ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု
Published 11 December 2018

လူအများက ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကို တူညီသောအရာအဖြစ် ထင်မှတ်မှားတတ်ကြသည်။ သို့သော် အနှစ်သာရသဘောအရ ယင်းနှစ်ခုသည် လွန်စွာကွဲပြားခြားနား သည်။ ယင်းနှစ်ခုအကြား အဓိက ကွဲပြားခြားနားချက်မှာ ခေါင်းဆောင်ဟူသည် သူ၏ နောက်သို့လိုက်သူများရှိပြီး စီမံခန့်ခွဲသူများ၌ သူတို့အတွက် အလုပ်လုပ်ပေးမည့်သူများသာ ရှိခြင်းဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းငယ်လေးများတွင် လုပ်ငန်းပိုင်ရှင်များအနေဖြင့်  လုပ်ငန်းအောင်မြင်ရန် အားကောင်းသော ခေါင်းဆောင်နှင့် စီမံခန့်ခွဲသူ နှစ်မျိုးစလုံး လိုအပ်သည်သာဖြစ်သည်။ လုပ်ငန်းအောင်မြင်ရေး စီမံချက်များအတိုင်း လက်တွေ့လုပ် ဆောင်မည့်အဖွဲ့ကို ဦးဆောင်ရန်နှင့် စီမံခန့်ခွဲရန် နှစ်မျိုးစလုံး လိုအပ်သည်။ ခေါင်းဆောင်မှုဟူသည် ကုမ္ပဏီအတွက် ချမှတ်ထားသော စီမံချက်များအတိုင်း ယုံကြည်လျက် ဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မိမိနှင့်အတူ အလုပ်လုပ်ရန် လူအများကို စေ့ဆော်ရခြင်းဖြစ်ပြီး စီမံခန့်ခွဲမှုဟူသည် နေ့စဉ်နေ့တိုင်း လုပ်ဆောင်ချက်များအား ဖြစ်သင့်သည့်အတိုင်းဖြစ်ရေး သေချာအောင်ပြုလုပ်ခြင်းနှင့်  ကြီးကြပ်ဆောင်ရွက်ရခြင်း ဖြစ်သည်။

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့သည် ချိတ်ဆက်လျက်ရှိနေရမည် ဖြစ်သည်။ ခေါင်း ဆောင်မှုနှင့် စီမံခန့်ခွဲမှုဟူသည် တူညီသော အရာမဟုတ်သော်လည်း တစ်ခုနှင့်တစ်ခု ဆက်နွှယ်လျက် အပြန်အလှန် အမှီပြုနေရသည်။ အဖွဲ့အစည်းတစ်ရပ်အတွင်း ယင်းနှစ်ခုကို ခွဲခြမ်းပစ်ရန် ကြိုးပမ်းမှုမှန်သမျှသည် ပြဿနာကို ဖြေရှင်းခြင်းထက် ပြဿနာများ ပိုမိုဖြစ်ပေါ်အောင် ပြုလုပ်ခြင်းဖြစ်ရန်သာ ဖြစ်နိုင်ခြေပို၍များသည်။ မည်သည့်ကုမ္ပဏီ အတွက်မဆို အောင်မြင်ရေးမှာ စီစဉ်ရန်၊ ဝန်ထမ်းများကို စုစည်းရန်နှင့် အချိုးညီစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် စီမံခန့်ခွဲမှု လိုအပ်သကဲ့သို့ ဝန်ထမ်းများ စွမ်းအားရှိသမျှ အကောင်းဆုံး လုပ်ဆောင်ရေးအတွက် ၎င်းတို့အား လှုံ့ဆော်ရန်နှင့် စေ့ဆော်မှုပေးရန် ခေါင်းဆောင်မှုလည်း လိုအပ်သည်။

ခေါင်းဆောင်များသည် အောင်မြင်မှုအတွက် ချီးကျူးရပြီး လူများကို တွန်းအား ပေးရသော်လည်း စီမံခန့်ခွဲသူများသည် အပြစ်အနာအဆာများကို ရှာဖွေရတတ်သည်။  ခေါင်းဆောင်သူနှင့် စီမံခန့်ခွဲသူ နှစ်ဦးစလုံးသည် ကုမ္ပဏီအတွက် ဖြစ်နိုင်သမျှ မြင်အောင်ကြည့်ပြီး ပုံဖော်ကြရသူများဖြစ်သည်။ စီမံချက်များ အကောင်အထည်ပေါ်လာစေရန် မိမိတို့၏ ဝန်ထမ်းများကို လှုံ့ဆော်မှုပြုရသူနှင့် လက်တွေ့ကိုင်တွယ်ကာ စီမံခန့်ခွဲရသူဟူ၍သာ ကွာခြားသည်။ ခေါင်းဆောင်မှုသည် လူတစ်ဦးချင်းစီကို သက်ဆိုင်ရာ ကျွမ်းကျင်မှုများ  စုစည်းထားရာ အစုသက်သက်ဟု မြင်ခြင်းကို ကျော်လွန်လျက် ၎င်းလူများကို လှုံ့ဆော်ကာ  ပိုမိုကြီးမားသည့် စွမ်းအားစုဖြစ်လာအောင် ပြုလုပ်ရသည်။ လုပ်ဆောင်ချက်မြင့်မားသော အဖွဲ့များအနေဖြင့် တစ်ဦးချင်းစီ အလိုအလျောက် လုပ်ဆောင်နေခြင်းထက် အတူတကွ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ကြသည့်အခါ ပို၍အောင်မြင်နိုင်ကြောင်းကို ခေါင်းဆောင်များက သတိပြုမိကြသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်း နှစ်ရပ်စလုံးအတွက် ၎င်းတို့ လုပ်ရမည့်အရာများကို နားလည်ရန်နှင့် လုပ်ဆောင်ရာ၌ အကောင်းဆုံးကို ရယူနိုင်ရန် ယင်းအပိုင်းနှစ်ရပ်အကြား ကွဲပြားခြားနားမှု၏ အနှစ်သာရကို ကောင်းစွာနားလည် သဘောပေါက်ရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁၂ ရက်နေ့ The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)