အမေရိကန်၏ အစိုးရအဖွဲ့လုပ်ငန်းများ ယာယီရပ်ဆိုင်းမှု

အမေရိကန်၏ အစိုးရအဖွဲ့လုပ်ငန်းများ ယာယီရပ်ဆိုင်းမှု
ဇန်နဝါရီ ၁၁ ရက်က အိမ်ဖြူတော်ရှိ အစည်းအဝေးခန်းတွင် သမ္မတ ဒေါ်နယ်ထရန့် (အလယ်ဝဲ) က နယ်စပ်လုံခြုံရေးကိစ္စအား ဒေသခံခေါင်းဆောင်များနှင့်  ဆွေးနွေးနေစဉ် (Photo – AP)
ဇန်နဝါရီ ၁၁ ရက်က အိမ်ဖြူတော်ရှိ အစည်းအဝေးခန်းတွင် သမ္မတ ဒေါ်နယ်ထရန့် (အလယ်ဝဲ) က နယ်စပ်လုံခြုံရေးကိစ္စအား ဒေသခံခေါင်းဆောင်များနှင့် ဆွေးနွေးနေစဉ် (Photo – AP)
Published 13 January 2019
■ နရီမင်း

အမေရိကန်၏ အစိုးရအဖွဲ့လုပ်ငန်းများ ယာယီရပ်ဆိုင်းမှုသည် အမေရိကန်နိုင်ငံသားများစွာ၏ ဘဝများအား ကသောင်းကနင်းဖြစ်အောင် ထိုးနှက်၍နေသည်။ သိန်းနှင့်ချီသော အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လာမည့်လစာကို မည်သည့်အချိန်ကျမှ ရမည်ကို မသိနိုင်တော့။ အစိုးရအဖွဲ့ ရပ်ဆိုင်းမှုသည် နောက်တစ်လသို့ ဆက်၍သွားရန်ရှိနေရာ အစိုးရထောက်ပံ့ကြေးအပေါ် မှီခိုနေရသော ဝင်ငွေနိမ့်ပါးသူများ အနေဖြင့် ၎င်းတို့စားဝတ်နေရေးအား မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဟု စိုးရိမ်၍လာကြသည်။

သို့သော် အပျော်တမ်းမုဆိုးများ၊ ကမ်းလွန်ရေနံတူးဖော်မည့် ကုမ္ပဏီများ သို့မဟုတ် ပြန်အမ်းငွေကို စောင့်ဆိုင်းနေသော အခွန်ဆောင်သူများဖြစ်ပါက ကံကောင်းသည်ဟု ဆိုနိုင်သည်။ အစိုးရအဖွဲ့ ရပ်ဆိုင်းမှုက ၎င်းတို့အပေါ် သက်ရောက်မှုမရှိပေ။

အစိုးရအဖွဲ့မှ ဘတ်ဂျက်များကို ရပ်ဆိုင်းထားခြင်းက ဌာနအချို့ကို ပိတ်ပစ်ရန် တွန်းပို့လျက်ရှိနေချိန်၌ အုပ်ချုပ်ရေးအဖွဲ့ အားလုံးသည် လူးသာလွန့်သာသော အနေအထားတစ်ရပ်ကို ရရှိရန်အတွက် မည်သည့်ဌာနများကို ပိတ်ထားမည်၊ မည်သည့်ဌာနများကို ဆက်လက်ဖွင့်ထားမည်ကို ရွေးချယ်ကြရသည်။

သို့သော် ရုံးအချို့အား ပြန်ဖွင့်ရန် ရွေးချယ်ရာ၌ ရွေးချယ်မှုများသည် ထရန့်နှင့် သူ၏ပါတီအတွက် လိုအပ်သော ရီပက်ဘလီကင်ဘက်ယိမ်းသည့် မဲဆန္ဒရှင်များကို ကာကွယ်ရန် ပစ်မှတ်ထားပုံရသည်ဟု အချို့က သတိပြုမိကြသည်။

ယခုအကြိမ် အစိုးရအဖွဲ့၏ လုပ်ငန်းများရပ်ဆိုင်းသွားမှုသည် အမေရိကန်သမိုင်းတွင် ကာလအရှည်ဆုံးဖြစ်လာပြီး အမေရိကန်နိုင်ငံသားအချို့ စီးပွားရေး ချည့်နဲ့သွားကာ အချို့လည်း အလွန်ကျပ်တည်းသည့် ဘဝသို့ ရောက်ရှိသွားသည်။

စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ရက်ဆဲတီဗောက်က ထရန့်ထံမှ ပေါ်လွင်ထင်ရှားသော မက်ဆေ့ချ်မှာ ယခုရပ်ဆိုင်းမှုအား ဥပဒေနှင့်အညီ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရေးဖြစ်သည်ဟု ဆိုသည်။

“ဒီရပ်ဆိုင်းမှုကို အမေရိကန်ပြည်သူတွေအပေါ် လက်နက်လို အသုံးမပြုဖို့ အစိုးရအဖွဲ့အတွင်း အတိတ်က အားထုတ်မှုအပေါ် အခြေခံလို့ တည်ဆောက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မဟာဗျူဟာသည် အရေးတကြီး မလုပ်လိုမှုနှင့် နိုင်ငံရေးအရ ချောင်ပိတ်နေမှုကို ခွင့်ပြုလိုခြင်းအား ညွှန်ပြနေသည်ဟု အချို့က ဆိုသည်။

“မဟာဗျူဟာကတော့ ဝန်ထမ်းတွေ၊ နားခွင့်ရထားသူတွေနဲ့ ကန်ထရိုက်တာတွေအပေါ် သက်ရောက်မှုနဲ့ပတ်သက်ပြီး မစိုးရိမ်ရဘဲ လူထုအနေနဲ့ နည်းနည်းပါးပါး စိတ်အနှောင့်အယှက်ဖြစ်ရရုံ အနေအထားမျိုး မှာ အစိုးရအဖွဲ့ ရပ်ဆိုင်းမှုကို ထိန်းထားမယ့် ပုံမျိုးပါပဲဟု အမေရိကန်သမိုင်း၌ အရှည်ဆုံးအဖြစ် ယခင်က စံချိန်တင်ခဲ့သည့် ၁၉၉၆ ခုနှစ် ၂၁ ရက်ကြာ အစိုးရအဖွဲ့ ရပ်ဆိုင်းမှု အတွင်း စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံးကို ဦးဆောင်ခဲ့သူ အဲလစ်ရီဗလင်းက ပြောကြားခဲသည်။

“ဒါကို ပိုကောင်းအောင် ကျွန်မတို့ မကြိုးစားခဲ့ပါဘူး။ ဒီအနေအထား အဆုံးသတ်သွားအောင်လို့ ထိခိုက်ရမှုတွေကို အထူးပြုဖော်ပြဖို့ပဲ ကျွန်မတို့ ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ဒါကို အဆုံးသတ်သွားလိုပါတယ်။ ထရန့်အစိုးရအဖွဲ့က ဒီလိုလုပ်မလားဆိုတာ ကျွန်မအာမ,မခံနိုင်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ထရန့်အစိုးရအဖွဲ့က အစိုးရရပ်ဆိုင်းထားချိန်အတွင်း အခွန်ပြန်အမ်းငွေများကို ပြန်လည်ထုတ်ပေးသွားမည်ဟု ကြေညာခဲ့သည်။ ယင်းသည် ဘဏ္ဍာရေးဌာနအနေဖြင့် ရန်ပုံငွေထပ်မံရရှိသည်အထိ ပြန်အမ်းငွေထုတ်ပေးသည့်ဌာနများကို ပိတ်ထားရန် သတ်မှတ်ထားသည့် ၂၀၁၁ ခုနှစ်ဆုံးဖြတ်ချက်ကို ရှောင်တိမ်းထားသည့် သဘောဖြစ်သည်။ အမျိုးသားဘဏ္ဍာရေး ဝန်ထမ်းများသမဂ္ဂက  ၎င်းတို့၏ ဝန်ထမ်းများကို လုပ်ခမပေးဘဲ အတင်းအကျပ် အလုပ်ပြန်ဝင်ခိုင်းသည့် သဘောသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ တရားစွဲဆိုရန် လျှောက်ထားမှု ပြုလုပ်ထားသည်။

အချို့သော ဌာနများကမူ ၎င်းတို့ ပြန်လည်ဖွင့်လှစ်ထားလိုသော ဌာနများအား ရန်ပုံငွေထောက်ပံ့နိုင်ရန် နည်းလမ်းများကို ကြံဆလျက်ရှိသည်။

အုပ်ချုပ်ရေးအဖွဲ့က ယေဘုယျသဘောအရ အများပြည်သူဆိုင်ရာ နယ်ပယ်များ ဆက်လက်အသုံးပြုမှုကို အဓိကထားပြီး အထူးသဖြင့် မုဆိုးများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေသူများ၊ ဒေါသထွက်နေသော ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာအဖွဲ့များအား အဓိကထားသည်။

၂၀၁၈ ခုနှစ်က လက်ကျန်ငွေကို အသုံးပြုသည့် အမေရိကန်ငါးနှင့် တောရိုင်းသတ္တဝါဆိုင်ရာဌာနသည် ကြီးမှူးလုပ်ဆောင်သည့် အမဲလိုက်မှုများ အပါအဝင် သက်ဆိုင်ရာ နယ်မြေများပေါ်၌ စီစဉ်ထားသည့် လှုပ်ရှားမှုများကို အာမခံလျက် ဒါဇင်နှင့်ချီသော တောရိုင်းသတ္တဝါစခန်းများကို အလုပ်လုပ်ရန် အမှုထမ်းများထံသို့ ပြန်အပ်ရေးကို ညွှန်ကြားထားကြောင်း ယခုသီတင်းပတ်အတွင်း ကြေညာခဲ့သည်။

အဆိုပါ အေဂျင်စီမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဘာဘာရာဝိန်းမန်းက တောရိုင်းသတ္တဝါစခန်းအများစုကို အစိုးရအဖွဲ့ ရပ်ဆိုင်းထားစဉ်ကာလတစ်လျှောက်လုံး မုဆိုးများ အသုံးပြုခွင့်ရအောင် ပြုလုပ်ထားသည် ဟုဆိုသည်။ ယင်းဆုံးဖြတ်ချက်ကို သတ်မှတ်ချက်သုံးရပ်အပေါ်၌ အခြေခံထားကြောင်း၊ ယင်းတို့မှာ ရင်းမြစ်စီမံခန့်ခွဲမှု၊ လာရောက်လည်ပတ်ခြင်းမြင့်မားမှုနှင့် ကြီးမှူးဆောင်ရွက်မည့် အမဲလိုက်မှုများနှင့် ကျောင်းသားများ ကွင်းဆင်းမှုတို့ အပါအဝင် စီစဉ်ထားရှိ ပြီးသားကိစ္စများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သဘာဝတောရိုင်းသတ္တဝါ စခန်း ၃၈ ခု အနက် ၁၇ ခုသည် အမဲလိုက်ပွဲ များ ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်းလည်း ၀ိန်းမန်းက ပြောကြားခဲ့သည်။

အမျိုးသားဥယျာဉ်များကို ဝန်ထမ်းမရှိဘဲ ဖွင့်ခဲ့ပြီးနောက် နှစ်သက်ဖွယ် ဂေဟဗေဒစနစ်များကို ပျက်စီးစေခဲ့သောကြောင့် အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာနက ၎င်းတို့သည် တစ်မူထူးခြားသော ခြေလှမ်းတစ်ရပ်ကို လှမ်းနေကြောင်း၊ ယင်းမှာ အဓိက ဥယျာဉ်အချို့တွင် ဧည့်သည်များ ဝင်ရောက်ခွင့်မှ ရရှိသော အခကြေးငွေများအားဝန်ထမ်းများကို ပေးရန်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အစိုးရအဖွဲ့ ရပ်ဆိုင်းထားသော်လည်း မြေယာစီမံခန့်ခွဲရေးဗျူရိုက အလက်စကား ပြည်နယ်တွင် တူးဖော်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ကြေညာခဲ့သည်။

အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်၌ တံတိုင်းတစ်ခုတည်ဆောက်ရန်အတွက် တောင်းခံထားသော ဒေါ်လာ ၅ ဒသမ ၇ ဘီလျံကို လွှတ်တော်က အတည်ပြု မပေးမချင်း အစိုးရအဆင့်ဌာန ၁၅ ခုအနက်  ကိုးခုအတွက် ဘတ်ဂျက်များကို လက်မှတ်ထိုးပေးလိမ့်မည်မဟုတ်ဟု ထရန့်က ငြင်းဆိုထားသည်။ ဒီမိုကရက်များက ထရန့်၏ တောင်းဆိုမှုကို ငြင်းဆိုထားသည်။ အမေရိကန်သမ္မတသည် ၎င်းအနေဖြင့် အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း အစောပိုင်း၌ ပြောကြားခဲ့သေးသော်လည်း  ယင်းနောက် ဒီမိုကရက်ခေါင်းဆောင်များကို အပြစ်တင်သည့်ဘက်သို့ အလျင်အမြန် ရွှေ့ပြောင်းသွားခဲ့သည်။ ၎င်းင်းအပြင် မက္ကဆီကိုတံတိုင်းအတွက် ရန်ပုံငွေကို ထူးခြားသော နည်းလမ်းအချို့ လုပ်ဆောင်လျက် ရှာဖွေမည်ဟုလည်း ပြောကြားခဲ့သေးသည်။ ရီပက်ဘလီကင်အမတ်အများစုသည် သမ္မတ၏ဘက်မှ ရပ်တည်ကြသော်လည်း အချို့ကမူ ယခုမဟာဗျူဟာနှင့် ပတ်သက်၍ ကျေနပ်မှု မရှိကြောင်း ပြသခဲ့ကြသည်။

ကျေးလက်ဒေသမှ မဲဆန္ဒရှင်များ၊ သြဇာကြီးမားသော လုပ်ငန်းများနှင့် မဲဆန္ဒရှင်များ၏ အိတ်ဆောင်မှတ်စုများထဲသို့ ရောက်ရှိမည့် ဌာနများအပေါ် အဓိကထားမှုသည် ရီပက်ဘလီကင်များ ထောက်ခံမှု ကျဆင်းခြင်းမဖြစ်ရေးကို ရည်ရွယ်သည်ဟု ၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး လက်ထောက်ညွှန်ကြား ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဘယ်ရီအန်ဒါးဆင်းက ပြောကြားခဲ့သည်။

Most Read

Most Recent