ကျင်စန်းကျော့ ယာယီနယ်စပ်ဂိတ် ပိတ်ထားမှုအား ဇန်နဝါရီ၁ဝရက်က ပြန်လည်ဖွင့်လှစ်၊ နှစ်နိုင်ငံတရားဝင် နယ်စပ်ဂိတ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်ညှိနှိုင်းမည်

ကျင်စန်းကျော့ ယာယီနယ်စပ်ဂိတ် ပိတ်ထားမှုအား ဇန်နဝါရီ၁ဝရက်က ပြန်လည်ဖွင့်လှစ်၊ နှစ်နိုင်ငံတရားဝင် နယ်စပ်ဂိတ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်ညှိနှိုင်းမည်
ကျင်စန်းကျော့ဂိတ် ရက်ရှည်စွာ ပိတ်ထားမှုကြောင့် ဖရဲ၊သခွားစိုက်တောင်သူများက ဇန်နဝါရီ ရရက်တွင် မုံရွာမြို့၌ အခမဲ့ဝေနေစဉ်
ကျင်စန်းကျော့ဂိတ် ရက်ရှည်စွာ ပိတ်ထားမှုကြောင့် ဖရဲ၊သခွားစိုက်တောင်သူများက ဇန်နဝါရီ ရရက်တွင် မုံရွာမြို့၌ အခမဲ့ဝေနေစဉ်
Published 11 January 2019

မြန်မာနိုင်ငံမှ ဖရဲ၊ သခွားအပါအဝင် သစ်သီးဝလံများ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အဓိကကျသည့် ကျင်စန်းကျော့ယာယီနယ် စပ်ဂိတ်ပိတ်ထားမှုအား ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်နိုင်ငံတရားဝင် နယ်စပ်ဂိတ်အဖြစ် သတ်မှတ်နိုင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ဆက်လက် ညှ်ိနှိုင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ဇန်နဝါရီ ၉ ရက်က ပြောကြားသည်။

“ဒီမနက် ၉ နာရီကစပြီး ကျင်စန်းကျော့ ဂိတ်ကို စပြီးဖွင့်လိုက်ပါပြီ။ အဓိကက ပြီးခဲ့တဲ့ ၇ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနရယ်၊ ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ စီးပွား/ကူးသန်းရယ်၊ တရုတ်နိုင်ငံက သံမှူးကြီးရယ် ညှိနှိုင်းဆွေးနွေးခဲ့တာပေါ့။ အဓိကက ဒါက နှစ်နိုင်ငံ တရားဝင်ဂိတ်အဖြစ် မဆောင်ရွက်ရသေးဘူး။ သို့သော်လည်း ၂၀၁၅ ခုနှစ်က တည်းကစပြီး ယာယီအနေနဲ့ ခွင့်ပြုဖို့အတွက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ယာယီအနေနဲ့ ခွင့်ပြုထားတယ်။ သို့သော်လည်း ၂၇ ရက်နေ့က လုံခြုံရေးအရ မြန်မာ နိုင်ငံဘက်က ယာယီပိတ်လိုက်တာ။  သို့သော် ခုနကပြောသလို အသေးစိတ် ထပ်ဆွေးနွေးပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကိုလည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနနဲ့ ညှိနှိုင်းခဲ့တယ်။ ဒါပေမဲ့ နှစ်နိုင်ငံ တရားဝင်ဂိတ်အဖြစ်ကတော့ အများဆုံးဆက်ပြီး ဌာနဆိုင်ရာတွေ ဆက်ညှိရမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  တရုတ်နိုင်ငံ ဝမ်တိန်သို့ သစ်သီးတင်ပို့သည့် ယာဉ်များအ ဓိကဝင်ပေါက်ဖြစ်သည့် ဝမ်တိန်သို့ဝင်သည့် ကျင်စမ်းကျော့ဂိတ်ပေါက်ကို ဒီဇင်ဘာနောက် ဆုံးပတ်အတွင်းက ရုတ်တရက်ပိတ်လိုက် သဖြင့် သစ်သီးတင်ယာဉ်စီးရေ ထောင်ချီကာ (၁၀၅) မိုင်နှင့် ကျင်စန်းကျော့သို့သွားရာ လမ်းတစ်လျှောက်တွင် သောင်တင်နေခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝမ်တိန်သို့ ဝင်ပေါက်ဖြစ် သည့် ကျင်စမ်းကျော့ဂိတ်ပေါက်အား ဒီဇင်ဘာ ၂၆ ရက်၊ ညနေပိုင်းမှ ရုတ်တရက် ပိတ်လိုက်သဖြင့် သစ်သီးယာဉ်များ ကျင်စမ်းကျော့ဂိတ်သွားရာ လမ်းတစ်လျှောက်နှင့် (၁၀၅) မိုင် ရှိ အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးအရောင်းကွင်းတွင် သစ်သီးတင်ကားများ သစ်သီးရောင်းချရမည့် အချိန်အား စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

တရုတ်အခြေစိုက် ပေါက်ဖော်သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၁၈ ခုနှစ် ဒီဇင် ဘာ ၂၈ ရက်မှ ၃၁ ရက်အထိ ဝမ်တိန်ဂိတ်မှ အဝင်အထွက်ပြုသောမော်တော်ယာဉ်အရေ အတွက်သည် ၂၀၁၇ ခုနှစ်  အလားတူအချိန် ထက် ၁၇၀၉၀ စီး လျော့နည်းသွားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက်အထိ လေးရက်ကြားတွင် ဝမ်တိန်ဂိတ် မှ ပြည်ဝင်ပြည်ထွက်ပြုသော မော်တော်ယာဉ် စုစုပေါင်း ၂၀၇၇၁ စီးရှိကြောင်း၊ ၂၀၁ ၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက် လေးရက်ကြားတွင် ဝမ်တိန်ဂိတ်မှ ပြည်ဝင်ပြည်ထွက်ပြုသော မော်တော်ယာဉ်စုစုပေါင်း ၃၆၈၁ စီးရှိကာ ၂၀၁၇ ခုနှစ် အလားတူ အချိန်ပိုင်းထက်  ၁၇၀၉၀ စီး လျော့နည်းသွား၍နေ့စဉ်ပျမ်းမျှ ၄၂၇၂ စီး လျော့နည်းသွားကြောင်း သိရသည်။

“MoU လက်မှတ်ထိုးပြီးတော့ ကျင်စန်းကျော့ဂိတ်ကို တရားဝင် ဖွင့်လှစ်ပေးစေချင်တယ်။ ကျွန်တော်တို့ ဖရဲနဲ့သခွား စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကလည်း လက်ရှိဖြစ်နေတဲ့ အခက်အခဲကြီးမှာ တောင်သူတွေဟာ ကြားညပ်နေပါတယ်။ အလွန်ဘဲ အခက်အခဲ ဖြစ်နေပါတယ်။ အတော်ဒုက္ခရောက်နေပါပြီ။ ကျွန်တော်တို့ ဖရဲနဲ့သခွား စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေမှာ သိန်းပေါင်းများစွာ ဆုံးရှုံးနစ်နာနေပါတယ်။ ကျွန်တော်တို့ ဖရဲနဲ့ သခွား စိုက်ခင်းတွေထဲမှာဆိုရင်လည်း ကားအခက်အ ခဲကြောင့်တင်ပို့မရပါဘူး။ ဖရဲအသီးတွေကလည်း မှည့်နေပါပြီ။ ကျွန်တော်တို့ တောင်သူတွေ တောင်းဆိုချင်တာက ဒီကျင်စန်းကျော့ လမ်းကြီးကို နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးပြီးတော့ တရားဝင် ဖွင့်လှစ်ပေးပါ” စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဖရဲ၊ သခွားစိုက် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent