Invest Myanmar Summit တွင် ဒေါ်လာဘီလျံ ၂၀ ကျော်တန်ဖိုးရှိ ဒေသဆိုင်ရာနှင့် ပုဂ္ဂလိကစီမံကိန်း ၂၀၀ ကျော်ပါဝင်ပြသ

Invest Myanmar Summit တွင် ဒေါ်လာဘီလျံ ၂၀ ကျော်တန်ဖိုးရှိ ဒေသဆိုင်ရာနှင့် ပုဂ္ဂလိကစီမံကိန်း ၂၀၀ ကျော်ပါဝင်ပြသ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကို တွေ့ရစဉ်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကို တွေ့ရစဉ်
Published 29 January 2019
နီလာ

လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံး အချိန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တာဝန်ရှိသူများက ပြောကြားခဲ့ကြပြီး နှစ်ရက်တာကျင်းပသည့် Invest Myanmar Summit 2019 တွင် ဒေါ်လာဘီလျံ ၂၀ ကျော်တန်ဖိုးရှိ ဒေသဆိုင်ရာနှင့် ပုဂ္ဂလိကစီမံကိန်း ၂၀၀ ကျော်ပြသခဲ့ကြောင်း Invest Myanmar Summit 2019 အခမ်းအနားမှ သိရသည်။

“ယခုအချိန်ဟာ ကျွန်မတို့အားလုံးရဲရင့်ပြီး ရည်မှန်းချက်ကြီးကြီးထားရတော့မယ့် အချိန်ပဲဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “ကျွန်မတို့အနေနဲ့ မကြာသေးမီ နှစ်များကပင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသလို သိသာထင်ရှားမှုမရှိသော် ငြားအရေးပါသော ပြုပြင်ပြောင်းလဲမှုများကိုလည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုအားလုံးရဲ့ အဓိကရည်ရွယ်ချက်မှာ ဘက်စုံစီးပွားရေးစနစ် တိုးတက်မှုကိုဦးတည်သည့် စျေးကွက်စီးပွားရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့်ညီညွတ်သော ပတ်ဝန်းကျင်တစ်ရပ်ကို ပိုမိုစနစ်ကျစေရန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးကိုအခြေပြု၍ လိုအပ်သော ပြုပြင်ပြောင်းလဲဖွဲ့စည်းမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုအချိန်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရေးပါသည့် အလှည့်အပြောင်းတစ်ခုမှာ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ တန်ဖိုးများကိုယုံကြည်လာအောင် စည်းလုံးညီညွတ်မှုရှိသည်ကို ပြသရမည်ဖြစ်ကြောင်း၊ အရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုစုစည်းပြီး ယင်းတို့တွင်ရှိသည့် ရင်နှီးမြှုပ်နှံနိုင်သည့် စီမံကိန်းများကို ချပြခြင်းကစည်းလုံးညီညွတ်မှု၏ ပြယုဂ်ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူအများအပြား တက်ရောက်သောပွဲဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၎င်းတို့ဒေသအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများနှင့် ဒေသလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးအခြေအနေတိုးတက်လာရန်နှင့် ကဏ္ဍအလုံးစုံတို့တွင် တိုးတက်ရေးအတွက် စီမံကိန်းများကိုပြသရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

“ဥပမာ-လူတော်တော်များများ ကျွန်တော်တို့ဒေသရဲ့ အခြေခံအဆောက်အအုံများဖြစ်တဲ့ ရေကြောင်းဆိပ်ကမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ရခိုင်ပြည်နယ်အတွက် အရေးပါသော အခြားသောလုပ်ငန်းများ တိုးတက်ရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းမှုများကို သိကြသေးမည်မဟုတ်ပါ”ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) တို့ အား အဓိကရေးသားဖွဲ့စည်းသူများ၏ အတွေ့အကြုံနှင့် အသိပညာပေးဆွေးနွေးမှုများလည်း Invest Myanmar Summit 2019 ၏ အခြားအရေးပါသော အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) သည် အရေးပါသောစီမံကိန်းအားလုံး၏ အချက်အလက်များအား တစ်နေရာတည်းတွင် စုဆောင်းထားရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတော် အစိုးရ၏ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် MSDP တို့အား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ နှင့် ပုဂ္ဂလိက ကဏ္ဍများက ပူးပေါင်းဆောင်ရွက်သည့် Invest Myanmar Summit 2019 သို့ တက်ရောက်သူ ၁၆၀၀ နီးပါးရှိကြောင်း သိရသည်။

 

Most Read

Most Recent