ဗင်နီဇွဲလားတွင် စစ်သားများ ပုန်ကန်မှုဖြစ်ပွားပြီး တရားရုုံးချုပ်က အတိုက်အခံလွှတ်တော်ကို ဝေဖန်ပြစ်တင်

ဗင်နီဇွဲလားတွင် စစ်သားများ ပုန်ကန်မှုဖြစ်ပွားပြီး တရားရုုံးချုပ်က အတိုက်အခံလွှတ်တော်ကို ဝေဖန်ပြစ်တင်
ဇန်နဝါရီ ၂၁ ရက်တွင် မြို့တော် ကာရာကတ်စ်အနီး ကိုတီဇာဒေသတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို တွေ့ရစဉ်
ဇန်နဝါရီ ၂၁ ရက်တွင် မြို့တော် ကာရာကတ်စ်အနီး ကိုတီဇာဒေသတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို တွေ့ရစဉ်
Published 22 January 2019
Ref : AP

ဗင်နီဇွဲလားတွင် ဇန်နဝါရီ ၂၁ ရက် အရုဏ်မတက်မီက အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ၏ အုံကြွမှုကို လုံခြုံရေးတပ်များက နှိမ်နင်းခဲ့ရပြီးနောက် လမ်းပေါ်ထွက် အကြမ်းဖက်ဆန္ဒပြမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ် တရားရုံးချုပ်က အတိုက်အခံတို့ ထိန်းချုပ်ထားသော လွှတ်တော်၏ ခေါင်းဆောင်သစ်ကို အားလျော့စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ၏ ကသောင်းကနင်းအခြေအနေတို့မှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။

သမ္မတနီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချရန် အတိုက်အခံများ၏ ကြိုးပမ်းမှု အရှိန်ပြန်ရလာစဉ် ယခုကဲ့သို့ တပ်တွင်းပုန်ကန်မှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုတပ်အုံကြွမှုသည် ဗင်နီဇွဲလားသမ္မတနန်းတော်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ဆင်းရဲသားရပ်ကွက်တစ်ခု၌ ဆန္ဒပြမှုများကိုလည်း ဖြစ်စေခဲ့သည်။ အမှိုက်များကို မီးရှို့ပြီး မာဒူရိုရာထူးမှဆင်းရန် သံပြိုင်ဟစ်ကြွေးခဲ့ကြသော ဆန္ဒပြပွဲများသည် မျက်ရည်ယိုဓာတ်ငွေ့များဖြင့် နှိမ်နင်းခံခဲ့ရသည်။

စစ်တပ်၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၂၀ မိနစ်က မြို့တော် ကရာကတ်စ်၏ အနောက်ပိုင်းရှိ ရဲဌာနမှ အကြီးအကဲကို အစောင့်တပ်သား အုပ်စုငယ်တစ်စုက ဓားစားခံအဖြစ် ဖမ်းဆီးခဲ့သည်။ ယင်းနောက် ထိုအုပ်စုသည် စစ်တပ်ထရပ်ကားနှစ်စီးဖြင့်  ဆင်းရဲသားရပ်ကွက် ပီတာရီသို့ သွားရောက်ခဲ့ပြီး ယင်းနေရာရှိ နောက်ထပ်စခန်းတစ်ခုမှ လက်နက်အများအပြားကို ခိုးယူခဲ့သည်ဟု သိရသည်။

သို့သော် ခဏအတွင်းမှာပင် သမ္မတနန်းတော်မှ နှစ်မိုင်အကွာရှိ အမျိုးသား အစောင့်တပ်စခန်း၌ စစ်သား ၂၅ ဦးကို ဖမ်းဆီးမိပြီး အခြားနေရာတစ်ခုတွင် နောက်ထပ်နှစ်ဦးကို ထပ်မံဖမ်းဆီးမိခဲ့သည်ဟု အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

ယင်းမတိုင်မီ နာရီအနည်းငယ်အလိုက လက်နက်ကြီးများ ကိုင်ဆောင်ထားသော အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တစ်စုက မာဒူရိုအစိုးရကို အသိအမှတ်မပြုသည့်အကြောင်း ဗီဒီယိုများကို လူမှုမီဒီယာများပေါ်တွင် တင်ခဲ့သည်။ ထိုဗီဒီယိုတစ်ခုတွင် မိမိကိုယ်ကိုယ် ဆာဂျင်အလက်ဇန္ဒားဘန်ဒရာဖီဂါရိုအာဟု ဆိုသော အမျိုးသားတစ်ဦးက ၎င်းတို့၏ ပုန်ကန်မှုကို ထောက်ခံကြောင်းပြသရန် လမ်းပေါ်ထွက် ဆန္ဒပြကြရေးအတွက် တိုက်တွန်းခဲ့သည်။  ထိုနေ့နံနက်ပိုင်းတွင် ကိုတီဇာရပ်ကွက်၌ မျက်နှာကို အဝတ်ဖြင့်စည်းထားပြီး အကျႌမဝတ်ထားသော လူငယ်တစ်စုနှင့် ဒေါသထွက်နေသော အမျိုးသမီးတစ်စုတို့က လမ်းပေါ် ထွက်လာကြခြင်းဖြစ်သည်။

နောက်ထပ်နာရီအနည်းငယ်ကြာပြီးနောက် မာဒူရိုအစိုးရကို တရားမဝင်ဟု ကြေ ညာထားသော အတိုက်အခံထိန်းချုပ်ထားသည့် အမျိုးသားလွှတ်တော်၏ မကြာသေးမီက လုပ်ဆောင်ချက်များကို ပယ်ချကြောင်း တရားရုံးချုပ်က ကြေညာခဲ့သည်။ ထိုလွှတ်တော်ခေါင်းဆောင်သစ်ကိုယ်တိုင်မှာ တရားဥပဒေနှင့်မညီဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး ယင်းခေါင်းဆောင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်နေခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ရှေ့နေချုပ်ကိုလည်း တိုက်တွန်းခဲ့သည်။

ပြည်ပနိုင်ငံ ဒါဇင်ပေါင်းများစွာသည် မာဒူရိုအစိုးရကို အသိအမှတ်မပြုကြဘဲ  အချို့ကမူ လွတ်လပ်ပြီးမျှတသော ရွေးကောက်ပွဲ မကျင်းပမီအချိန်အထိ အမျိုးသားလွှတ်တော်ခေါင်းဆောင်သစ် ဟွမ်ဂွါဒိုကို ကြားဖြတ်သမ္မတ သစ်အဖြစ် အသိအမှတ်ပြုရန် အသင့်ဖြစ်နေကြောင်းဆိုကြသည်။                       

 

Most Read

Most Recent