အကျပ်အတည်းကြုံတွေ့နေသော တူရကီဆောက်လုပ်ရေးလုပ်ငန်း

အကျပ်အတည်းကြုံတွေ့နေသော တူရကီဆောက်လုပ်ရေးလုပ်ငန်း
Photo - AFP
Photo - AFP
Published 13 January 2019
မောင်ကြွယ်စိုး

တူရကီနိုင်ငံ အနောက်မြောက်ဘက်ရှိ ကျေးလက်ဒေသဟာ အခုဆိုရင် တံလျှပ်တွေ လက်နေသလို ဖြစ်နေပါတယ်။ အဲဒီအရပ်မှာ ခန်းနားထယ်ဝါတဲ့ တိုက်တာအဆောင်အဦတွေ အစီအရီပေါ်ထွန်းလာပါတယ်။ အမိုးချွမ်းတွေ ပါရှိတဲ့ တိုက်တာအချို့ဟာ ပြင်သစ်နိုင်ငံမှ ရဲတိုက်တွေနဲ့ ဆင်တူရိုးမှား ဆိုနိုင်ပါတယ်။ တချို့ တိုက်တွေကတော့ ဒစ်စနီ ရဲတိုက်တွေနဲ့ တူနေပါတယ်။

အဲဒီ တိုက်တာအဆောက်အဦတွေဟာ နိုင်ငံခြားသားတွေ ဝယ်ယူနိုင်ဖို့အတွက် ဆောက်လုပ်ထားတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အဲဒီတိုက်တာအဆောက် အဦတွေမှာ နေထိုင်မဲ့သူ မရှိပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေ အတွက်ကတော့ နတ်သမီးပုုံပြင်လို ဖြစ်နေပါတယ်။ ဆောက်လုပ်ပြီးဖြစ်တဲ့ တိုက်တာတွေကို ဝယ်ယူမဲ့သူ မရှိတဲ့အဖြစ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ နိုင်ငံရေးနဲ့ စစ်ရေး မတည်ငြိမ်မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

အထူးသဖြင့်ကတော့ တူရကီနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းမှုက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ နိုင်ငံစီးပွားရေးဟာ မကောင်းသေးပါဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ သြဂုတ်လမှာ ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်ခဲ့ပြီး သမ္မတအာဒိုဂန်အတွက် အဆိုးဝါးဆုံး အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။

ယခု ဆောက်လုပ်ထားတဲ့ အဆောက် အဦးတွေတည်ရှိတဲ့ အရာဟာ ဗိုလ်လူခရိုင် ရှိ မူဒူနီရဲ့ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ ဥရောပတိုက်ရဲ့ ဗိသုကာပုံစံမျိုးနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။ တိုက်တာ ၇၃၂ လုံး စျေးဝယ်စင်တာပါတဲ့ စီမံကိန်းကြီးကို ၂၀၁၄ ခုနှစ်မှာ Sarot Group က တာဝန်ယူဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့ အဲဒီကုမ္ပဏီဟာ ဒေဝါလီခံရပါတယ်။ တူရကီနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေ အတော်များများဟာ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေလိုက်ရပါတယ်။

Sarot ကုမ္ပဏီဟာ ပင်လယ်ကွေ့ နိုင်ငံများမှ ငွေရှင်တွေကို သူတို့ ဝယ်ယူထားတဲ့ အဆောက်အဦတွေအတွက် ဒေါ်လာသန်း ၂၀၀ ခန့်ကို မပေးဆောင်တဲ့အတွက် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဒေါ်လာသန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး ဖြစ်ပါတယ်။ ကုမ္ပဏီက ပင်လယ်ကွေ့နိုင်ငံတွေမှ ရင်းနှီးမြှုပ်နှံသူတွေထံ အဆောက်အဦ ၃၅၁ လုံးကို ရောင်းချပြီး ဖြစ်ပါတယ်။ တချို့ အဆောက်အဦတွေကိုတော့ ရောင်းချမှု ရပ်တန့်ထားခဲ့ရကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆောက်အဦ တစ်လုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၄ သိန်းမှ ၅ သိန်းအထိ တန်ဖိုးရှိပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေမှ ဝယ်ယူသူတွေရဲ့ စိတ်ကြိုက် ဗိသုကာ ဒီဇိုင်းတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။ ရေနံစျေးနှုန်းတွေ ကျဆင်းမှုဟာ ပင်လယ်ကွေ့နိုင်ငံတွေကို ထိခိုက်စေခဲ့ပါတယ်။ အဲဒီအတွက် ပင်လယ်ကွေ့နိုင်ငံမှ အဆောက်အဦ ဝယ်ယူထားသူတွေဟာ ငွေကြေးအကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ရတာကြောင့် တူရကီနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ တနည်းတဖုံ ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ စီးပွားရေး မတည်ငြိမ်မှုဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရိုက်ခတ်ခဲ့ပါတယ်။ ကုန်ကျစရိတ်တွေဟာလည်း မျှော်မှန်းထားတာထက် ပိုမိုကုန်ကျခဲ့ရပါတယ်။ ကုမ္ပဏီက ဆောက်လုပ်ပြီး အဆောက်အဦတွေကို ဆက်လက်ရောင်းချနေပြီး ၂၀၁၉ အောက်တိုဘာမှာ လုပ်ငန်းလုံးဝဥသုံပြီးဆီးမယ်လို့ မျှော်မှန်းထားပါတယ်။

တူရကီနိုင်ငံမှာ ရှိတဲ့ တခြားဆောက်လုပ်ရေး လုပ်ငန်းတွေဟာလည်း အခြေအနေ ဆိုးရွားနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဟာ တူရကီစီးပွားရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်ပါတယ်။ အာဒိုဂန်လက်ထက်မှာ ဆောက်လုပ်ရေး လုပ်ငန်းကို အဓိက ဦးစားပေးအဖြစ် ထားရှိပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်မှာ ဆောက်လုပ်ရေးလုပ်ငန်းဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခုအနက် ၃ ခုဟာ ဒေဝါလီ ခံခဲ့ရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းဟာ ပူဖောင်းလို ဖြစ်နေပါတယ်။ ဆောက်လုပ်ပြီး လုပ်ငန်းတွေထဲမှာ မရောင်းရတဲ့ အဆောက်အဦတွေ၊ တိုက်ခန်းတွေ အမြောက်အမြား ရှိနေပါတယ်။ ၁၆ နှစ် ကာလအတွင်း တိုက်ခန်းပေါင်း ၁၀ ဒသမ ၅ သန်း ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှ ၈ သန်းကပဲ အသုံးပြုလို့ ရတဲ့အနေအထား ရှိနေပါတယ်။

ကုန်သွယ်ရေးဝန်ကြီး ရူဆာပက်ကန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီ ၈၄၆ ကုမ္ပဏီဟာ ဒေဝါလီခံဖို့ လျှောက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ တူရကီနိုင်ငံမှာ အဆောက်အဦတွေ လူနေတိုက်ခန်းတွေ အမြောက်အမြား ဆောက်လုပ်ခဲ့ခြင်းဟာ အိမ်ခြံမြေ ပူဖောင်းဖြစ်စေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အများအားဖြင့် လူနေတိုက်ခန်းတွေ ဖြစ်ကြပါတယ်။ တူရကီနိုင်ငံမှ အခြေခံလူတန်းစားတွေ နေထိုင်ဖို့အတွက် ဆောက်လုပ်ခဲ့တဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ ယခုလို လူနေတိုက်ခန်းတွေအဆမတန် များပြားလာမှုအပေါ် အကောင်းမြင်တဲ့သူတွေကတော့ တူရ ကီနိုင်ငံရဲ့ လူဦးရေ တိုးပွားလုမှုဟာ အဲဒီတိုက်ခန်းတွေအတွက် အကျိုးဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းဟာ တူရကီနိုင်ငံရဲ့ အဓိကမောင်းနှင်အား ဒါမှမဟုတ် မီးရထားစက်ခေါင်း ဖြစ်တယ်လို့ ယူဆထား သူတွေ ရှိပါတယ်။ တူရကီနိုင်ငံမှာ လူငယ်လူရွယ်ဦးရေဟာ ၂၀၁၇ နှစ်မှာ ၃၁ဒသမ ၇ သန်း ရှိနေပါတယ်။ သူတို့တတွေဟာ နိုင်ငံ့ရဲ့အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်လာခဲ့တယ်ဆိုရင် လူငယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ သူတို့တွေ အနေနဲ့ နေအိမ်တိုက်ခန်းတွေကို ဝယ်ယူနိုင်မဲ့ အခြေအနေမျိုး ရောက်ရှိလာ လိမ် ့မယ်လို့ အကောင်းမြင်သမားတွေက မျှော်မှန်းထားပါတယ်။

တူရကီ နိုင်ငံသုံးငွေ Lira တန်ဖိုးကျဆင်းမှုနဲ့ ဘဏ်တိုးနှုန်းတွေ မြင့်တက်နေမှုဟာ နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကျဆင်းစေခဲ့ပါတယ်။ တူရကီနိုင်ငံရှိ မြို့ကြီးတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ရပ်ဆိုင်းထားရပါတယ်။ ပြည်ပကနေ မှားယူတင်သွင်းရတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကိုလည်း မတင်သွင်းနိုင်ခဲ့ပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် အလုပ်သမားတွေဟာ လုပ်ခငွေတွေမရတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ရပြီး တချို့ဆိုရင် အိမ်လခတွေ မပေးနိုင်တဲ့အဖြစ်မျိုး ကြုံတွေ့ခဲ့ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း အကျပ်အတည်းကြောင့် တချို့မိသားစုတွေဆိုရင် နေအိမ်တွေ ဆုံးရှုံးရတဲ့အထိ ကြုံတွေ့ရပါတယ်။ တချို့ဆိုရင် အိမ်အိုအိမ်ဟောင်းတွေအစား တိုက်ခန်းသစ်တွေ ရမယ့်အနေအထားမျိုးကို လက်လွှတ်ခဲ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းဟာ နိုင်ငံ့စီးပွားရေအတွက် အရေးပါခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟဟာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရမှုကြောင့် အစိုးရအတွက်ရော ပြည်သူအတွက်ပါများစွား ထိခိုက်စေခဲ့ပါတယ်။

Most Read

Most Recent