ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အနေဖြင့် နိုင်ငံခြားဘဏ်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်နိုင်သည်ဟု နိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြု

ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အနေဖြင့် နိုင်ငံခြားဘဏ်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်နိုင်သည်ဟု နိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြု
ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
Published 1 February 2019
စည်သူအောင်

ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အနေဖြင့် နိုင်ငံခြားဘဏ်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်၏ ခွင့်ပြုချက်နှင့်အညီ လက်ခံဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်နေ့စွဲဖြင့် အမှာစာ ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံခြားဘဏ်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု (Equity Investment) ၃၅ ရာခိုင်နှုန်းအထိ လက်ခံ ဆောင်ရွက်နိုင်ကြောင်း နှင့် ယင်းသို့ ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြရန် အမှာစာ ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့ တင်ပြရာတွင် နှစ်ဦးနှစ်ဖက် သဘောတူထားသည့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှု အချိုးအစား (Equity Investment Ration) ၊ စည်းမျဉ်းစည်းကမ်းများ (Terms & Conditions) ကို ဖော်ပြ၍ သဘောတူစာချုပ် မိတ္တူနှင့်အတူ အခြားလိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများကိုပါ ပူးတွဲတင်ပြရန် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် ပြည်တွင်းတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်  ရရှိသည့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ သို့မဟုတ် Subsidiary များနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှု (Equity Investment) ဆောင်ရွက်လိုပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၆၁ ပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (က) တွင် ဘဏ်တစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အောက်ပါအတိုင်း အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း ပြုနိုင်သည်။ (၁) အခြားဘဏ် တစ်ခုတွင် အဆိုပါဘဏ်၏ မတည်ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ၊ (၂) ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် အဆိုပါ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း မတည်ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ ဖြစ်သည်။

ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (ခ) တွင် ပုဒ်မ ၆၀၊ ပုဒ်မခွဲ (ခ) ပါ ကန့်သတ်ချက်တွင် အကျုံးမဝင်သော အချက်များ ထည့်သွင်းထားသည်။ ယင်းအချက်များမှာ (၁) တာဝန်ခံ၍ ရောင်းချခြင်း သို့မဟုတ် တစ်ဆင့်တာဝန်ခံ၍ ရောင်းချခြင်း စာချုပ်တစ်ရပ်ရပ်အရ အလုပ်လုပ်ရက် ခုနစ်ရက်ထက် မပိုသော ကာလအတွက် သို့မဟုတ် ဗဟိုဘဏ်က အတည်ပြုသည့် အခြားထပ်တိုးကာလ တစ်ခုခုအတွက် ဘဏ်က ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ ရှယ်ယာတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊ (၂) ဘဏ်၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ သို့မဟုတ် ဤ ဥပဒေ အခန်း (၁၄) နှင့် (၁၅) တို့အရ အခြားဘဏ်တွင် ဗဟိုဘဏ်က အတည်ပြုပေးသည့် ရှယ်ယာကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊ (၃) ဘဏ်တစ်ခုသို့ ပေးရန်စေ့ရောက်သည့် ကြွေးမြီ တစ်ရပ်ရပ်အတွက် ပေးချေသည့် ရှယ်ယာအား လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း တစ်ရပ်ရပ်ရှိပါက အဆိုပါ ရယူခြင်း၊ လက်ဝယ်ထားရှိခြင်းကို ဗဟိုဘဏ်သို့ စာဖြင့် အကြောင်းကြားရန်ဖြစ်ပြီး အဆိုပါရယူသည့် နေ့မှစ၍ နှစ်နှစ်အတွင်း ရောင်းချရမည်တို့ ဖြစ်သည်။

ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ (ဂ) တွင် ဤပုဒ်မအရ အစုရှယ်ယာများကို ရယူသော သို့မဟုတ် လက်ဝယ်ထားရှိသော ဘဏ်တစ်ခုခုသည် သက်ဆိုင်ရာတို့က အချိန်မရွေး စစ်ဆေးနိုင်ရန် အဆိုပါ ရယူထားသော သို့မဟုတ် လက်ဝယ်ထားရှိသော ရှယ်ယာများကို သီးခြား မှတ်တမ်းဖြင့် ထိန်းသိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ (ဃ) တွင် ဗဟိုဘဏ်သည် အောက်ပါတို့အတွက် စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယင်းအချက်များမှာ (၁) ဘဏ်က စီးပွားရေးလုပ်ငန်း တစ်ခုတွင် အစုရှယ်ယာ ပါဝင်ခြင်း၊ ရယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ (၂) အဆိုပါ ဘဏ်တစ်ခုက ရယူထားသော၊ လက်ဝယ်ရှိသော စုစုပေါင်း အစုရှယ်ယာများ၏ တန်ဖိုးပမာဏနှင့် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ရယူပိုင်ဆိုင်နိုင်သော သဘောသဘာဝနှင့် အများဆုံး တန်ဖိုးပမာဏတို့ ဖြစ်သည်။

ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ (င) တွင် ဤပုဒ်မ၏ ပြဋ္ဌာန်းချက်များကို ဖြစ်စေ၊ စည်းမျဉ်းများကို ဖြစ်စေ ဘဏ်တစ်ခုခုက ဖောက်ဖျက်လျှင် ဗဟိုဘဏ်သည် အဆိုပါဘဏ်အား ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း တစ်ခုတွင်ဖြစ်စေ အစုရှယ်ယာများ ပမာဏတိုးမြှင့်မှုကို တားမြစ်ခြင်း၊ ဘဏ်အား ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခု လက်ဝယ်ရှိသည့် အစုရှယ်ယာများ ပမာဏကို သတ်မှတ်ထားသည့်အချိန်အတွင်း လျှော့ချရန် သို့မဟုတ် သတ်မှတ်ထားသည့် ကန့်သတ်ချက် ပမာဏအထိ ထားရှိရန် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

Most Read

Most Recent