ပြည်တွင်းရော်ဘာစျေး တစ်ပေါင်လျှင် ကျပ် ၇၀၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး နိုင်ငံတကာ စျေးကွက်နှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး အနေအထားတွင်ရှိနေ

ပြည်တွင်းရော်ဘာစျေး တစ်ပေါင်လျှင် ကျပ် ၇၀၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး နိုင်ငံတကာ စျေးကွက်နှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး အနေအထားတွင်ရှိနေ
ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ရော်ဘာလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်
ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ရော်ဘာလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်
Published 9 February 2019
ဇော်ဝင်းချစ် (တောင်ငူ)

မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာများမှာ လတ်တလော တစ်ပေါင်လျှင် ကျပ် ၇၀၀ ကျော်ခန့်ဖြင့်သာ အရောင်းအဝယ် ဖြစ်နေပြီး နိုင်ငံတကာ(ပြည်ပ) စျေးကွက်ဖြင့် ယှဉ်ပါကလည်း အနိမ့်ဆုံး အနေအထားဖြင့်သာ ရောင်းနေရကြောင်း ရော်ဘာစိုက်ပျိုး၊ ရောင်းဝယ်လုပ်သူများထံ မှသိရသည်။

လတ်တလော ပြည်တွင်းရော်ဘာပေါက် စျေးအခြေအနေနှင့်ပတ်သက်ပြီးသံတောင် ကြီးဒေသ ရော်ဘာအဝယ်ဒိုင်မှ ကိုသက်ထွေးက “လက်ရှိစျေးက မန္တလေးစျေးကတော့ ကျပ် ၇၃၀ ပတ်ဝန်းကျင် လောက်ပဲရှိတယ်။ ပေါ် ခါစက ဒီနှစ်တက်သွားတာက ကျပ် ၉၀၀ လောက် အထိပဲတစ်ကြိမ်ဖြစ်ပြီးတော့ တဖြည်း ဖြည်း ပြန်ကျလာတာပဲ။ ဒေါ်လာစျေးနဲ့ တွက် လို့ရှိရင် အများကြီးကွာနေတယ်။ ဒေါ်လာ စျေးကသာ ၁၅၀၀၊ ၁၆၀၀ တွေဖြစ်တာ ရော်ဘာစျေးက လိုက်မှမတက်တာ၊ သူတို့က ဒေါ်လာနဲ့ပဲဝယ်တာကိုး။ အမှန်က ဒေါ်လာ စျေးတက်လို့ရှိရင် မြန်မာငွေတန်ဖိုးက ၁၄၀၀ ကနေ ၁၆၀၀ ဖြစ်သွားလို့ရှိရင် ၂၀၀ တက် သွားတာလေ။ တစ်ဒေါ်လာကို၂၀၀ တက် သွားတဲ့အတွက် သူ့ပုံမှန်ပေးမယ်ဆိုရင် ရော်ဘာမှာလည်း ကျပ် ၁၀၀၀ လောက် တန် တဲ့ဟာဆိုရင် ၁၁၅၀ လောက်တော့ဖြစ်သင့် တာပေါ့။ ဒါပေမဲ့ အဲဒါကိုမလိုက်ဘူး သူ့ဟာသူ ကျမြဲတိုင်းကျတယ်” ဟုဆိုသည်။

ပြည်တွင်းရော်ဘာစျေးမှာ ပြီးခဲ့သော၂၀၁၂ ခုနှစ်ဝန်းကျင်ခန့်က ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၇၀၀ ဝန်းကျင်ခန့်အထိ အမြင့်ဆုံး မြင့်တက်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ရော်ဘာစျေးနှုန်း ဆက်တိုက်ကျဆင်းမှု ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင် ပေါ်ခါစ၌  ကျပ် ၁၀၀၀ ခန့်အထိသာ မြင့်တက်ခဲ့ပြီး ရော်ဘာများ အပြိုင်အဆိုင်ပေါ်ချိန်တွင် ရော်ဘာတစ်ပေါင် ကျပ် ၇၀၀ ဝန်းကျင်ခန့် (တွက်ခြေမကိုက်သော စျေးနှုန်း) ဖြင့်သာ အရောင်းအဝယ် ရပ်တန့်နေလေ့ရှိပြီး၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၅၀၀ ခန့်အထိ ဆိုးရွားစွာ စျေးနှုန်းကျဆင်းမှု ကြုံတွေ့ခဲ့ရကြောင်း ရော်ဘာစိုက် တောင်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်တွင် ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၄၀၀ ခန့်အထိ ပြန်လည်မြင့်တက် လာခဲ့သော်လည်း အမြင့်စျေး၌ ခဏသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရော်ဘာစျေးနှုန်း ဆက်တိုက် ကျဆင်းလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်အထိ ကျပ် ၇၀၀ ဝန်းကျင်၌သာ အရောင်းအဝယ် ဖြစ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရော်ဘာမှာ ပြည်ပနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုရာခိုင်နှုန်းအနည်းဆုံးဖြစ်နေသောကြောင့် ပြည်ပနိုင်ငံများ၏ ရော်ဘာဝယ်လိုအားမှာလည်း ကျဆင်းလျက် ရှိနေသည့်အပြင် အခြားပြည်ပနိုင်ငံများနှင့် ရော်ဘာတစ်ပေါင်ချင်းစျေနှုန်း နှိုင်းယှဉ်ပါကလည်း ပြည်တွင်းရော်ဘာစျေးမှာ ကျပ် ၁၀၀၊ ၂၀၀ ခန့်အထိ ကွာဟလျော့နည်း ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရော် ဘာပွဲရုံလုပ်ငန်းများထံမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့မှ သံတောင်ကြီးဒေသသို့ရော်ဘာ ဝယ်ရောင်းလုပ်နေသူ လုပ်ငန်းရှင်တစ်ဦးက “ကမ္ဘာ့ထွက်နှုန်းနဲ့လည်း ဆိုင်တာပေါ့။ အခြား နိုင်ငံတွေက တအားထွက်တာကို။ အင်ဒိုတို့ ယိုးဒယားတို့၊ မလေးတို့ပေါ့။ အဲဒီယိုးဒယားကထွက်တဲ့ ကမ္ဘာ့တင်ပို့မှုနှုန်းက ၅၇ ရာခိုင် နှုန်းလောက်ရှိတယ်တဲ့။ မြန်မာပြည်က တင်ပို့မှုနှုန်းက ၅ ရာခိုင်နှုန်းလောက်ပဲရှိ တယ်တဲ့။ အဲဒီမှာ အများကြီး ကွာတယ်လေ။ တခြားနိုင်ငံတွေက ထွက်တဲ့နှုန်းက တအား များတာကို။ အဲဒီတော့ သူကထွက်နှုန်းနဲ့ ဝယ် လိုအားနဲ့မမျှဘူး ဖြစ်နေတာပေါ့။ ယိုးဒယား စျေးကတော့ လောလောဆယ် နည်းနည်းပို တယ်။ မြန်မာငွေနဲ့တွက်ရင် ၉၀၀ လောက် တော့ရှိမယ်ထင်တယ်။ ပြီးခဲ့တဲ့နှစ်က သိပ်မကွာဘူး။ လောလောဆယ်ကတော့ ၁၀၀၊ ၂၀၀ လောက်ကွာနေတယ်။ သူတို့စျေးကွက်က နည်းနည်းသာနေတယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ပြည်တွင်းရော်ဘာစျေးကွက် ကျဆင်းကာ  ရော်ဘာစျေးကွက် တည်ငြိမ်မှု နည်းပါးသဖြင့် ရော်ဘာလုပ်ငန်းလုပ်ကိုင်သူ များအတွက် အဆင်မပြေဖြစ်နေခြင်း၊ တွက် ခြေကိုက်မှုမရှိခြင်းတို့ကြောင့် ရော်ဘာ စိုက် တောင်သူများအနေဖြင့် မိမိတို့၏ ရော်ဘာ ခင်းများအားဂရုတစိုက် လုပ်ကိုင်မှုနည်းပါး လာခဲ့ကြောင်း၊ ဂရုတစိုက်လုပ်ကိုင်မှုအား နည်းလာသဖြင့် ရော်ဘာအရည်အသွေးကျ ဆင်းလာပြီး ပြည်ပဝယ်လိုအားမှာလည်း ပိုမိုကျဆင်းကာ စျေးကောင်းလည်း ပေးဝယ်ခြင်း မရှိတော့ကြောင်း၊ ပြည်တွင်းမှထွက်ရှိသောရော်ဘာများအား တရုတ်နယ်စပ် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်သို့ အများဆုံးတင်ပို့ ရောင်းချကြပြီး၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများ သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ရော်ဘာပင်သည် နှစ်ပေါင်း ၃၀ ခန့်အထိ အစေးခြစ်ထုတ်လုပ်နိုင်သော နှစ်ရှည်အပင်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

Most Read

Most Recent