"ကြိုးဝိုင်းထဲဝင်ဖို့ အဆင်သင့်ပါပဲ"

"ကြိုးဝိုင်းထဲဝင်ဖို့ အဆင်သင့်ပါပဲ"
Photo : EMG
Photo : EMG
Published 15 December 2018

ဒေ့ဗ်နှင့် တွေ့ဆုံခြင်း

မေး - ထွန်းထွန်းမင်းနဲ့ပွဲအတွက် ဘာတွေပြင်ဆင်ထားသလဲ။

ဖြေ - ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန် (၃)လလောက်ယူခဲ့တယ်။ နိုင်ငံတော်တော်များများကို လှည့်လည်ပြီး လေ့ကျင့်ခဲ့ရတာမျိုးတွေလည်း ရှိတယ်။ နိုင်ငံ(၁၂)နိုင်ငံကို လေ့ကျင့်မှုအနေနဲ့ သွားခဲ့တယ်။ ပေါ်တူဂီ၊ ဒိန်းမတ်၊ ချက်၊ အီတလီ၊ နော်ဝေတို့ကိုသွားပြီး လေ့ကျင့်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် မြန်မာ့လက်ဝှေ့သင်တန်းတွေဖွင့်ပြီး သင်တန်းသားတွေနဲ့လည်း လေ့ကျင့် ခဲ့တာရှိပါတယ်။ လူမျိုးစုံကို တွေ့ခဲ့ရပြီး လေ့ကျင့်မှုကို အစုံလုပ်နိုင်ခဲ့တယ်။ ပြင်ဆင်မှုတွေကို အာရုံစူးစိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပါတယ်။ 

မေး - ဒါဆိုရင် ကြိုးဝိုင်းထဲဝင်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။

ဖြေ - ပြီးခဲ့တဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဆုကို ကျွန်တော် ယူနိုင်ခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့တာပါ။ ဒါက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ယုံကြည်မှုတွေ တိုးလာစေခဲ့တယ်။ အခုချိန်မှာ ပွဲအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပြီး ထွန်းထွန်းမင်းက စိန်ခေါ်သူဖြစ်တယ်။ ကျွန်တော်ကလည်း ကြိုးဝိုင်းထဲဝင်ဖို့ အဆင်သင့်ပါပဲ။ 

မေး - ထွန်းထွန်းမင်းက ဒီပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ပြောတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။

ဖြေ - ကျွန်တော်တို့နှစ်ယောက်က နှစ်ပွဲရင်ဆိုင်ခဲ့ဖူးတယ်။ ပထမတစ်ပွဲမှာ သရေ၊ ဒုတိယတစ်ပွဲမှာ ကျွန်တော် နိုင်တယ်။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ရင် ကျွန်တော်က အခုမှစတင် တိုက်ခိုက်မယ့်သူလို့ပဲ ခံယူထားတယ်။ ထွန်းထွန်းမင်း ဘယ်လို တိုက်ခိုက်လာမယ်ဆိုတာကိုလည်း ကျွန်တော် အပြည့်အဝ လေ့လာထားပါတယ်။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။

မေး - လက်ရှိချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ဘယ်လောက်အထိ ခက်ခဲနိုင်မလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ တိုက်ခိုက်ရေးပွဲစဉ်တွေ အများကြီးကိုထိုးသတ်ပြီး ဖြတ်သန်းလာခဲ့တာပါ။ ယှဉ်ပြိုင်ခဲ့ရတဲ့နိုင်ငံတွေ အတော်များပါတယ်။ အဲဒီလူတွေကလည်း ချန်ပီယံတွေချည်းပါပဲ။ ကျွန်တော့်အနေနဲ့ လူတွေရဲ့မေးခွန်းတွေကို ဖြေဆိုရတာ (၉၅) 

ရာခိုင်နှုန်းလောက် သဘောကျတယ်။ ဘဝမှာ ကျွန်တော်ဖြစ်ချင်တာတွေကို ပုံဖော်နိုင်ခဲ့တယ်။ ဒါကြောင့် ချန်ပီယံခါးပတ်ကိုလည်း ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

မေး - လက်ရှိမှာ ဘယ်နိုင်ငံသားအဖြစ် ခံယူထားသလဲ။

ဖြေ - ကျွန်တော်ကတော့ မြန်မာတစ်ယောက်လို့ပဲ ခံယူထားတာပါ။ မနက်မိုးလင်းရင် မုန့်ဟင်းခါးစားတယ်။ အပြင်သွားရင် လုံချည်ဝတ်တယ်။ ကျွန်တော် မြန်မာလိုမင်္ဂလာဆောင်ခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ရှင်သန်မှုက မြန်မာပါပဲ။ ဒါကြောင့် မြန်မာ လူမျိုးတွေလုပ်နိုင်တဲ့အရာအားလုံးကို ကျွန်တော် လုပ်နိုုင်မှာပါ။ လူမျိုးအရဆို ကျွန်တော့်ကိုယ်ထဲမှာ မြန်မာသွေးတွေ စီးဆင်းနေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ချစ်တယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်။ အခုချိန်မှာ ဘယ်နိုင်ငံသားခံယူမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

မေး - ထွန်းထွန်းမင်းနဲ့ထိုးသတ်ရမယ့်ပွဲက အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံးဖြစ်လာနိုင်မလား။ ဘယ်လိုထင်သလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ တိုက်ခိုက်တဲ့အလုပ်ကိုပဲ အာရုံစိုက်ထားတယ်။ ကျွန်တော့်ရဲ့ပြိုင်ဘက်ကိုလည်း ဒီအချိန်မှာ အဆင်သင့်ဖြစ်နေစေချင်တယ်။ သူကလည်း ကျွန်တော့်ကို အဆင်သင့် ဖြစ်နေစေချင်မှာပါပဲ။ ဒီပွဲကို အကြံ့ခိုင်ဆုံးပုံစံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ချင်တယ်။ ဒီပွဲက အကြီးမားဆုံးယှဉ်ပြိုင်မှုပါပဲ။ ထွန်းထွန်းမင်းနဲ့ ကျွန်တော်က အသက်အရွယ်ပိုင်းမှာလည်း ကွာခြားမှုမရှိပါဘူး။ ကြံ့ခိုင်မှုအပိုင်းမှာလည်း အတူတူပါပဲ။

မေး - ပွဲရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဖြေ - မြန်မာ့လက်ဝှေ့စွမ်းရည်ကို တိုးတက်အောင် ကျွန်တော် ကြိုးစားနေတယ်။ လက်ရှိမှာ ချန်ပီယံက ကျွန်တော်ပါ။ ဒီဆုကို ဆက်ထိန်းသိမ်းသွားမှာပါ။ ပရိသတ်တွေကို ကတိပေးပါတယ်။

မေး - ဖြည့်စွက်ပြောချင်တာ ရှိသေးသလား။

ဖြေ - မြန်မာပရိသတ်တွေအနေနဲ့ ကျွန်တော်က လက်ရှိ ချန်ပီယံဆိုတာကို နားလည်ပေးစေချင်ပါတယ်။ ချန်ပီယံခါးပတ်ကို အကောင်းဆုံးကာကွယ်သွားမှာပါ။ လက်ရှိမှာ ကျွန်တော် မြန်မာစာကို လေ့လာနေပါတယ်။ ဒီပွဲ အတွက်လည်း စိတ်ဓာတ်တက်ကြွနေပါတယ်။ အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

Most Read

Most Recent