မူးယစ်နှိမ်နင်းရေးနှင့် မျှတသောစီရင်ခွင့်

မူးယစ်နှိမ်နင်းရေးနှင့် မျှတသောစီရင်ခွင့်
Published 12 December 2018

NLD အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့်အတူ မူးယစ်နှိမ်နင်းရေးအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။ သမ္မတအနေဖြင့် မူးယစ်ပပျောက်ရေးအတွက် တိုက်ရိုက်စီမံကွပ်ကဲမှုများ လုပ်ဆောင်သကဲ့သို့ ပြည်သူများအတူတကွ ပူးပေါင်းပါဝင်၍ မူးယစ်တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးထားသည်။ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုအမြစ်တွယ်နေသကဲ့သို့ပင် မူးယစ်ပြဿနာသည်လည်း နှိမ်နင်းရန်ခက်သော အကြောင်းအရာတစ်ရပ် ဖြစ်နေသည်။ ယခုနှစ်ပိုင်းအတွင်း သက်ဆိုင်ရာက နိုင်ငံနှင့်အဝှမ်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပမာဏမှာ သမိုင်းတစ်လျှောက် စံချိန်တင် ပမာဏတစ်ရပ်သို့ပင် ရှိလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော်လည်း မူးယစ်တိုက်ဖျက်ရေးတွင် အားနည်းချက်များ၊ ဥပဒေဆိုင်ရာ လစ်ဟာနေမှုများ ရှိသည့်အတွက် ဝေဖန်ထောက်ပြ ခံနေရသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိခြင်း၊ အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များ၌ အားနည်းချက်များ ရှိနေသည်ဟု သုံးသပ်နေကြပြီး မူးယစ်ဆေး အဓိက ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရမိမှုများထက် လက်ဝယ်တွေ့ရှိသူ၊ သယ်ဆောင်သူနှင့် အချို့ဆိုလျှင် ပမာဏ အနည်းငယ်ဖြင့် ဖမ်းဆီးရမိကာ ကြီးလေးသော အရေးယူမှု ကြုံတွေ့ရတတ်သည်မှာ အငြင်းပွားစရာ ဖြစ်စေသည်။ လတ်တလောတွင် အနုပညာရှင်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်သည့် ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်နေကြသည်။ အာဏာပိုင်များအနေဖြင့် မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ရာတွင် လက်ကြီးသမားများ၊ နောက်ကွယ်မှ ပမာဏကြီးမားစွာဖြင့် ထုတ်လုပ် ဖြန့်ဖြူးနေသူများကို ထိထိရောက်ရောက ်နှိမ်နင်းနိုင်မှု မရှိလျှင် မူးယစ်တိုက်ဖျက်မှု အောင်မြင်နိုင်မည် မဟုတ်ပေ။ ကျပ်ငွေသိန်းပေါင်းသောင်းချီမိသော မူးယစ်ဆေးဝါးများ၏ ဇာစ်မြစ်အမှန်ကို မလိုက်နိုင်ဘဲ သယ်ဆောင်သူနှင့် တစ်ဆင့်ခံ ဖြန့်ချိသူများကိုသာ အရေးယူမှုပြုလုပ်နိုင်မည်ဆိုလျှင်လည်း မူးယစ်တိုက်ဖျက်ရေး စီမံကိန်းအောင် မြင်ရန် ခဲယဉ်းပေလိမ့်မည်။

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ပြဿနာကို ရင်ဆိုင်နေရမှုတွင် မြန်မာနိုင်ငံသည်လည်း စိုးရိမ်စရာ နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ဘိန်းစိုက်ပျိုး မှုပပျောက်ရေး ဆောင်ရွက်နေချိန်နှင့်တစ်ပြိုင်နက် စိတ်ကြွ ဆေးပြားထုတ်လုပ်သုံးစွဲသူ မြင့်မားသည့် ဒဏ်ကိုလည်း ရင်ဆိုင်ရပြန်သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းကို ကြည့်လျှင် ၁၉၉၉-၂၀၀၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီ သုံးပိုင်းခွဲ၍ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဘိန်းအဓိက စိုက်ပျိုးသော ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် လေးမြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် စီမံကိန်းများ ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း၊ စိတ်ကြွ ဆေးပြား သုံးစွဲမှု ပြဿနာ လူထုအကြား ပိုမိုပျံ့နှံ့လာခြင်းအပြင် အခြားစိတ်ကြွ ဆေးပြားများ ပေါ်ထွက် လာမှုရှိနေခြင်းတို့ကြောင့် မူးယစ်ထိန်းချုပ်ရေး စီမံကိန်းကာလအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း ထပ်မံတိုးမြှင့် လုပ်ဆောင်လျက် ရှိပြန်သည်။

မူးယစ်တိုက်ဖျက်ရေးအတွက် မည်သို့ပင် စီမံကိန်းများချစေကာမူ ကိုင်းဖျားကိုင်းနားကိုသာ ချိုးဖျက်နိုင်ပြီး ပင်စည်ကို မဖြိုလှဲနိုင်လျှင် အောင်မြင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် မူးယစ် နှိမ်နင်းရေးအတွက် အစိုးရအနေဖြင့် ရေရှည်ရေတို စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်သည့်နီးတူ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင် သုံးရပ်စလုံးမှ အချိတ်အဆက်မိစွာဖြင့် ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးသည်။ ဖမ်းဆီးခြင်းနှင့်အရေး ယူခြင်းဆိုင်ရာတို့အပေါ် မှန်ကန်စွာ သုံးသပ်ဆင်ခြင်နိုင်မှသာလျှင် မူးယစ်တိုက်ဖျက်ရေး အောင်မြင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)