တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ ဖျက်သိမ်းခဲ့သော်လည်း တရုတ်လူဦးရေတိုးတက်မှု နှေးကွေးခဲ့

တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ ဖျက်သိမ်းခဲ့သော်လည်း တရုတ်လူဦးရေတိုးတက်မှု နှေးကွေးခဲ့
 ဇန်နဝါရီ ၁၉ ရက်တွင် တရုတ်အလယ်ပိုင်း အန်ဟွေးပြည်နယ်၌ ဆေးရုံတစ်ရုံတွင် မွေးကင်းစကလေးများအား ကြည့်ရှုစစ်ဆေးနေစဉ် Photo - AP
ဇန်နဝါရီ ၁၉ ရက်တွင် တရုတ်အလယ်ပိုင်း အန်ဟွေးပြည်နယ်၌ ဆေးရုံတစ်ရုံတွင် မွေးကင်းစကလေးများအား ကြည့်ရှုစစ်ဆေးနေစဉ် Photo - AP
Published 21 January 2019
Ref: AFP

တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒကို ဖျက်သိမ်းခဲ့သော်လည်း ယမန်နှစ်က တရုတ်လူဦးရေတိုးတက်မှုသည် နှေးကွေးခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းများက ဖော်ပြခဲ့သည်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ တရုတ်တွင် အားသစ်လောင်းရန် ကြိုးပမ်းသည့်အနေဖြင့် တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကို ၂၀၁၆ ခုနှစ်တွင် တရုတ်က လျှော့ပေါ့ပေးခဲ့သည်။

လူဦးရေ ၁.၄ ဘီလျံနီးပါးရှိသော တရုတ်တွင် ထိုအပြောင်းအလဲသည် တရုတ်စုံတွဲများအား ကလေးပိုယူရန်အတွက် အားပေးခဲ့ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ဆိုခဲ့သည်။ မြို့ပြဆန်လာခြင်းနှင့် ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး စီးပွားရေး တရုတ်တွင် လူနေမှုစရိတ်မြင့်မားခြင်းတို့ကြောင့် တရုတ်မိသားစုများသည် ကလေးယူရန် တွန့်ဆုတ်နေကြသည်။

ဆယ်စုနှစ်ချီကြာမြင့်တဲ့ လူမှုရေးနဲ့ စီးပွားရေးအသွင် ပြောင်းလဲမှုတွေကြောင့် တရုတ်မှာ မျိုးဆက်သစ်တစ်ခု လုံးလုံးလျားလျားပေါ်ထွန်းလာခဲ့ပြီး သူတို့မိဘမျိုးဆက်တုန်းကလို ကလေးမွေးတာ၊ အိမ်ထောင်ပြုတာဟာ အဲဒီမျိုးဆက်အတွက် အရေးမကြီးဘူး ဖြစ်လာပါတယ်” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လူမှုရေးဆိုင်ရာပါမောက္ခ ဝမ်ဖန်းက ပြောကြားလိုက်သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်၌ ကလေး ၁၅.၂ သန်း မွေးဖွားခဲ့ပြီး ယခင်တစ်နှစ်ကထက် နှစ်သန်း လျော့ကျသွားခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများတွင် ဖော်ပြခဲ့သည်။ လူ ၉.၉၃ သန်း သေဆုံးခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင် လူဦးရေတိုးတက်မှုနှုန်းသည် ၁၀၀၀ လျှင် ၃.၈၁ ဦးနှုန်းရှိခဲ့ပြီး ယခင်တစ်နှစ်က ထက်ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် လူဦးရေ တိုးတက်မှုသည် တရုတ်သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်ပိုင်း ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။ သို့သော် တရုတ်၏ လူဦးရေသည် ၂၀၁၈ ခုနှစ်တွင် ၅.၃ သန်း တိုးတက်ခဲ့ပြီး ၁.၃၉၅ ဘီလျံအထိ  ရှိခဲ့သောကြောင့် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

အသက် ၁၆ နှစ်မှ ၅၉ နှစ်အတွင်း တရုတ်လုပ်သားထုသည် ယမန်နှစ်က ၈၉၇.၃ သန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၄.၇ သန်း ကျဆင်းခဲ့ကြောင်း စာရင်းအင်းဗျူရို၏ ကိန်း ဂဏန်းများက ဆိုသည်။ မွေးဖွားနှုန်းနိမ့်ကျမှုသည် သက်ကြီးရွယ်အိုများအတွက် သက်ရောက်မှု ကြီးမားခဲ့သည်။ မိသားစုများ ပို၍ သေးငယ်လာကာ သက်ကြီးရွယ်အိုများကို စောင့်ရှောက်နိုင်မှုကျဆင်းခဲ့ပြီး လုပ်သားထုအတွင်း သက်ကြီးလူဦးရေကိုလည်း ပိုမိုများပြားစေခဲ့ကြောင်း၊ အလုပ်လုပ်နိုင်သော လူဦးရေကို ဝန်ထုပ်ဝန်ပိုး ကြီးမားစေခဲ့ကြောင်း ကွမ်တုံပြည်နယ်တွင် အခြေစိုက်သော လူမှုပထဝီဝင်ရေးရာကျွမ်းကျင်သူ ဟေယာဖူက ပြောကြားခဲ့သည်။                   

 

Most Read

Most Recent