အိမ်ကွင်းနိုင်ပွဲနဲ့ ဗီယက်နမ်အသင်း ဆူဇူကီးချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူး

အိမ်ကွင်းနိုင်ပွဲနဲ့ ဗီယက်နမ်အသင်း ဆူဇူကီးချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူး
Photo: AFP
Photo: AFP
Published 15 December 2018

■ ဗီယက်နမ် ၁-၀ မလေးရှား

(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် ဗီယက်နမ် ဗိုလ်စွဲ)

၂၀၁၈ AFF ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက အိမ်ကွင်းမှာ မလေးရှားအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း (၃-၂) ဂိုးနဲ့ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးသွားခဲ့ပါတယ်။

ချန်ပီယံဟောင်းအသင်းနှစ်သင်းရဲ့ ဗိုလ်လုပွဲဖြစ်သလို ချန်ပီယံအဆုံးအဖြတ်ပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကို မြင်တွေ့ခဲ့ရပြီး ပြိုင်ပွဲရဲ့ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ဗီယက်နမ်က ထိုက်ထိုက်တန်တန်ဗိုလ်စွဲခံတာပါ။

ပထမအကျော့ အဝေးကွင်းမှာကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၂-၂) သရေကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ဗီယက်နမ်တို့ မလေးရှားအသင်းထက်ပိုပြီးဖိအားလျော့နေခဲ့သလို၊ လိုအပ်နေတဲ့အနိုင်ရလဒ်ကိုလည်း ထိန်းချုပ်ရယူသွားနိုင်ခဲ့တာပါ။

နှစ်သင်းစလုံးအဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ခဲ့ကြသလို၊ ကစာသမားတွေကြား ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်ခဲ့ပါတယ်။

 

ဒီပြိုင်ပွဲရဲ့နောက်ဆုံး (၃) ပွဲဆက်ဂိုးပေးခဲ့ရတဲ့ ဗီယက်နမ်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒီနေ့အိမ်ကွင်းပွဲစဉ်မှာတော့ ပုံစံကောင်းကိုပြန်ပြနိုင်ခဲ့လို့ နော်ရှာရူးလ်ဦးဆောင်တဲ့ မလေးရှားအသင်းရဲ့တိုက်စစ်ဂိုးရဖို့ ခက်ခဲ့ပါတယ်။

အိမ်ရှင်ပရိသတ်အားနဲ့အတူ ပွဲစကတည်းက ဗီယက်နမ်အသင်းဂိုးရဖို့ကြိုးစားခဲ့ပြီး ပွဲချိန် (၆) မိနစ်မှာပဲ ငုရင်ကွမ်ဟိုင်ရဲ့ပေးပို့မှုကနေ ၀ါရင့်တိုက်စစ်မှူး ငုရင်အန်ဒူးက အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးချိန်မှာ မလေးရှားအသင်း ဖိအားပိုများသွားခဲ့ပြီး ဂိုးရလိုစိတ်များနေသလို၊ ဗီယက်နမ်အသင်းရဲ့ဂိုးသမားနဲ့ ခံစစ်ပိုင်းရဲ့တည်ငြိမ်မှုကြောင့်လည်း ချေပဂိုးနဲ့ဝေးခဲ့တာပါ။

နောက်ပိုင်းမိနစ်တွေမှာလည်း နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရခဲ့ကြပေမယ့် ဂိုးတွေထပ်မမြင်ခဲ့ရလို့ အိမ်ရှင်ဗီယက်နမ်အသင်း အစောပိုင်းရခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီး ထိုင်း (၅) ကြိမ်၊ စင်ကာပူ (၄) ကြိမ်တို့နောက် ပြိုင်ပွဲရဲ့တတိယအအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဗီယက်နမ်ဘောလုံးအတွက်ကျေနပ်စရာကောင်းခဲ့တာက အားရစရာကောင်းတဲ့မျိုးဆက်စီးဆင်းမှုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ အာရှယူ-၂၃ ချန်ပီယံရှစ်မှာ ဒုတိယဆု၊ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ စတုတ္ထဆု၊ လက်ရှိဆူဇူကီးပြိုင်ပွဲမှာ ချန်ပီယံဆုအပြင် လာမယ့် ၂၀၁၉ အာရှဖလားပြိုင်ပွဲကိုလည်း ခြေစစ်ပွဲအောင်မြင်ထားတာဖြစ်လို့ ဗီယက်နမ်ဘောလုံးရဲ့တိုးတက်မှုကတော့ အရှိန်အဟုန်ကောင်းနေပြီလို့ပဲဆိုရမှာပါ။

Most Read

Most Recent