တရုတ်နိုင်ငံဘက်က ဝယ်လိုအား ကျဆင်းနေသည့်အတွက် လာမည့်မတ်လကုန်အထိ ဆန်တန်ချိန် ၂ ဒသမ ၂ သန်းသာ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၁ ဒသမ ၄ သန်းခန့် လျော့ကျမည်ဟုဆို

တရုတ်နိုင်ငံဘက်က ဝယ်လိုအား ကျဆင်းနေသည့်အတွက် လာမည့်မတ်လကုန်အထိ ဆန်တန်ချိန် ၂ ဒသမ ၂ သန်းသာ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၁ ဒသမ ၄ သန်းခန့် လျော့ကျမည်ဟုဆို
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 20 January 2019
ဇေယျာငြိမ်း

တရုတ်နိုင်ငံဘက်က ဝယ်လိုအား ကျဆင်းနေသည့်အတွက် လာမည့်မတ်လကုန်အထိ ဆန်တန်ချိန် ၂ ဒသမ၂ သန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ်ကာလတူထက် ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၄ သန်းခန့် လျော့ကျမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

“သေချာတာကတော့ ဒီနှစ်ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆ သန်းကို မမီဘူး။ အခုလက်ရှိနှုန်းနဲ့ ဒီဇင်ဘာ အထိမှာ ၁ ဒသမ ၇ သန်းတန်ချိန်လောက်ပို့ ထားတဲ့အနေအထားမှာရှိတယ်။ ဒီနှုန်းအ တိုင်းဆက်သွားရင် ၂ ဒသမ ၂  သန်းကို မနည်း မီအောင်ပို့ရမှာ။ လာမယ့်မတ်လကုန်အထိ ပေါ့။ ၂ ဒသမ ၂ သန်းလောက်မှာဆိုရင် ပြီးခဲ့ တဲ့နှစ်က ၃ ဒသမ ၆ သန်းနဲ့ဆိုရင် ၁ ဒသမ ၄ ကနေ ၁ ဒသမ ၆ လောက်အထိ ကျသွားနိုင်တယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်၌ အဖမ်းအဆီးများကြောင့် တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဝယ်ယူမှု လျော့ကျနေပြီး ယခင်နှစ်များထက် ထက်ဝက်ခန့် တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည် အမျိုးအစား (၁၆ မီလီမီတာအထက်) ဆန်များကို ဇန်နဝါရီ ၈ ရက်မှစ၍ သုံးနှစ်အထိ အခွန်ပြန်လည် ကောက်ခံမည်ဖြစ်သဖြင့် အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် EU သို့ ဆန်တင်ပို့မှုလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော တရုတ်စျေးကွက်နှင့် အီးယူစျေးကွက်သို့ ဆန်တင်ပို့မှုသည် ယခင်နှစ်များထက် လျော့ကျမည်ဖြစ်သဖြင့် ပြည်ပဆန်တင်ပို့မှုမှာလည်း လျော့ကျလာနိုင်ကြောင်း သိရသည်။

“ဒီရဲ့အကျိုးဆက်က ဘယ်ကိုလာမလဲဆိုရင် လာမယ့်နွေစပါးပေါ်မယ့် ရာသီမှာ ရိုက်ခတ်မှုရှိလာမယ်။ အနည်းနဲ့ အများတော့ ရှိမယ်။ အနည်းဆုံး ရာခိုင်နှုန်း ၅၀ လောက် ထိခိုက်မယ့် အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ၊ အာဖရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင် ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန်ရှစ်သိန်းကျော် လျော့ကျသဖြင့် ဝင်ငွေ ဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇၁၇ သန်းကျော်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိ ထားပြီး ယခင်နှစ် ကာလတူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော်တင်ပို့မှုမှ အမေရိ ကန်ဒေါ် လာ ၇၈၉ ဒသမ ၇၈၀ သန်းရရှိထားသည်။

ထို့ကြောင့် ယခုကိုးလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၈၂၄,၅၁၃ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၉၇၅ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

Most Read

Most Recent