ယာဉ်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့်မြို့

ယာဉ်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့်မြို့
မန္တလေးမြို့တွင် သွားလာနေသည့် ဆိုင်ကယ်များကို တွေ့ရစဉ်
မန္တလေးမြို့တွင် သွားလာနေသည့် ဆိုင်ကယ်များကို တွေ့ရစဉ်
Published 13 January 2019
သက်ထွန်းအောင်

မြန်မာနိုင်ငံ၏ အဓိကမြို့တော်တွေထဲက တစ်ခုဖြစ်သည့် မန္တလေးမြို့အတွင်းမှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ စက်ဘီးအစရှိသည့် ယာဉ်မျိုးစုံတို့သည် လမ်းများပေါ်တွင် နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှားနေကြပါတယ်။ တစ်ရက်ထက်တစ်ရက် နိုင်ငံရပ်ခြားမှ တင်သွင်းနေတဲ့ ယာဉ်တွေကလည်း များပြားနေပါတယ်။ ယာဉ်တွေပေါများလာတာနဲ့အမျှ ယာဉ်တိုက်မှု ဖြစ်ပွားနှုန်းလည်း များပြားလာတာကို တွေ့ရပါတယ်။ 

မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများအနက် နိုဝင်ဘာလ ၁၂ ရက်နေ့အစောပိုင်း ၁၂ နာရီအချိန်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည် လူအများ စိတ်ဝင်စားခဲ့သည့် ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်သည် ကျုံးဘေး ၂၆ လမ်းနှင့် ၇၈လမ်းဆုံတွင် တောင်မှမြောက်သို့ မောင်းနှင်လာသော LEXUS ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့တွင် မီးနီရပ်စောင့်နေသည့် HONDA Click – 125  ဆိုင်ကယ်ကို နောက်မှဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်သည် မော်တော်ယာဉ်နှင့် အတူချိတ်ပါသွားကာ ၂၆ လမ်း မြောက်ဘက်မှာရှိတဲ့ ယာဉ်ထိန်းရဲမီးပွိုင့် အဆောက်အအုံအား ထပ်မံတိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၃ နှစ်အရွယ် (ဥပဒေနောက်ဆုံးနှစ်)နှင့် နောက်မှ စီးနင်းလိုက်ပါလာသူ အသက် ၂၆ နှစ်အရွယ် (သင်္ဘောသား) အမျိုးသားနှစ်ဦးသည် ဒဏ်ရာများရရှိပြီး ဆေးရုံသို့တင်ပို့ကုသစဉ် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင်သူကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင်၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ယာဉ်တိုက်မှုများကိုကြည့်လျှင် ယာဉ်တိုက်မှု ၄၁၅ မှု ဖြစ်ပွားနေခြင်းကြောင့် ယာဉ်တိုက်မှုသည် ပျမ်းမျှနေ့စဉ်တစ်မှုကျော်နှုန်း ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၁၈၁ ဦး၊ ဒဏ်ရာရသူ ၄၂၁ ဦးရှိ ပါတယ်။ ၂၀၁၇ ခုနှစ်နှင့် ကာလတူယှဉ် ကြည့်လျှင် ယာဉ်တိုက်မှု  ၃၄၁ မှု၊ သေဆုံးသူ ၁၉၆ ဦး၊ ဒဏ်ရာရသူ ၃၂၅ ဦး၊ ရှိနေခြင်းကြောင့် ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှုနှင့် ဒဏ်ရာရသူအရေအတွက်မှာ တိုးလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းဇယားတွင် ဖော်ပြထားပါတယ်။

လိုင်စင်မဲ့မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ ပိုမိုတင်သွင်းလာကြခြင်း showroom များတွင် လူတန်းစားမရွေး အလွယ်တကူဝယ်ယူနိုင်ခြင်း လိုင်စင်မဲ့ဆိုင်ကယ်များကို အစိုးရက တရားဝင်မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း စသည့်အချက်များကြောင့် ယာဉ်အစီးရေ တိုးပွားလာခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့၏ ယာဉ်တိုက်မှုဖြစ်စဉ်များသည်  ယာဉ်တွေများပြားလာခြင်းနှင့်အတူ ယာဉ်မောင်းသူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်းတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်နေကြတာကို တွေ့ရှိရပါတယ်။ ဆိုင်ကယ်ပါဝင်သည့် ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ဆိုင်ကယ်ချင်းတိုက်မှု၊ ဆိုုင်ကယ်နှင့်ကားတိုက်မှု၊ ဆိုင်ကယ်တိမ်းမှောက် မှု၊ ဆိုင်ကယ်မှအခြားတိုက်မှု၊ ဆိုင်ကယ်မှလူတိုက်မှု၊ ဆိုင်ကယ်နှင့်စက်ဘီးတိုက်မှု အစရှိသည့် ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါဝင်သည့် ယာဉ်တိုက်မှုဖြစ်စဉ်များသည်အများဆုံးဖြစ်နေကြောင်း၊ ယာဉ်တိုက်မှု အမျိုးအစားများတွင် မဆင်မခြင်မောင်းနှင်ခြင်း၊ အရှိန် ပြင်းမောင်းနှင်ခြင်း၊ ယာဉ်မောင်းမကျွမ်းကျင်ခြင်း၊ မူးယစ်မောင်းနှင်ခြင်းများကြောင့် အဖြစ်အများဆုံးဖြစ်နေ ကြောင်းယာဉ်ထိန်း ရဲတပ်ဖွဲ့၏ စစ်တမ်းများအရ သိရပါတယ်။

မန္တလေးမြို့သည် နှစ်ဘီးတပ် စက်တပ်ယာဉ်ဖြစ်သည့် မော်တော်ဆိုင်ကယ်များကို အသုံးပြုမှုများပြားသည့် မြို့တစ်မြို့ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ လမ်းမများပေါ်တွင် မော်တော်ယာဉ်များကို အသုံးပြုကာ သွားလာမောင်းနှင်နေကြပါတယ်။ ယာဉ်ကိုစည်းကမ်းမဲ့စွာ မောင်းနှင်မှုတွေကြောင့် အစားထိုးမရသည့် အသက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရပါတယ်။ သက်ဆိုင်ရာ  တာဝန်ရှိသူများကလည်း ယာဉ်တိုက်မှုများ လျော့ကျသွားစေရန်နှင့် ယာဉ်မောင်းနှင်ရာတွင် စည်းကမ်းရှိ စွာလိုက်နာရန်အတွက် ဟောပြောခြင်းများ၊ စစ်ဆေးအရေးယူခြင်းများ၊ ဒဏ်ရိုက်ခြင်းများ လုပ်ဆောင်နေသော်လည်း ယာဉ်မောင်းသူများ ယာဉ်ကိုမောင်းနှင်ရာတွင် စည်းကမ်းမဲ့ခြင်း၊ ပေါ့ဆခြင်း အစရှိသည်များကြောင့် ယာဉ်တိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ အမြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း စသည့်မဆင်မခြင်မောင်းနှင်ခြင်းတွေ ရှိနေပါတယ်။

“မန္တလေးမှာ ဆိုင်ကယ်မောင်းနှင်မှုတွေက ယာဉ်စည်းကမ်းကို မလိုက်နာဘဲ မောင်းနှင်နေတာကို တွေ့နေရတယ်။ ဆိုင်ကယ်မောင်းတဲ့အခါ ဆိုင်ကယ်ဦးထုပ်ကို မဆောင်းကြဘူး။ ဒီလိုမဆောင်းတာက ဖြစ်လာမယ့်အန္တရာယ်ကို ကြိုဆိုနေသလို ဖြစ်နေတယ်။ ဆိုင်ကယ်တွေက မော်တော်ယာဉ်နဲ့ တိုက်မိရင်လည်း ဆိုင်ကယ်မောင်းနှင်တဲ့ သူတွေပဲ ခံရတာ” ဟု ကျောင်းဆရာမ တစ်ဦးက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် အချက်ပြမီးပွိုင့်၊ လမ်းဆုံလမ်းခွ၊ ကျောင်းယာဉ်ကြောရှင်း အစရှိသည့် နေရာများတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်လျက်ရှိပြီး အချက်အချာကျသည့် လမ်းဆုံများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးများဦးစီးကာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်းရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ၊ စည်ပင်ရဲတပ်ဖွဲ့၊ စည်ပင်အခွန်ဌာနမှ ဝန်ထမ်းများ နှင့် နယ်မြေခံရဲ တပ်ဖွဲ့၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့်  စစ်ဆေးရေးအဖွဲ့က စည်းကမ်းပျက်ယာဉ်များကို ပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်း၊ မန္တလေးမြို့၏ Down Town ဧရိယာအတွင်း စည်းကမ်းချိုးဖောက်မှုများကို လှည့်လည်စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရှိရပါတယ်။

ယာဉ်ကို မဆင်မခြင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ ယာဉ်မောင်းမကျွမ်းကျင်ခြင်း၊ မူးယစ်မောင်းနှင်ခြင်း၊ အနှေးယာဉ်ပေါ့ဆခြင်း၊ ခရီးသည်ပေါ့ဆခြင်း၊ စက်ကိရိယာချို့ယွင်းခြင်း၊ ရာသီဥတုကြောင့် ဖြစ်ပွားခြင်းစသည့် အကြောင်းအရာများမှာ ယာဉ်တိုက်မှု ဖြစ်ပွားစေတဲ့အဓိကအကြောင်း အရာများပဲဖြစ်ပါတယ်။ မြို့နားအနီးတဝိုက်မှ အခြေခံလူတန်းစားများသည် စားဝတ်နေရေးအတွက် လုပ်ငန်းခွင်များသို့ သွားရောက်ရာတွင် ယခင်က စက်ဘီးကိုအသုံးပြုကြသော်လည်း ယခုအခါ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များကို အများဆုံးအသုံးပြုလာ ကြပါတယ်။ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များက အခြေခံလူတန်းစားများအတွက် ဝယ်ယူရန် လက်လှမ်းမှီသောကြောင့် အသုံးပြုလာကြတာ ဖြစ်ပါတယ်။ မန္တလေးမြို့တွင် သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ၊  မြင်းလှည်း၊ စက်တပ်ယာဉ်၊ နှစ်ဘီးယာဉ်များအထိ တရုတ်နိုင်ငံထုတ်ယာဉ်များကို တွေ့မြင်ရပါတယ်။

မန္တလေးမြို့တွင်း လမ်းများအရည်အသွေး တိိုးတက်စေရန် လမ်းများတိုးချဲ့ ဖောက်လုပ်ခြင်းများ၊ လမ်းသစ်များ ဖော်ထုတ်ခြင်းများ၊ လမ်းအရည်အသွေးမြှင့်တင်ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လုပ်ဆောင်နေကြပါတယ်။ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ငါးရပ်နှင့်အညီ ရေးဆွဲချမှတ်လျက် ခရီးသွားပြည်သူများ၊ လမ်းအသုံးပြုသူများအနေဖြင့် ပင်ကိုယ်အသိတရားဖြင့် လိုက်နာလာစေရေး၊ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အရက်သေစာ သောက်စားမူးယစ်ပြီး မော်တော်ယာဉ်များ မောင်းနှင်ခြင်းမရှိစေရေးအတွက် အမြန်လမ်း၊ အဝေးပြေးလမ်း၊ မြို့တွင်းလမ်းများတွင် ယာဉ်များကို Alcohol Tester  ဖြင့် စစ်ဆေးခြင်းများ မော်တော်ယာဉ်မောင်း နှင့် လိုက်ပါစီးနင်းသူများကို အသက်ကယ် ထိုင်ခုံခါးပတ်ဝတ်ဆင် စီးနင်းစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးအရေးယူခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားလျှင် လူတစ်ဦးသေဆုံးမှုသည် မိသားစုအတွက်သာမက နိုင်ငံတော်အတွက်ပါ တန်ဖိုးမဖြတ်နိုင်သည့် လူအရင်းအမြစ် ဆုံးရှုံးမှုဖြစ်ပါတယ်။ နှစ်စဉ်နှင့်အမျှ ယာဉ်အန္တရာယ် ခြိမ်းခြောက်မှုကြီးသည် တစ်နေ့ထက်တစ်နေ့ ကြီးမားလာပါတယ်။ ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှု မရှိစေရန် ပြည်သူလူထုအနေဖြင့် မိမိမောင်းနှင်သည့် ယာဉ်ကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပြီး အသိစိတ်ဓာတ်ဖြင့် မောင်းနှင်မှသာ နှစ်စဉ်တိုးပွားနေတဲ့ ယာဉ်တိုက်မှုနှုန်းကို လျှော့ချ နိုင်လိမ့်မည်ဟု ထင်မြင်သုံးသပ်မိပါတော့တယ် . . .။

Most Read

Most Recent