ပြင်သစ်-အယ်ဂျီးရီးယားစစ်ပွဲနောက်ခံရုပ်ရှင်

ပြင်သစ်-အယ်ဂျီးရီးယားစစ်ပွဲနောက်ခံရုပ်ရှင်
Photo - AP
Photo - AP
Published 15 January 2019
မြတ်သစ်

ပြင်သစ်ရုပ်ရှင်၏ အမြင့်ဆုံးဆုဆိုရမည့်  ဆီဇာဆုမှာ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပေးသောဆုဖြစ်သည်။ ယင်းဆီဇာဆုမှာ ပြဇာတ်ထူးချွန်ဆုဖြစ်သော မိုလျဲဆုနှင့် တစ်တန်းစားတည်းရှိသည်။ ပြင်သစ်ရုပ်ရှင်နှင့် ပြဇာတ်ဇာတ်ညွှန်းရေးဆရာ အေဗဒယ်ရာအုဒါဖရီမှာ ဆီဇာဆုကို ဇာတ်ညွှန်းဖြင့် ဆွတ်ခူးခဲ့သူဖြစ်သည်။ အယ်ဂျီးရီးယား မိသားစုမှ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့တွင် ၁၉၆၄ ခုနှစ် သြဂုတ် ၁၃ ရက်၌ မွေး ဖွားခဲ့သည့် သူ၏ ပထမဆုံးရုပ်သံဇာတ်လမ်း မှာ La Commune ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သည်။

အယ်ဂျီးရီးယားပြည်သူတို့သည် ပြင်သစ်နိုင်ငံ လက်အောက်မှနေ၍ လွတ်မြောက်ရေးအတွက် ၁၉၅၄ မှသည် ၁၉၆၂ ခုနှစ်ထိ တော်လှန်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းတော်လှန်မှုကို အယ်ဂျီးရီးယားစစ်ပွဲဟုလည်း ခေါ်ဆိုခဲ့ကြသည်။ အယ်ဂျီးရီးယားစစ်ပွဲနှင့်ပတ်သက်၍ ဇာတ်ညွှန်းရေးဆရာ ဒါဖရီက ဒါရိုက်တာအဖြစ် ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးလျက်ရှိသည်။ ရုပ်ရှင်ကားအမည်မှာ The Breitner Commando ဖြစ်သည်။

၂၀၀၉ ခုနှစ်က A Porphet ရုပ်ရှင်ကား၏ ဇာတ်ညွှန်းကို ဒါဖရီက ရေးသားခဲ့ပြီး အော်စကာဆုရွေးချယ်သည့် စာရင်းထဲတွင် ပါဝင်ခဲ့သည်။ ယခုအခါ သူသည် ပြင်သစ်ကိုလိုနီနယ်ချဲ့တို့က အယ်ဂျီးရီးယားနိုင်ငံကို ဝင်ရောက်ကျူးကျော်မှုနှင့်ပတ်သက်၍ မိမိအမြင်များကို ဖော်ထုတ်ပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးနေခြင်းဖြစ်သည်။

ဇာတ်လမ်းမှာ ၁၉၅၉ ခုနှစ်၌ ဗိုလ်မှူးကြီး Breitner သည် လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့ရသည်။ သူ့တာဝန်မှာ အယ်ဂျီးရီးယားစစ်ပွဲကာလ၌ ပျောက်ဆုံးခဲ့သော ဗိုလ်မှူးကြီး Delignieres ကိုရှာဖွေရန်ဖြစ်သည်။ Breitner နှင့်အတူ ကယ်ဆယ်ရေးတာဝန်ကို ပြစ်ဒဏ်ကျူးလွန်ထားသူ လူငါးယောက် ပါဝင်ခဲ့ကြပြီး သူတို့၏ စစ်ဆင်ရေးအောင်မြင်ခဲ့ပါက ၎င်းတို့ကို ပြစ်ဒဏ်မှ လွတ်မြောက်စေမည်ဟူသော ကတိကို ပေးထားခဲ့သည်။

ပြင်သစ်တို့၏ ကိုလိုနီဘဝကျရောက်ခဲ့ရသော အယ်ဂျီးရီးယားပြည်သူများ၏ သွေးထဲ၌ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုများကို ဆန့်ကျင်လိုသည့်စိတ်များ ကိန်းအောင်းနေသည်ဟု ဒါဖရီက ပြောကြားခဲ့သည်။

“ဒုတိယကမ္ဘာစစ်အကြောင်း ရုပ်ရှင်ရိုက်ကူးမည်ဆိုပါက မည်သူတွေသည် လူကောင်းများဖြစ်သည်ဆိုသောအချက်ကို သိထားပြီးဖြစ်သည်။ သို့သော် အယ်ဂျီးရီးယားတွင် ဖြစ်ပွားသော စစ်ပွဲမှာရှုပ်ထွေးမှုများရှိနေပြီး မည်သူတစ်ဦးတစ်ယောက်မျှ လူကောင်းများ မဟုတ်ကြပေ” ဟု ဒါဖရီက ပြောကြားခဲ့သည်။

ရုပ်ရှင်ကားအစမှာ အယ်ဂျီးရီးယားရွာသားသုံးဦးသည် ပြင်သစ်စစ်သားများ၏ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသည်။ ယင်းကဲ့သို့ နှိပ်စက်ပြီးမေးမြန်းမှုမှာ ပြင်သစ်လက်ယာစွန်း ပါတီဖြစ်သော အမျိုးသားတပ်ဦးပါတီမှ ဂျောန်မာရီလီပင်းက ဂုဏ်ယူဝံ့ကြွားစွာပါဝင်မည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်ကမှ ပြင်သစ်အစိုးရက ဖမ်းဆီးမိသော လက်နက်ကိုင် တော်လှန်ရေးသမားများကို ယင်းကဲ့သို့ ညှဉ်းပန်းနှိပ်စက်ပြီး မေးခွန်းထုတ်ခြင်းဖြစ်ကြောင်းနှင့် ယင်းလုပ်ဆောင်ချက်မှာ အယ်ဂျီးရီးယားစစ်ပွဲကာလ၌ အစိုးရအနေဖြင့် ပုံမှန်လမ်းကြောင်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုပ်ရှင်ကားထဲ၌ ပါရှိသော အကြမ်းဖက်မှုများမှာ အမှန်တရားအပေါ်တွင် အခြေခံထားကြောင်း ဒါဖရီက ပြောကြားခဲ့သည်။ ရုပ်ရှင်ကားထဲတွင် အဓိကဇာတ်ကောင်မှာ  သာမန်တပ်သားလေးတစ်ဦးဖြစ်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၌ ပြင်သစ်ကိုလိုနီတပ်ဖွဲ့ဝင်များ အရှုံးကြီးရှုံးနိမ့်ခဲ့ရစဉ်ကာလက ပြင်သစ်အစိုးရတပ်၌ စစ်မှုထမ်းခဲ့သူတစ်ဦးဖြစ်သည်။

ဒိုင်ဘင်ဖူးစစ်ပွဲ၌ ကျဆုံးခဲ့သော ပြင်သစ်တပ်မတော်သား ရော်ဂျာဘန်ဒန်ဘာကီကဲ့သို့သော ဇာတ်ရုပ်ကို ဒါဖရီက ရုပ်ရှင်ကားထဲတွင်ထည့်သွင်းထားသည်။ ရော်ဂျာဘန်ဒန် ဘာကီမှာ အသက် ၂၄ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒါဖရီအနေဖြင့် ဒါရိုက်တာအဖြစ် ပထမဆုံးတာဝန်ယူရိုက်ကူးသည့် ရုပ်ရှင်ကား၌ အဓိကသရုပ်ဆောင်ကို မိမိအနေဖြင့် သူရဲကောင်းတစ်ဦးအဖြစ် ဖော်ဆောင်လိုပြီး ရမ်ဘိုအဖြစ် ဖော်ဆောင်ခြင်းမဟုတ်ကြောင်း ဒါဖရီကပြောကြားခဲ့သည်။

စစ်ပွဲနှင့်ပတ်သက်၍ ဒါရိုက်တာဒါဖရီက မတူခြားနားသော လူမျိုးစုတို့၏ ဓလေ့စရိုက်ကို လေ့လာနေသော ဂျာမိန်းတီလီယွန်၏ လမ်းညွှန်မှုကို ခံယူခဲ့သည်။ တီလီယွန်သည် ပြင်သစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး လူအသေအပျောက်များသည့်စစ်ပွဲ ပြီးဆုံးရန်အတွက် အယ်ဂျီးရီးယားပြောက်ကျားခေါင်းစဉ်များနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သူဖြစ်သည်။

အယ်ဂျီးရီးယားစစ်ပွဲနှင့်ပတ်သက်၍ နားလည်သဘောပေါက်လိုပါက ပြင်သစ်နိုင်ငံ၏ သမိုင်းအစကို ပြန်လည်လေ့လာဖို့လိုကြောင်း ပြောကြားခဲ့သည်။ ရုပ်ရှင်ကားနှင့်ပတ်သက်၍ ဇာတ်လမ်းရေးသားရာ၌မူ သူ့အနေဖြင့် ပုဂ္ဂလိကသမိုင်းနှင့် ပြင်သစ်နိုင်ငံရောက် အယ်ဂျီးရီးယားပြည်ပြေး မျိုးနွယ်များ၏ ဖြစ်စဉ်များနှင့် ပဋိပက္ခဖြစ်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်တော့်မိဘများအနေနဲ့ ဘာကြောင့်များ ၁၉၆၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာ ကျွန်တော့်ကို မွေးဖွားခဲ့ရပါလဲဆိုတာကို နားမလည်ပါဘူး” ဟု ဒါဖရီက ပြောကြားခဲ့သည်။ အယ်ဂျီးရီးယားစစ်ပွဲမှာ ၁၉၆၂ ခုနှစ်တွင် ပြီး ဆုံးခဲ့သည်။ အယ်ဂျီးရီးယားများအနေဖြင့် ပြင်သစ်ကိုလိုနီ နယ်ချဲ့များလက်ထဲမှနေ၍ ၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။

ဒါဖရီက မိမိရိုက်ကူးသည့် ရုပ်ရှင်ကားကို ယခုနှစ်နှောင်းပိုင်းတွင် ပြသရန် ရည်ရွယ်ထားသည်။ ပြင်သစ်သမိုင်းပညာရှင် ဘင်ဂျမင်စတိုရာက ပြင်သစ်တပ်သားများ၏ သုံးပုံနှစ်ပုံ၊ ၂၃၀၀၀ မှာ အယ်ဂျီးရီးယားတွင် အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။ အယ်ဂျီးရီးယားပြည်သူများသည် ကိုလိုနီပြုကျင့်မှု၏ ဆိုးရွားမှုများကို ပြင်းထန်စွာခံခဲ့ရသည်။ တစ်ဆက်တည်းဆိုသလို လွတ်လပ်ရေးရပြီးသည့်နောက် အကျင့်ပျက်ခြစားမှုများ ကျူးလွန်ထားသူများသည် အာဏာကို  ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် မည်သည့်ဘက်က ရပ်တည်မည်နည်း၊ ပြင်သစ်ဘက်ကလော၊ အယ်ဂျီးရီးယားဘက်ကလောဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားခဲ့သည်။ သူ့အနေဖြင့် ပြင်သစ်နိုင်ငံသည် မိမိနိုင်ငံဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။

ပြင်သစ်-အယ်ဂျီးရီးယားစစ်ပွဲနှင့်ပတ်သက်၍ ရုပ်ရှင်ဒါရိုက်တာကြီးများက ရုပ်ရှင်ကားများစွာကို ရိုက်ကူးခဲ့သည်။ ယင်းတို့ထဲတွင် ပြင်သစ်လှိုင်းသစ် ရုပ်ရှင်ဒါရိုက်တာကြီး ဂျောန်လုဂိုဒက်က Le Petit Soldt အမည်ဖြင့်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ပြင်သစ်ဒါရိုက်တာ အာလန်ရက်စနဲက Muriel အမည်ဖြင့်လည်းကောင်း၊ အိကူရီရယ်က ၁၉၇၂ ခုနှစ်တွင် အယ်ဂျီးရီးယားစစ်ပွဲ သတင်းမှတ် တမ်းရုပ်ရှင်အဖြစ်လည်းကောင်း ရိုက်ကူးခဲ့ကြသည်။ အယ်ဂျီးရီးယားစစ်ပွဲနောက်ခံ ရုပ်ရှင်ကားပေါင်း ၂၀ ကျော်ခန့် ရိုက်ကူးခဲ့ပြီး ဖြစ်သည်။

 

Most Read

Most Recent