စစ်ကိုင်း မင်းဝံတောင်ရိုးကို ဘယ်သူဖြိုသလဲ

စစ်ကိုင်း မင်းဝံတောင်ရိုးကို ဘယ်သူဖြိုသလဲ
မင်းဝံတောင် ဘေးမဲ့တောတွင် ကျောက်ကျင်းများ တရားမဝင် တူးဖော်ထားသည်ကို တွေ့ရစဉ်
မင်းဝံတောင် ဘေးမဲ့တောတွင် ကျောက်ကျင်းများ တရားမဝင် တူးဖော်ထားသည်ကို တွေ့ရစဉ်
Published 3 February 2019
စောရန်ပိုင်

အရှေ့အရပ်ဆီမှ ရောင်နီသမ်းသည်နှင့် မင်းဝံတောင်ရိုးအနီး နေ ထိုင်ကြသော အရှေ့တောင်ညို၊ အ နောက်တောင်ညိုစသည့် ကျေးရွာ မှ ဒေသခံများက သံတူရွင်း၊ တောင်း၊ ရေဘူးနှင့် ထမင်းချိုင့်လေးများ ကိုင်ဆောင်ပြီး အဖွဲ့နှင့် သော်လည်းကောင်း၊ တစ်ဦးတည်း သော်လည်းကောင်း စစ်ကိုင်း-မင်းဝံတောင်ရိုးက ကျောက်ဖြူထွက်သည့် နေရာများဆီ တရွေ့ရွေ့ သွားနေသည်မှာ ဆယ်စုနှစ်နှစ်စုပင် ကျော်နေပေသည်။

စစ်ကိုင်း-မင်းဝံတောင်ရိုးဆီကို သူတို့သွားရောက် တူးဖော်နေသည့် ကျောက်များကတော့ ဖားကန့်ဒေသကဲ့သို့ အဖိုးတန် ကျောက်များ မဟုတ်။ မွေးမြူရေးကြက်စာ ကျောက်နှင့် လမ်းခင်းကျောက်များ ဖြစ်သည်။ ကျောက်တူးဖော်ရာတွင် လူအသက်အန္တရာယ်ကိုထိခိုက်စေခြင်းမှာ ဖားကန့်ဒေသကဲ့သို့ ထပ်တူ နီးပါးဟု တွေးဆနေမိသည်။

စစ်ကိုင်းမြို့နယ် တောင်ညို ကျေးရွာမှ ပါယ်ငါးဆယ်ရွာသို့သွား ရာ မင်းဝံတောင်ရိုးတစ်လျှောက် ပေါ်တွင်ဒေသခံများ နှစ်ကာလ ကြာမြင့်စွာ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး ယခု ဆယ်စုနှစ်အတွင်း မူလတစ် ပိုင်တစ်နိုင်တူးဖော်ရာမှ စက်များ အသုံးပြုကာ တူးဖော်လာသော ကြောင့် ကျောက်ကျင်းပြိုကျမှု မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ကန့်သတ်နယ်မြေတွင် ကျောက်တူးဖော်မှုကို လုပ်ကိုင်နေသောအခါ ကျောက်ကျင်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ခဲ့၍ ကျိတ်ဖြေရှင်း ကြသည်မှာလည်း မကြာခဏဖြစ်သည်။

စစ်ကိုင်းတောင်နှင့် မင်းဝံတောင်ရိုးကြားရှိ ဒေသခံများသည် စိုက်ပျိုးစရာမြေ မရှိခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် မင်းဝံတောင်ရိုးပေါ်တွင် တစ်ပိုင်တစ်နိုင် ကျောက်တူးဖော် ရောင်းချခြင်းများ ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရပေသည်။

မင်းဝံတောင်ရိုးပေါ်တွင် ကျောက်ပြာနှင့် ကျောက်ဖြူ နှစ်မျိုးထွက်ရှိပြီး ကျောက်ပြာမှာ လမ်းခင်းသောနေရာတွင် အသုံးပြုပြီး ကျောက်ဖြူကို ကြက်၊ ငါးမွေးမြူရေး အစာအဖြစ် အသုံးပြုကြသည်။

အဆိုပါနေရာများမှာ ကန့်သတ်နယ်မြေဖြစ်ပြီး ကျောက်တူးဖော်နေခြင်းမှာ တရားမဝင်ကြောင်းနှင့် သစ်တောပိုင်နေရာများ ဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက် စာမျက်များတွင် လွန်ခဲ့သည့်နှစ်များစွာက စစ်ကိုင်းမြို့နယ်သစ်တောဦးစီးဌာနက မင်းဝံ တောင်ရိုးပေါ်၌ စက်ယန္တရားများဖြင့် ကျောက်တူးဖော်နေမှုများကို ဖမ်းဆီးနေသော ဓာတ်ပုံများကို မြင်တွေ့ခဲ့ရသည်။

သစ်တောဌာနက ကျောက်တူးဖော်နေမှုများကို မကြာခဏ ဝင်ရောက်ဖမ်းဆီးသော်လည်း ဒေသခံများမှာ ဖမ်းဆီးစဉ် ခဏရပ်ပြီး ကျောက်တူးဖော်မှုကို ဆက်လက်လုပ်ကိုင် နေကြသည်။

“လယ်ယာမြေတွေက အားလုံးအသိမ်းခံခဲ့ရတာ။ အဲဒီတုန်းက လျော်ကြေးအဖြစ် တစ်ဧကကို ၅၀၀၀ ကျပ်ပဲရခဲ့တာ။ လယ်ယာမြေမရှိတော့ ဒီကျောက်လုပ်ငန်းပဲ လုပ်နေရတယ်။ အခြားအလုပ်တွေက အဆင်မပြေဘူးလေ” ဟု တောင်ညိုရွာမှ ကိုကျော်စိုးက ပြောကြားသည်။

လွန်ခဲ့သောနှစ်၂၀ ကျော်ခန့်က ထိုဒေသခံများ၏ လယ်ယာမြေများကို အစိုးရ အဆက်ဆက်က ရပ်ကွက်အသစ်များ ဖော်ဆောင်ခြင်း၊ စက်မှုဇုန်တည်ဆောက်ခြင်း၊ ပညာရေး တက္ကသိုလ် တည်ဆောက်ခြင်းများ အတွက် မြေယာသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့လုပ်ကိုင် စားသောက်ဖို့ မြေယာမရှိတော့သောကြောင့် မင်းဝံတောင်ရိုးတွင် ယခုကဲ့သို့ ကျောက်တူးဖော်မှုပြုလုပ်ရင်း စားဝတ်နေရေး အတွက် လှုပ်ရှားရုန်းကန် ရပ်တည်နေရသည်။

“ဒီအလုပ်မှမလုပ်ရင် အခြားဘာ အလုပ်မှမရှိတာ။ ကျောက်တစ်ကျင်းတူးနိုင်ရင် ရှစ်ထောင်လောက်ရတယ်။ သစ်တောက လာတားတာတွေတော့ရှိတယ်။ သူတို့တားတုန်း မလုပ်ဘဲနေပြီး နောက်ရက်တွေမှာ ပြန်လုပ်ရတာပါပဲ။ ခုလိုကျောက်တူးလာတာ ၁၀ နှစ်ကျော်ပြီ” ဟု ကျောက်တူးဖော်နေသူ တောင်ညိုဒေသခံ တစ်ဦးက ဆိုသည်။

“မိုးတွင်းဆိုနားတယ်။ တခါတလေ တူးစရာကို မလိုဘူး။ အရင်တူးလက်စ နေရာတွေက ပြိုကျတော့ ခေါင်းပေါင်းကျင်းလိုက်ရုံပဲ။ ငလျင်လှုပ်ရင်တော့ မလွယ်ဘူး။ ကျင်းတွေက လိုဏ်တွေချည်းပဲလေ။ ဂရုတော့စိုက်ရတာပေါ့။ အခြားလုပ်စရာမရှိဘူး။ ဒီအလုပ်က မိရိုးဖလာ လုပ်ငန်းတစ်ခုလို ဖြစ်နေပြီ” ဟု တောင်ညိုပါယ်ငါးဆယ်လမ်းဘေးတွင် ကျောက်တူးဖော်နေသူ တစ်ဦးက ဆိုသည်။

လယ်ယာမြေများရှိစဉ်က မိုးနှင့်ဆောင်းတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး နွေရာသီတွင်မင်းဝံ တောင်ရိုးပေါ်တက်ကာ တစ်ပိုင် တစ်နိုင်ကျောက် တူးဖော်ခဲ့ကြပြီး လုပ်ကိုင်စားသောက်စရာ လယ် ယာမြေများမရှိတော့သောအခါ အန္တရာယ်များသည့် ကျောက်တူး ဖော်သည့် လုပ်ငန်းကိုသာ လုပ်ကိုင် ကြ ရသည်။ လွန်ခဲ့သောရှစ်နှစ်ခန့် ကလည်း ကျောက်ဖြူကျင်းတစ်ခု၌ မိုးရာသီကာလတစ်ခုတွင် ကျောက်ကျင်းပြိုကျမှု တစ်ခုဖြစ်ကာ လူအများအပြား သေဆုံးမှု ဖြစ်ပွားခဲ့သောကြောင့် ကျောက်တူးဖော်မှုများကို ပိတ်ပင်ခဲ့သည်။ သို့သော် လပိုင်းအကြာတွင် ပြန်လည်တူးဖော်ခဲ့ကြကြောင်း သိရပြီး ယခုနှစ် ၂၀၁၉ ဇန်နဝါရီ ၂၈ နံနက်ကလည်း မင်းဝံတောင်ဘေးမဲ့တောအတွင်း တရားမဝင် တူးဖော်နေသော ကျောက်ကျင်းတစ်ခု ပြိုကျပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်တင်ထော်လာဂျီနှစ်စီး ပျက်စီးခဲ့သည်။

ကျောက်ကျင်းများကို တရားမဝင်ဟု သတ်မှတ်ထားသော်လည်း မင်းဝံတောင်မှ ထွက်ရှိသော ကျောက်များကို ကြိတ်ခွဲသော ကျောက်စက်လုပ်ငန်းများ၊ မွေးမြူးရေးကြက်စာကျောက် ထုတ်လုပ်သော ကျောက်စက် လုပ်ငန်းများမှာ စစ်ကိုင်းမြို့နယ် ထွဋ်ခေါင်ရွာအနီးမှ ကျောက်တာ၊ ရေခါးသို့သွားရာ လမ်းတစ်လျှောက် အမြောက်အမြား ရှိနေသည်။

“ကျွန်တော်တို့ စည်ပင်သာယာအနေနဲ့ ကျောက်ခွဲစက်တွေကို လုပ်ငန်းလိုင်စင် ချပေးထားပါတယ်။ စုစုပေါင်း ၁၁ ခုရှိပါတယ်။ ကျောက်ထုတ်လုပ်တာတော့ ကျွန်တော်တို့အပိုင်း မဟုတ်တော့ မသိပါဘူး။ လမ်းခင်းဖို့ ကျောက်ကိုလည်း ခုဆိုရင် အုန်းချောဖတ်ပဲ ယူတော့တယ်။ မင်းဝံတောင်က မယူတော့ပါဘူး” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။

ယခုနောက်ပိုင်းတွင် ကျောက်ပြာထုတ်လုပ်မှု လျော့ပါးသွားသော်လည်း ကျောက်ဖြူ (မွေးမြူရေး ကြက်စာကျောက်) ထုတ်လုပ်မှုများ ပိုများလာသည်။ ကြက်စာကျောက် ထုတ်လုပ်သော စက်တစ်စက်လျှင် အလုပ်သမား ၁၀ ဦးမှ ၅၀ ခန့်အထိ လုပ်ကိုင်နေကြောင်း သိရသည်။ ကျောက်ဗြုတ်တစ်အိတ် ၁၅၀၀ ကျပ်၊ ကျောက်မှုန့်တစ်အိတ် ၅၀၀ ကျပ်ဖြင့် စီပီကုမ္ပဏီနှင့် မန္တလေးရှိ မွေးမြူရေးအစာ ပြုလုပ်ရောင်းချသော ဆိုင်များသို့ တင်သွင်းရောင်းချ လေ့ရှိသည်။

“ကျောက်တစ်ကျင်းကိုစက် အရောက် ၁၈၀၀၀၊ ၂၀၀၀၀ ပေး ရတယ်။ တစ်ကျင်းကိုအချိန် ၃၀ ပါ ကျောက်ဗြုတ် ၃၀ အိတ်နဲ့ ကျောက် မှုန့် ၁၅ အိတ် ထွက်ပါတယ်။ ဗြုတ်ကတော့ ကြက်စာအတွက်။ အမှုန့်ကတော့ ငါးစာနဲ့ အဆင့်မြင့်ထုံးလုပ်တဲ့ နေရာတွေမှာ သုံးကြတယ်” ဟု အရှေ့တောင်ညိုရွာမှ ကြက်စာကျောက် ထုတ်လုပ်နေသော ကျောက်စက်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မင်းဝံတောင်ရိုးရှိ ကျောက်တူးဖော်နေမှုများကို သတ်ဆိုင်ရာ အာဏာပိုင်များက တရားမဝင်ဟု သတ်မှတ်ထားသော်လည်း ကျောက်ဖြူကျင်းကြီး ၁၀ ကျင်းမှ ကျောက်များတူးဖော် ရောင်းချနေကာ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ယခုအချိန်အထိ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြဆဲဖြစ်သည်။ ကျောက်ကျင်းများကို တရားမဝင်ဟု သတ်မှတ်ထားသော်လည်း ကျောက်စက်လုပ်ငန်းများကို တရားဝင် လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် ချထားပေးခြင်းသည်လည်း ဆီလျော်မှု မရှိသည်ကိုလည်း တွေ့မြင်ရသည်။ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ စွာရှိနေသော ကျောက်တူးဖော်မှု လုပ်ငန်းများသည် တရားမဝင်လုပ်ငန်း ဖြစ်နေခြင်းကြောင့် သက်ဆိုင် ရာက တားဆီးခြင်း၊ ကျောက်ကျင်း များကို ပိတ်ပစ်ခြင်းများ ပြုလုပ်သောအခါ မင်းဝံတောင်မှထွက်သော ကျောက်ကို အဓိက ကုန်ကြမ်းအဖြစ် ရယူနေရသော ကျောက်စက်လုပ်ငန်းများပါ ဆက်စပ်ထိခိုက်လာရသည်။

အဆိုပါ ကျောက်စက်များတွင် လုပ်ကိုင်နေရသော အလုပ်သမားများလည်း အခက်အခဲ ကြုံတွေ့ရခြင်းမျိုးလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

“မင်းဝံတောင် ဘေးမဲ့တော ဧရိယာပြန်လည်ပြင်ဆင်ဖို့ လွန်ခဲ့တဲ့နှစ်က ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ရယ်၊ မြေစာရင်း၊ ထွေအုပ်တို့နဲ့ ကွင်းဆင်းပြီး ပယ်ဖျက် ဧရိယာ ၃၆၆၅၁ ဧက တွေ့ရှိပြီး ပြန်လည်ပြင်ဆင်မယ့်ဧရိယာ ၁၄၂၂၃ ဧကကို ရုံးချုပ်ကို တင်ပြခဲ့ ပါတယ်။ အသစ်ပြန်လည်သတ် မှတ်မယ့်ဧရိယာထဲမှာ လယ်ယာ မြေနဲ့ ကျောက်လုပ်ကွက်တွေရှိနေသေးတဲ့အတွက် စာရင်းပြန် ကောက်နေပါတယ်။ လောလောဆယ် လယ်ယာမြေဧက ၃၀၀၀ ကျော်နဲ့ ကျောက်လုပ်ကွက် ၄၁ ဧက တွေ့ရှိထားပါတယ်။ ဘေးမဲ့တောအဖြစ် ပြန်လည်ပြင်ဆင်ပြီး ရင် လယ်ယာမြေနဲ့ ကျောက်လုပ်ကွက်တွေကို ထပ်မံတိုးချဲ့ခွင့် မပေးတော့ပါဘူး။ တားမြစ်ချက်ကို မလိုက်နာရင် သစ်တောဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ် သစ်တောဦးစီးမှူး ဦးညွန့်လှိုင်က ၂၀၁၈ ခုနှစ် မေလက ပြောကြားခဲ့သည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော အတွင်းရှိ ကျောက်ဖြူကျင်း ဧရိယာ ဧက ၄၀ ကျော်ကို ဥပဒေနှင့်အညီ ကျောက်တူးဖော်ခွင့် ရရှိစေရန် စစ်ကိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းမှုများ ယခုနှစ်တွင် လုပ်ဆောင်နေကြောင်း စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ယခုနှစ် ဇန်နဝါရီ ၂၈ ရက်က ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် နည်းလမ်းတစ်ခုရှာဖွေပြီး မင်းဝံတောင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် ပြုလုပ်ခြင်းနှင့် ဒေသခံလူထု၏ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ဖော်ဆောင်ပေးခြင်းအားဖြင့် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်၏ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ကာကွယ်ထိန်းသိမ်းနိုင်မည် ဖြစ်ပေတော့သည်။                               

 

Most Read

Most Recent