သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်သေးတာ ဘာကြောင့်လဲ

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်သေးတာ ဘာကြောင့်လဲ
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သတင်းထောက်ကိုစိုးမိုးထွန်း နာရေးမြေကျစဉ်က မြင်ကွင်းနှင့် မြေကျပြီးနောက် မြင်ကွင်း
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သတင်းထောက်ကိုစိုးမိုးထွန်း နာရေးမြေကျစဉ်က မြင်ကွင်းနှင့် မြေကျပြီးနောက် မြင်ကွင်း
Published 9 December 2018
ဌေးလှအောင်

“ကိုစိုးမိုးထွန်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ နှစ်နှစ်ပြည့်တော့ မယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုမှာ မနေ့ညက ဖြစ်ခဲ့သလိုပဲ ကြေကွဲခံစားနေရဆဲပါ။ ကျွန်မတို့မိသားစု ခံစားနေရသလို လုပ်ကြံသတ်ဖြတ်သွားကြတဲ့သူတွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ဆုတောင်းရမလိုဖြစ်နေပါပြီ။ နှစ်နှစ်ပြည့်ခဲ့ပေမယ့်လည်း အခုအချိန်အထိ အမှုမှန်မပေါ် ပေါက်သေးတော့ အမှုမှန်အမြန် ဆုံး ပေါ်ပေါက်ဖို့အတွက် အားလုံး ဝိုင်းဝန်းဖော်ထုတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်”

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ နှစ်နှစ်ပြည့်အချိန်ကို ရောက်ရှိ လာခဲ့ချိန်အထိ အမှုမှန် မပေါ်ပေါက်သေးတာကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြဖို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ရင်ဖွင့် တောင်းဆိုထားတာ ဖြစ်ပါတယ်။

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ယခု ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ နှစ်နှစ်မြောက်ကို ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းဘေးတစ်နေရာမှာသတင်းထောက်ကိုစိုးမိုးထွန်းကို ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာတွေ နဲ့ အခင်းဖြစ်နေရာမှာမှောက်လျက် သေဆုံးနေတာကို မြို့ခံအချို့က စတင်တွေ့ရှိခဲ့ကြပါတယ်။

သူ့ကို စတင်တွေ့ရှိခဲ့ချိန်က ဆိုင်ကယ်တိမ်းမှောက်ပြီး လူတစ်ယောက်လဲကျနေတယ် အထင်ကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ ကနဦး သွားရောက် စစ်ဆေးချိန်မှာ ယာဉ်တိမ်းမှောက်မှု မဟုတ်ဘဲ လူသတ်မှု ဖြစ်နေတာကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ကနေ သွားရောက် စစ်ဆေးကြည့်တဲ့အခါ သတင်းထောက်ကိုစိုးမိုးထွန်းဖြစ်နေတာကို မမျှော်လင့်ဘဲ တွေ့လိုက်ကြရပါတယ်။

ယခု ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီး အဓိကကျူး လွန်ခဲ့တဲ့တရားခံကို ဖမ်းမိဖို့ဆိုတာထက် သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်အမှုဟာ အမေ့လျော့ခံ အခြေအနေကို ရောက်ရှိသွားပြီလား။ ချောင်ထိုး ခံထားလိုက်ရပြီလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ။ ဒီမှုခင်းဖြစ်စဉ်ဟာ ရိုးရိုးသာမန်မှုခင်းဖြစ်စဉ် တစ်ခုမဟုတ်ပါဘူး။ ရက်စက်စွာနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်သလို အသတ်ခံခဲ့ရတဲ့သူက သတင်းထောက်တစ်ယောက် ဖြစ်နေပါတယ်။

လူသတ်မှု စတင်ဖြစ်ပွားခဲ့စဉ်က ရဲတပ်ဖွဲ့ ဆောင်ရွက်ချက်

ကိုစိုးမိုးထွန်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နောက်တစ်ရက်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး တရားခံအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အလေးထား ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ အဲဒီအဖွဲ့ကိုတော့ မုံရွာခရိုင် ရဲတပ်ဖွဲ့က “အထူးအမှုစစ်”အဖွဲ့အဖြစ် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရာထူး အလိုက် တာဝန်တွေခွဲဝေပေးထားတာတွေ့ရပါတယ်။ စုံစမ်း စစ်ဆေး ရေးအဖွဲ့မှာ သတင်းရရှိရေးအတွက် စုံစမ်းရေးအဖွဲ့နဲ့ စစ်ကြောရေးအဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲခြားပြီးတော့ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့ စည်းတာဝန်ပေးခဲ့ပါတယ်။

အဲဒီ အထူးအမှုစစ်အဖွဲ့ဟာ EMG ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုနဲ့ပတ်သက်ဆက်စပ်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးတာ၊ မသင်္ကာသူအချို့ကို ချုပ်ရမန်ရယူပြီးတော့ စစ်ဆေးတာ၊ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်းမခံရမီအချိန်က ခေါ်ဆိုထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရေးရုံးချုပ်တွေကိုပို့ဆောင်ပြီး ဖော်ထုတ်စစ်ဆေးတာ၊ အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာ တွေ့ရှိခဲ့တဲ့ ကိုစိုးမိုးထွန်းကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ် လို့ယူဆရတဲ့တုတ်ကို စစ်ဆေးတာ၊ အခြားသက်သေခံပစ္စည်းတွေကို စစ်ဆေးတာ၊ သူနဲ့ အဆင်မပြေဖြစ် ခဲ့ဖူးတဲ့သူတွေကို ခေါ်ယူမေးမြန်းတာ၊ သတင်းစုံစမ်းတာစတဲ့ ရဲတပ်ဖွဲ့ ရဲ့လုပ်ဆောင်သင့်တဲ့ အချက်တွေကို လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် မြန်မာလူမျိုးတို့ရဲ့ အယူအစွဲတစ်ခုဖြစ်တဲ့ သေဆုံးသွားသူရဲ့ဝိညာဉ်ကိုခေါ်ယူပြီး တော့ မေးမြန်းတာအဆုံး အစရှိတဲ့ အမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ခဲ့တာတွေကို EMG ရဲ့ သတင်းထောက်တစ်ယောက် အနေနဲ့ ကိုယ်တိုင်သွားရောက် သတင်းရယူနေခဲ့ရတဲ့အတွက် သိရှိခဲ့ရပါတယ်။အမှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခဲ့တဲ့ သူတွေနဲ့ ချုပ်ရမန်နဲ့ချုပ်ရက် ရယူပြီး စစ်ဆေးခဲ့သူတွေကိုလည်း တရားစွဲတင်နိုင်တဲ့ ခိုင်လုံတဲ့အချက်အလက်တွေ မတွေ့ရှိတာကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ အရ အချုပ်ကနေ ပြန်လွှတ်ပေးလိုက်ရပါတယ်။ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကိုစိုးမိုးထွန်းလုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးနောက် လ အနည်းငယ်ကြာချိန်အထိ ဆောင်ရွက်ချက်တွေက အားရစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ တဖြည်းဖြည်းနဲ့ အားလျော့သွားတာ တွေ့ရပါတယ်။ မုံရွာခရိုင် ရဲတပ်ဖွဲ့က ဖွဲ့စည်းပေးခဲ့တဲ့ “အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့”ရဲ့ ခေါင်း ဆောင်အချို့အပါအဝင် ရဲတပ်ဖွဲ့ ဝင်တွေ ဟာ ရာထူးအပြောင်းအရွှေ့ တာဝန်တွေနဲ့ ပြောင်းရွှေ့သွားကြပြီးနောက်ပိုင်းမှာတော့ အမှုဟာ တဖြည်းဖြည်းနဲ့ မှုန်ဝါးလို့ လာခဲ့ပါတယ်။

အမှုကို ဦးဆောင်စစ်ဆေးခဲ့ရာမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး(ယခုပြောင်းရွှေ့သွားပြီး) ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းနဲ့ ရင်းနှီးမှုရှိသူတစ်ယောက်ဖြစ်တာနဲ့အညီ အမှုမှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင် ရာရဲတပ်ဖွဲ့အထက်အရာရှိတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မှုအချို့ လုပ်ဆောင်ခဲ့ တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထို့အတူပဲ ကိုစိုးမိုးထွန်းလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး အတွက် သူ့ရဲ့မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Group က လိုအပ်နိုင်မယ့်ကူညီမှုတွေ၊ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင် ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကိုလည်း EMG က ကူညီထောက်ပ့ံပေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုဟာ ထူးခြားမှုမရှိတော့တဲ့အပြင် လျစ်လျူရှုခံထားရတဲ့အမှုတစ်ခုလို ဖြစ်နေပါပြီ။ လတ်တလောစုံစမ်းမှုများအရ အမှုကို CID က ကိုင်တွယ်ထား ပြီးတရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လုပ်ဆောင်နေတယ်ဆိုတာက လွဲလို့ ထူးခြားမှုက ဆက်လက်တိုးတက် မလာတော့ပါဘူး။ သူ့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုယနေ့ အချိန်အထိ မမေ့ကြသေးပါဘူး။ အမှုအမှန် အမြန်ဆုံးပေါ်ပေါက်စေချင်ကြသလို အဓိကကျူးလွန်သူတွေ အပါအဝင် နောက်ကွယ်ကနေ စေခိုင်းခဲ့သူတွေကိုပါ အမြန်ဆုံး ဖော်ထုတ်ပေးစေလိုနေကြပါပြီ။ 

လူသေမှု မဟုတ်တဲ့ လူသတ်မှုကို  လျစ်လျူရှုထားလိုက်ကြပြီလား

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ နှစ်နှစ်မြောက်ကိုရောက်ခဲ့ပေမယ့် အဓိက ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးတာကြောင့် အမှုမှန်အမြန် ဆုံးပေါ်ပေါက်ဖို့အတွက် သူ့ရဲ့ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေနဲ့ မိတ်ဆွေတွေက သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို ထပ်မံတောင်းဆိုထားကြတဲ့အပြင် လက်ရှိအချိန်မှာ အမှုဟာ အမေ့ဖျောက်ခံပုံစံဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာကို မေးခွန်းထုတ် ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။ လက်ရှိ အမှုအခြေအနေ ဟာ လတ်တလောစုံစမ်းမှုတွေအရ ဘာမှထူးခြားမှုမရှိတော့တဲ့အပြင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းရာမှာလည်း တိကျရေရာတဲ့အဖြေကို မပြောဆိုနိုင် ကြတာတွေ့ရပါတယ်။

“ဒီအမှုက သာမန်လူသေဆုံးတဲ့ အမှုတစ်ခုမဟုတ်ဘူးဗျ။ လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ လူသတ်မှုတစ်ခုဖြစ်တယ်။ လူတစ်ယောက်လုံးအသတ်ခံရတဲ့ အပေါ်မှာ အလေးမထားသလို ခံစားရတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်နေတယ်။ အမှုဟာ ဘယ်အဆင့်အထိ ရောက်နေပြီ ဆိုတာ သတင်းစာရှင်းလင်းပွဲပုံစံမျိုးနဲ့ မီဒီယာကိုပွင့်ပွင့်လင်းလင်း ချပြသင့်တယ်။ အမှုကနှစ်နှစ်နီးပါး ရှိသွားပြီ။ အခုအချိန်အထိ အမှုမှန်က မပေါ်ပေါက်သေးဘူး။ ကျွန် တော်တို့ မုံရွာသတင်းထောက်တွေအနေနဲ့ အခုလို ဒီဇင်ဘာလရောက်တိုင်းမှာ ကိုစိုးမိုးထွန်းလုပ်ကြံ သတ် ဖြတ်ခံရတာနဲ့ပတ်သက်ပြီး အမြဲ တမ်းခြောက်လှန့်နေသလို ခံစားနေရတယ်။ လက်ရှိ အမှုအခြေ အနေကတော့ အရင်ကအမှုကို ကိုင်ခဲ့တဲ့ စခန်းမှူးမရှိတော့ဘူး။ နောက်ထပ်ကို နှစ်ယောက်သုံးယောက် ထပ်ပြောင်းသွားပြီ”လို့ မုံရွာမြို့ခံ သတင်းထောက်တစ်ဦးက အမှုအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်သဘောထားကို ပြောပြထားတာပါ။

ကိုစိုးမိုးထွန်း လုပ်ကြံသတ် ဖြတ်ခံရပြီး မကြာခင်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အမှုအခြေအနေနဲ့ပတ်သက်ပြီး တရား ခံမပေါ်ပေါက်သေးတဲ့အပေါ် ကသာမြို့နယ် အမှတ်(၁)လွှတ် တော် ကိုယ်စားလှယ်က မေးခွန်းမေးမြန်းတာ ပြုလုပ်ခဲ့ပါတယ်။   

လွှတ်တော်ကိုယ်စားလှယ်ရဲ့မေးခွန်းမေးမြန်းမှုအပေါ်မှာ နယ်လုံဝန်ကြီး(ယခုပြောင်းရွှေ့ပြီး) က ပြန်လည်ဖြေကြားခဲ့ရာမှာ ပြစ်မှုကျူးလွန်သူတရားခံကို ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်ပြီး မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး ဆောင်ရွက်နေတယ်လို့ ပြန်လည် ဖြေကြားခဲ့တာ တွေ့ရပါတယ်။ ဒါက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက မေးမြန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဲဒီတုန်းက အမှုကိုကိုင်တွယ်ခဲ့ကြတဲ့ ရဲအရာရှိအားလုံးနီးပါးဟာ ပင်စင်ယူသွားတာ၊ ရာထူးအပြောင်းအရွှေ့နဲ့ နေရာပြောင်း ရွှေ့သွားကြပြီဖြစ်တဲ့အပြင် မေးခွန်းကိုဖြေကြားခဲ့တဲ့ နယ်လုံဝန်ကြီးပါ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အဲဒီလို ပြောင်းရွှေ့သွားပေမယ့်လည်း ဒီအမှုဟာလူသတ်မှုဖြစ်တာကြောင့် နောက်ထပ်ရောက်ရှိလာတဲ့ ရဲအရာရှိတွေက အမှုကိုပြန်လည် ကိုင်တွယ်ပြီးတော့ ပြစ်မှုကျူး လွန်သူတွေကိုအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီးစိုးရိမ်နေကြတဲ့ သတင်းထောက်ကိုစိုးမိုးထွန်းရဲ့မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ   အပါအဝင် အများပြည်သူသိရှိစေဖို့အတွက် လက်ရှိဆောင်ရွက်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသင့်တဲ့ အချက်အလက်တွေ ကို သတင်းထုတ်ပြန်ပေးသင့်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ပြောကြားချက်က လေထဲမှာ ပျောက်သွားပြီလား

EMG မုံရွာအခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ် ဖြတ်ခြင်းခံခဲ့ရပြီးနောက် တစ်ပတ် ခန့်အကြာ(ဒီဇင်ဘာ ၁၉ ရက်) မှာ ကိုစိုးမိုးထွန်းရဲ့အိမ်ကိုစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်လာရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကို အားပေးစကား ပြောကြားတာ၊ နာရေးကူညီထောက်ပ့ံငွေပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မိသားစုဝင်တွေကို အားပေးစကား ပြောကြားခဲ့သလို ထိုစဉ်ကအမှုကိုစုံစမ်းစစ်ဆေးနေသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး (ယခုပြောင်းရွှေ့ပြီး) ကို အမှုနဲ့ပတ်သက်ပြီး အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ နောက်ကွယ်ကနေအမှုမှာ ပါဝင်ပတ်သက်သူတွေကိုပါ ဖော်ထုတ်အရေးယူပေးဖို့ ပြောကြားခဲ့ပါတယ်။

မိသားစုဝင်တွေကို အားပေးစကားပြောကြားရာမှာတော့ “လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သတင်း ထောက်ကိုစိုးမိုးထွန်းက တာဝန်ကျေပွန်ခဲ့တဲ့ သတင်းမီဒီယာသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူလုပ် ကြံသတ်ဖြတ်ခံရတဲ့ အကြောင်းကို ကျွန်တော့်အနေနဲ့သတင်းကြားစဉ်မှာပဲ အ့ံသြထိတ်လန့်ဖြစ်ခဲ့ရတယ်။ မုံရွာမြို့အတွက် အားထားရတဲ့ သတင်းမီဒီယာသမားတစ်ဦး ဆုံးရှုံးလိုက်ရခြင်းဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ကိုစိုးမိုးထွန်းအတွက် ဂုဏ်ယူရမှာဖြစ်တယ်။ လက်ရှိအမှုဖြစ်စဉ်ကို အမြန်ဆုံးအမှုမှန်ပေါ်ပေါက်စေရန် အတွက် ညွှန်ကြားမှုများပြုလုပ်ထားပြီး အမှုမှန်ပေါ်ပေါက်စေရန် အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် မုံရွာမြို့ပေါ်တွင် ဖြစ် ပွားခဲ့တဲ့ ယခုသတင်းထောက် သတ်ဖြတ်ခံရသည့်အမှုကို မဖော်ထုတ်နိုင်ပါက သိက္ခာကျစရာဖြစ်ကြောင်း၊ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်မှုကို လုံးဝလက်ခံသွားမှာ မဟုတ်ကြောင်း” အစရှိသဖြင့် မိသားစုဝင်တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

ထို့အတူပဲ အမှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ ကို ပြောကြားထားခဲ့တာလည်းရှိပါ သေးတယ်။ “ဒီအမှုကို အမှန်အတိုင်းပဲ ပေါ်စေချင်တယ်။ ဒီအမှုက သေသချာချာနဲ ့ကြိုတင်ကြံစည်ပြီးတော့ စနစ်တကျနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်တယ်။ ကျူးလွန်သူဟာ သုံးဦးခန့်ရှိမယ်လို့သိရတယ်။ အဲဒါက လူသတ်မှုကျူးလွန်ခဲ့သူတွေ။ အဲဒီလူသတ်မှုကို နောက်ကွယ်ကနေပြီး စနစ်တကျနဲ့ ကြိုးကိုင်စေခိုင်းသူတွေ အများကြီးရှိနေသေးတယ်။ အဲဒီသူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးပေးဖို့လိုတယ်။ ဖော်ထုတ်ပြီးလည်း ဥပဒေနဲ့အညီ ဖမ်းဆီးရမယ်။ အမှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့အဆုံးအထိလိုက်ပါ။ အဆုံးအထိလုပ်ပါ။ ဥပဒေနဲ့အညီ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကြပါ။ အဲဒါဆိုရင် ကျွန်တော်တတ်နိုင်တာ အားလုံးကူညီပေးမယ်။ ရဲရဲဝ့ံဝ့ံနဲ့ လုပ်ဆောင်ပါ။ ခင်ဗျားတို့ဘက်မှာ လိုအပ်ရင် ကျွန်တော်ရပ်ပေးမယ်။ အမှုအမှန်အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းခဲ့တဲ့သူတွေကိုလည်း ရအောင်စုံစမ်းပြီးဖော်ထုတ်ဖမ်းဆီးပေးပါ။ မင်းမဲ့စရိုက်ဆန်တာကို လက်မခံနိုင်ဘူး။ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီလိုလုပ်ချင်သလိုလုပ်နေတာကို လုံးဝလက်မခံနိုင်ဘူး။ ဒီလူသတ်မှုမှာဆိုရင် ကျူးလွန်ခဲ့သူသုံးဦးပဲ ဖမ်းဆီးမိပြီးပြီးသွားရင် ဒါဟာ မဟုတ်သေးဘူး။ နောက်ကွယ်မှာ ကြိုးကိုင်စေခိုင်းနေသူတွေကိုပါရ အောင်စုံစမ်းဖော်ထုတ်ပါ။ အဆုံးအထိလိုက်ပါလို့ပြောချင်တယ်။ ဒီ လူသုံးယောက်လောက်နဲ့မပြီးပါနဲ့။ နောက်ကွယ်က ကြိုးကိုင်ခဲ့သူကိုပါ ရအောင်ဖော်ပေးပါ။ လူသတ်သမားက ငွေရှိရင် ကိုယ်တိုင်လုပ် မှာမဟုတ်ဘူး။ တခြားသူကို ခိုင်းမှာပဲ။ ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူကို ဖော်ထုတ် ဖမ်းဆီးပါ။ နောက်ထပ်မှာချင်တာက ဒီအိမ်ကညတိုင်မှာ အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်။ သူတို့မိသားစုကိုလည်း လုံခြုံရေးလုပ်ပေးထားပါ။ အမှုကို အမြန်ဆုံးအမှန်အတိုင်း ပေါ်ပေါက်ဖို့ အားလုံး ဝိုင်းဝန်းပေးကြပါ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ပြောကြားချက်တွေဟာ ကိုစိုးမိုးထွန်းရဲ့မိသားစုဝင်တွေအတွက် အားတက်စရာ ဖြစ်ခဲ့သလို သူ့ရဲ့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေအတွက်ပါ အားရစရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုဟာ နှစ်နှစ်ဆိုတဲ့အချိန်ကာလကိုသာ ရောက်ရှိလာခဲ့ပေမယ့် အဓိက ကျူးလွန်သူမပြောနဲ့။ အမှုနဲ့ပတ်သက်ဆက်စပ်သူတစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပြောကြားခဲ့သလို ကိုစိုးမိုးထွန်းကို လုပ်ကြံသတ်ဖြတ်တဲ့ အမှုမှာက တစ်ဦးတစ်ယောက်တည်း မကနိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် နောက်ကွယ်က ပါဝင်ပတ်သက်နေသူတွေကိုပါ ရဲတပ်ဖွဲ့အနေနဲ့ဖော်ထုတ်ဖမ်းဆီးပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ရင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပြောကြားခဲ့သလို သိက္ခာကျစရာဖြစ်သွားနိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန် ကြီးချုပ် ဒေါက်တာမြင့်နိုင်ပြောကြားခဲ့တာတွေက အဲဒီအချိန်တုန်းက အားရဖွယ်ရာကောင်းခဲ့တာ အမှန်ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမှုဟာနှစ်နှစ်ကြာရှိလာခဲ့ချိန်အထိ ဘာမှထူးခြားမလာတဲ့အပြင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပြောကြားထားတဲ့ အမှုမှန်အမြန် ဆုံးဖော်ထုတ်ရေးဆိုတဲ့ စကားဟာ လက်ရှိမြေပြင်မှာဖြစ်နေတာနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက သတင်းထောက်ကိုစိုးမိုးထွန်းအ သတ်ခံခဲ့ရတာ တစ်နှစ်ပြည့်သွားပေမယ့် အမှုမှန်မဖော်ထုတ်နိုင်သေးတဲ့အပေါ် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံကို အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် အသနားခံစာ တစ်စောင်တင်ပြခဲ့ကြပါတယ်။ အ သနားခံစာတင်ပြခဲ့တဲ့အပေါ်မှာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အ မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပေါ့ဆမနေကြဘဲ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ကြဖို့မှာကြားထားတယ်လို့ အကြောင်းပြန်ကြားခဲ့ တယ်လို့  ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

သို့သော် ယခုနှစ်နှစ်ပြည့်သည့်အချိန်အထိ အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတရားခံတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရမိခြင်းမရှိသည့်အပြင် အမှုမှန်ပေါ်ပေါက်ဖို့ဝေစွအမှုကိုပင် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို မသိရသည့်အခြေအနေအထ ိဖြစ်ပျက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရဲ့ ပြောကြားချက်တွေဟာ အရာမရောက်တော့ဘူးလား။ လေထဲမှာပဲ ပျောက်ကွယ်သွားတော့မှာလားလို့ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါပြီ။ နှစ်နှစ်ပြည့်သည့်အချိန်အထိ အမှုမှန်မပေါ်ပေါက်သေးတာကြောင့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့အတွက် သိက္ခာကျစရာဖြစ် နေပြီလားလို့  ယူဆရဖွယ်ရှိနေပါပြီ။ လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံ တွေနဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့ သူ လူတစ်စုကတော့ လက်ရှိအချိန်အထိ တရားဥပဒေစိုးမိုးရေးကို သွားဖြဲပြီး စိန်ခေါ်ပြနိုင်နေဆဲဖြစ်ပါတယ်။

ကိုစိုးမိုးထွန်း မိသားစုဝင်တွေရဲ့ ထပ်မံတောင်းဆိုချက်

သေဆုံးသူကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဇနီးနဲ့သား ဖြစ်သူတို့ကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ထို့အတူပါပဲ သူ့ ရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Goup ကလည်း အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုထားဆဲဖြစ်ပါတယ်။ ကိုစိုးမိုးထွန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဆွေတွေကလည်း အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

“ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ နှစ်နှစ်ပြည့်တော့မယ်။ အမှုကအခုအချိန်အထိ ဘာမှထူးခြား မလာသေးပါဘူး။ ကျွန်မကတော့ မကြာမကြာသက်ဆိုင်ရာ ရဲစခန်းကို သွားမေးကြည့်တယ်။ ဆောင်ရွက်နေပါတယ်ဆိုတာက လွဲလို့ ဘာမှထူးတာမကြားရဘူး။ အမှုကို မေ့မေ့ပျောက်ပျောက်နဲ့ ပြီးသွားမှာ အရမ်းစိုးရိမ်နေမိတယ်။ အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ ကျွန်မအနေနဲ့တောင်းဆိုချင် ပါတယ်။ မနှစ်က တစ်နှစ်ပြည့်တုန်း က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးဆီကို အသနားခံစာတင်ပြခဲ့ပါသေးတယ်။ ဝန်ကြီးချုပ်ကြီးပြောတာကတော့ အမှုကိုပေါ့ဆမနေဘဲ အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ မှာကြားထားတယ်လို့ အကြောင်း ပြန်ကြားထားပါတယ်။ ဒါပေမဲ့ အခု နှစ်နှစ်ပြည့်ခဲ့ပေမယ့် အမှုမှန်က မပေါ်ပေါက်သေးပါဘူး”လို့ သတင်းထောက်ကိုစိုးမိုးထွန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ချိုလတ်က အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆောင်းဆို ထားပါတယ်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းမှာ အခြေခံပညာ မူလတန်းကို တက်ရောက်ပညာသင် ကြားနေတဲ့အသက်ကိုးနှစ်ကျော် အရွယ်ရှိတဲ့ အရွယ်မရောက်သေး တဲ့ သားလေးတစ်ယောက် ကျန်ရှိခဲ့ ပါတယ်။ အဲဒီကျန်ရစ်ခဲ့တဲ့သားငယ် ရဲ့ပညာရေးကိုတော့ ဧရာဝတီဖောင်ဒေးရှင်းကနေ ကလေးရဲ့ပညာရေးဆုံးခန်းတိုင်ချိန်အထိ ထောက်ပ့ံကူညီပေးထားတယ်လို့ သိရပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့သားငယ်ဖြစ်သူကလည်းအမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးပါလို့ တောင်းဆိုထားပြန်ပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ မီဒီယာလုပ်ငန်းအပေါ် တာဝန်ကျေမှုနဲ့  စိတ်နေသဘောထား

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းအကြောင်း အနည်းငယ် တင်ပြပေးချင်ပါတယ်။ ကိုစိုးမိုးထွန်းဟာ အရင်သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက သတင်းမီဒီယာလောကထဲမှာ ဝင်ရောက်နေပြီဖြစ်ပါတယ်။ သူဟာ မုံရွာမြို့အနီးဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ဒေသဆိုင်ရာ သတင်းတွေ၊ မုံရွာမြို့ပေါ်မှာဖြစ်ပျက်နေတဲ့ သတင်းတွေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်နေတဲ့သတင်းတွေ၊ သစ်မှောင်ခိုသတင်းတွေ၊ မုံရွာမြို့ပေါ်မှာ  KTV ဆိုင်တွေ များပြားလာမှုတွေနဲ့ အခြားသော ဒုစရိုက် မှုတွေပါဖြစ်ပွားလာမှုတွေ၊  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလသတင်းတွေ အစရှိတဲ့ သတင်းတွေကို စုံစမ်း ဖော်ထုတ်ပြီး အမှန်အတိုင်း သတင်းရေးသားခဲ့တာကို တွေ့ရှိရပါတယ်။         

သတင်းမီဒီယာလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားမှုရှိပြီး မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့အထိ သတင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားခဲ့တာ တွေ့ရပါတယ်။ သူရဲ့ပင်ကိုဟန်က အမြဲပြုံးရွှင်နေတတ်ပြီး အများအပေါ်မှာလည်း ကူညီတတ်တဲ့ စိတ်ထားရှိသူတစ်ယောက် ဖြစ်ပါတယ်။ မတရားမှုတွေ့လာရင် အဲဒီသူကို အားမနာတမ်း ဝေဖန် ထောက်ပြတတ်တဲ့ အကျင့်စရိုက်ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မုံရွာမြို့ပေါ်မှာ မတရားမှု လုပ်ဆောင်နေသူတွေ၊ သစ်မှောင်ခို လုပ်ဆောင်နေသူတွေ စတာတွေကိုလည်း အမြဲဝေဖန်ရေးသားခဲ့တာတွေ့ရပါတယ်။ လူမှုဆက်ဆံ ရေးမှာလည်း အများနဲ့အဆင်ပြေစွာ ပေါင်းသင်းနေထိုင်တတ်သလို ရန်ငြိုးရန်စကင်းသူတစ်ယောက်ဖြစ်တာကိုလည်း စုံစမ်းတွေ့ခဲ့ရပါတယ်။ အမြဲဲပြုံးရွှင်စွာနေတတ်ပြီး အများအပေါ်မှာ ကူညီတတ်သူ၊ မတရားမှုတွေကို နှုတ်ဆိတ်တတ်လေ့မရှိဘဲ ဝေဖန်ထောက်ပြတတ် သူ၊ လူတိုင်းနဲ့အဆင်ပြေစွာ ပေါင်းသင်းနေထိုင်တတ်သူတစ်ယောက်ကို ဘယ်သူတွေက ဘာအငြိုးကြောင့် အခုလို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြတာလဲဆိုတာ မတရားမှုတွေကို ဖော်ထုတ်တာကို မနှစ်မြို့ကြတဲ့၊ မတရားမှုကို နှစ်ခြိုက်ကြ သူတွေက လုပ်ကြံသွားကြတာလား ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းကိုသတ်တာ  ဘယ်သူလဲ၊  ဘာကြောင့် အမှုမှန် မပေါ်သေးတာလဲ

သတင်းထောက်ကိုစိုးမိုးထွန်းကို လုပ်ကြံသတ်ဖြတ်တာက သူ့တစ်ယောက်ကိုပဲ လုပ်ကြံသတ်ဖြတ်သွားတာ မဟုတ်ပါဘူး။ သူနဲ့ ပတ်သက်ဆက်စပ်နေတဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုပ်ကြံသတ်ဖြတ်သွားခဲ့တာပါ။ မင်းတို့ ဒီလိုလုပ်ရင် ငါတို့ လည်း ဒီလို ပြန်လုပ်ပြမယ်ဆိုတဲ့ လူမိုက်ဆန်တဲ့ အပေါစားစိတ်ဓာတ်တွေနဲ့ မတရားမှုကို လုပ်ဆောင်နေသူတွေက အမှန်တရားနဲ့တရားမျှတမှုကို မြတ်နိုးသူတွေကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ နောက်ပြီး သတင်းထောက်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် မီဒီယာဆိုတဲ့ ကလောင်ကိုင်တဲ့ လက်ကို သွေးစွန်းစေတဲ့အထိ လုပ်ဆောင်ကြံစည်ခဲ့တာလည်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာလို ဖွံ့ဖြိုးစနိုင်ငံမှာ သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေကြရသူတွေဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေ လုပ်ကြံခံရမှုတွေနဲ့ အချိန်မရွေး ကြုံတွေ့နိုင်တယ်ဆိုတာ ဖြစ်ပွားခဲ့ တဲ့ ဖြစ်စဉ်သာဓကတွေက သက်သေပြနေပါတယ်။ ဒါ့အပြင် သတင်း ထောက်တွေအနေနဲ့ သွားလာလှုပ်ရှား သတင်းရယူရတဲ့အချိန်မှာ လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်က လွှမ်းမိုးနေတဲ့အတွက် အများပြည်သူသတင်း အမှန်သိရှိစေဖို့အတွက် ထိခိုက်ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပေါ် စေခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေဟာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေ၊ မတရားသဖြင့် ဖိနှိပ်ခံနေရမှုတွေ၊ တရားမျှတမှုမရှိတာတွေကို စုံစမ်းဖော်ထုတ်သတင်းရေးသားနေကြရသလို တစ်ဖက်ကလည်း ဥပဒေကို လက်တစ်လုံးခြားအသုံးပြုပြီး တရားစွဲဆို ထောင်ချချင်နေကြသူတွေနဲ့လည်း အများကြီးကြုံတွေ့နေရပါတယ်။ အမှန်တရားကို ဖုံးဖိချင်သူတွေ၊ မတရားမှုကိုနှစ်ခြိုက်ကြသူတွေကတော့ အမှန်တရားကိုမြတ်နိုးပြီး တရားမျှတမှုကို ဖော်ထုတ်ချင်သူတွေကို မနှစ်မြို့မုန်းတီးကြ မှာ ဧကန်မလွဲပါဘူး။ ယခု ကိုစိုးမိုးထွန်းဖြစ်စဉ်က သက်သေပြသွားခဲ့ပါပြီ။ မတရားမှုတွေရှိနေသမျှ တရားမျှတမှုနဲ့ အမှန်တရားအတွက် စုံစမ်းဖော်ထုတ်သူတွေကတော့ မည်ကဲ့သို့ပင် လုပ်ကြံသတ်ဖြတ်ဖြတ် ထွက်ပေါ်လာနေဦးမှာ ဖြစ်ပါတယ်။

ယခု မတရားမှုကို ဖော်ထုတ်ရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းသေဆုံးသွားခဲ့တာ နှစ်နှစ် ပြည့်ပါတော့မယ်။ ဒါပေမဲ့ အမှုဟာ တရားခံကို စုံစမ်းရှာဖွေနေဆဲအဆင့်နဲ့သာရှိနေဆဲဖြစ်ပြီး အမှုမှန်မပေါ် ပေါက်သေးပါဘူး။ ယခုနှစ်နှစ်ပြည့် ချိန်အထိ ကိုစိုးမိုးထွန်းကို ဘယ်သူ သတ်သွားတာလဲဆိုတဲ့ မေးခွန်း တွေသာရှိပြီး သို့လော သို့လော အတွေးစများနဲ့အတူ ဘာကိုမှ ရေရေ ရာရာ မသိရသေးပါဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးနဲ့ အမှုမှန်အမြန် ဆုံးဖော်ထုတ်ပေးဖို့ ထပ်မံတောင်း ဆိုချင်ပါတယ်။

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဒီဇင်ဘာ ၁၃ ရက်မှာ နှစ်နှစ်ပြည့်မှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အမှုမှန်မဖာ်ထုတ်နိုင်သေးတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ရဲ့ပြောကြားချက်တွေကို မေးခွန်းထုတ်ဝေဖန်နေကြသလို လက်ရှိ စစ်ကိုင်းတိုင်းဒေသ ကြီးရဲတပ်ဖွဲ့ကိုလည်း မေးခွန်းထုတ်ဝေဖန်နေကြပါတယ်။ နောက်ဆုံးမှာတော့ သတင်းထောက်ကိုစိုးမိုး ထွန်းကို ဘယ်သူသတ်တာလဲဆိုတဲ့ မေးခွန်းတွေကို အမြန်ဆုံးအဖြေမှန်ပေးနိုင်ဖို့အတွက် ကျူးလွန်ခဲ့သူ တရားခံနဲ့ နောက်ကွယ်ကကြိုးကိုင်သူ ကြိုးဆွဲသူစသဖြင့် အမြန်ဆုံး ဖော်ထုတ်နိုင်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေဟုသာ ဆုတောင်း နေရမည်ကလွဲ၍. ။