အပြစ်ဒဏ်ပေးခြင်း

အပြစ်ဒဏ်ပေးခြင်း
Published 13 December 2018

အပြစ်ဒဏ်ပေးမှု တစ်ရပ်သည် အုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအပေါ် မလိုလားသော၊ မနှစ်သက်ဖွယ်ဖြစ်သော ရလဒ်တစ်ခု ပြဌာန်းသတ်မှတ်ခြင်းဖြစ်ပြီး အာဏာရှိသူ တစ်ဦးက စီရင်ခြင်းဖြစ်သည်။ ကလေးများကို စည်းကမ်းအတိုင်း ပြစ်ဒဏ်ပေးခြင်းမှသည် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများအထိ အတိုင်းအတာ ကျယ်ပြောသည်။ မလိုလားအပ် သို့မဟုတ် လက်ခံနိုင်ဖွယ်မရှိဟု ယူဆသောလုပ်ရပ် သို့မဟုတ် အမူအကျင့် တစ်ရပ်အား တုံ့ပြန်ခြင်း သို့မဟုတ် တားဆီးခြင်းအဖြစ် ပြုလုပ်ခြင်းဖြစ်သည်။ အကြောင်း ပြချက်များမှာ ကလေးတစ်ဦးအား မိမိကိုယ်ကိုယ် အန္တရာယ် ကျရောက်စေမှုမှ ရှောင်ရှားစေရန် အခြေအနေ သတ်မှတ်ပေးခြင်း၊ (အထူးသဖြင့် ပညာရေး အဝန်းအဝိုင်း သို့မဟုတ် စစ်တပ် အဝန်းအဝိုင်း၌) လူမှုရေးဆိုင်ရာ ထုံးတမ်းတစ်ရပ် ချထားခြင်း၊ စံသတ်မှတ်ချက်များကို ကာကွယ်ခြင်း၊ နောင်တွင် ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ခြင်း (အထူးသဖြင့် အကြမ်းဖက်မှု) နှင့် (လူမှုရေးဆိုင်ရာ အုပ်စုတစ်စုအပေါ် လွှမ်းမိုးကြီးစိုးထားသည့်) ဥပဒေကို ထိန်းသိမ်းခြင်း/တရားဥပဒေ စိုးမိုးရေးကို လိုက်နာခြင်းတို့ ဖြစ်ကြသည်။

မနှစ်သက်ဖွယ်ဖြစ်သော စီရင်သတ်မှတ်မှုတွင် ဒဏ်ငွေရိုက်ခြင်း၊ အပြစ်ဒဏ် ချမှတ်ခြင်း သို့မဟုတ် ထောင်တွင်းအကျဉ်းချခြင်းတို့အပြင် လိုလားသော သို့မဟုတ် နှစ်သက် ဖွယ်ဖြစ်သော တစ်စုံတစ်ရာကို ပယ်ချခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ ပါဝင်သည်။ အပြစ်ဒဏ်ပေးခံရသူသည် လူတစ်ဦးသာမက တိရစ္ဆာန် တစ်ကောင်ပင် ဖြစ်နိုင်သည်။ အာဏာ ရှိသူသည်လည်း အုပ်စုတစ်စု သို့မဟုတ် လူတစ်ဦးတည်း ဖြစ်နိုင်ပြီး ပြစ်ဒဏ်ပေးမှုကိုလည်း တရားရေးစနစ် တစ်ရပ်အောက်၌ တရားဝင် ဆောင်ရွက်ခြင်း သို့မဟုတ် မိသားစု တစ်ခုကဲ့သို့သော လူမှုရေးဆိုင်ရာ ဆက်တင်တစ်ခုခု၌ တရားမဝင် ဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်။ ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်း (အထူးသဖြင့် ထောင်ဒဏ်အပြစ်ပေးခြင်း) နှင့်ပတ်သက်၍ လေ့လာခြင်းနှင့် ကျင့်သုံးခြင်းကို ပြစ်မှုဗေဒ (Penology) ဟု ခေါ်သည်။ ပြစ်ဒဏ်ပေးခြင်းကို ခေတ်သစ်စကားရပ်အရ ပြုပြင်ထိန်းသိမ်းရေး (Correction) ဟု ခေါ်သည်။ ပြစ်ဒဏ်ပေးခြင်း လုပ်ငန်းစဉ်ကိုလည်း စကားလှစေရန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ဟု ခေါ်ဆိုလာကြသည်။

ပြစ်ဒဏ်ပေးရန်အတွက် တရားစီရင်ရေးတွင် ဒဏ်ခတ်ခြင်း (Retribution)၊ ဟန့်တားခြင်း (Deterrence)၊ ပြန်လည်ထူထောင်ပေးခြင်း (Rehabilitation) နှင့် မကျူးလွန်နိုင်အောင် ပြုလုပ်ထားခြင်း (Incapacitation) တို့ ပါဝင်သည်။ မကျူးလွန်နိုင်အောင် ပြုလုပ်ထားခြင်း၌ ပြစ်မှုကျူးလွန်သူများကို သားကောင်ဖြစ်နိုင်ဖွယ် ရှိသူများနှင့် မထိတွေ့အောင် ကာကွယ်ရန်အလို့ငှာ သီးသန့်ခွဲထားခြင်း ကဲ့သို့သော နည်းလမ်းမျိုး ပါဝင်နိုင်သည်။ တရားစီရင်ရေး၏ အဆိုပါ အချက်လေးချက်တွင် ဒဏ်ခတ်ခြင်းသည်သာ အပြစ်ဒဏ်ပေးခြင်း အဓိပ္ပာယ် သတ်မှတ်ချက်၌ အကျုံးဝင်နိုင်သည်။

အပြစ်ဒဏ်ပေးခြင်း အတိုင်းအတာများမှာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပြီး အပြစ်ဖော် ဆုံးမခြင်း၊ အခွင့်အရေး သို့မဟုတ် လွတ်လပ်ခွင့် ရုပ်သိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်း၊ ထောင်သွင်း အကျဉ်းချထားခြင်း၊ ၀ိုင်းပယ်ထားကြခြင်း၊ နာကျင်အောင် ပြုလုပ်ခြင်း၊ ခြေလက် ဖြတ်တောက်ပစ်ခြင်းနှင့် သေဒဏ်ပေးခြင်းတို့ ပါဝင်နိုင်သည်။ ခန္ဓာကိုယ်ပေါ် သက်ရောက်သော ပြစ်ဒဏ်ပေးခြင်းများတွင် စည်းကမ်းဥပဒေ ဖောက်ဖျက် ကျူးလွန်သူကို ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုဖြစ်စေခြင်းများ ပါဝင်သည်။ အပြစ်ဒဏ်ပေးခြင်းများကို ပြစ်မှုနှင့် ပြစ်ဒဏ် အပြန်အလှန် သဘောတရား၊ ပြစ်မှုနှင့် ပြစ်ဒဏ် အချိုးညီမှုသဘော တရားတို့အားဖြင့် တရားမျှတမှု ရှိမရှိ ဆုံးဖြတ်နိုင်သည်။ အပြစ်ဒဏ်ပေးခြင်းသည် လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်ခြင်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နိုင်ပြီး မလိုလားအပ်သော အမူအကျင့်များကို အပြစ်ဒဏ်ပေးခြင်းသည် လေ့ကျင့်သင်ကြားခြင်း နည်းပညာ သို့မဟုတ် အမူအကျင့်ဆိုင်ရာ ပုံသွင်းခြင်းစနစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ ပြစ်ဒဏ်ပေးခြင်း မှန်သမျှသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးချမ်းသာကို ရှေးရှုသည့် အပြုသဘောဆောင်သော လုပ်ရပ်မျိုးသာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်