား တင်ပို့ဖို့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ လုပ်နေပါတယ်။ တိုင်းထဲမှာ စိုက်ပျိုးနိုင်တဲ့ မြေဧက တစ်သောင်းကျော်လောက် ရှိပါသေးတယ်။ အဲဒီနေရာမှာ စုပေါင်းလယ်ယာ စနစ်နဲ့ မြေပဲစိုက်ပြီး ဆီကိုနိုင်ငံခြား တင်ပို့ ဖို့လုပ်နေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဓာတုပိုးသတ်ဆေးတွေ မပါစေချင်ပါဘူး။ ဒါကိုလည်း စမ်းသပ်စိုက်ပျိုးနေတာ ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ လာရောက်ရင်းနှီး မြှုပ်နှံစေချင်ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

           

Most Read

Most Recent