ပွင့်လင်း၍ ဘက်ကင်းရန်အရေးကြီးသည့် အဂတိတိုက်ဖျက်ရေး

ပွင့်လင်း၍ ဘက်ကင်းရန်အရေးကြီးသည့် အဂတိတိုက်ဖျက်ရေး
Published 7 December 2018

မကြာမီကပင် ပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖိုရမ်တွင် မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှု အမြစ်တွယ်နေသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။ ထို့ပြင် ကော်မရှင်အနေဖြင့် လူပုဂ္ဂိုလ်ကို အခြေခံ၍ တိုက်ဖျက်နေခြင်းမဟုတ်ဘဲ စနစ်ကို တိုက်ဖျက်နေခြင်းဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ ဘဏ္ဍာရန်ပုံငွေကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားသုံးစွဲသည့် ဌာနများကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်။ စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုမှာ အင်စတီကျူရှင်းများကို မကျန်းမမာဖြစ်စေသည့်အပြင် နူရာဝဲဆွဲ၊ လဲရာ သူခိုးထောင်းဆိုသကဲ့သို့ အလုပ်ဌာနများတွင် အုပ်စုဖွဲ့ အဂတိလိုက်စားခြင်းအဖြစ်သို့ရောက်ရှိလာပြီး ဆရာမွေး တပည့်မွေးပုံစံဖြင့် အထက်အောက် မျှဝေခံစားမှုများရှိနေဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့ပြန်သည်။ နိုင်ငံဂုဏ်သိက္ခာနှင့် အများပြည်သူရေရှည် အကျိုးစီးပွားအတွက် အဂတိလိုက်စားမှုကို အောင်မြင်အောင်တိုက်ဖျက်မည်ဟု သန္နိဋ္ဌာန်ချထားကြောင်းလည်း ဆိုပြန်သည်။

မြန်မာနိုင်ငံတွင် အဂတိသည်အဆိုးဆုံး ကင်ဆာအဖြစ် ရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းနှင့် အဂတိကိုအမြစ်မှ ဆွဲလှန်ပစ်နိုင်ခြင်းမျိုးမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း NLD အစိုးရလက်ထက်တွင် လူထုက ၎င်းတို့၏ အဂတိအပေါ် မည်ရွေ့မည်မျှကိုင်တွယ်ပြ၍ ရွေးကောက်ပွဲမတိုင်မီက ၎င်းတို့ပေးခဲ့သော အဂတိနှင့်ပတ်သက်သည့် ကတိအပေါ်မည်မျှတည်နိုင်မည်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ သမ္မတဦးဝင်းမြင့် ကိုင်တွယ်ချိန်မှစ၍ အဂတိနှင့်ပတ်သက်လျှင် အစိုးရ၏ဆောင်ရွက်ပုံများကို လူထုက ပိုမို၍စိတ်ဝင်တစားရှိခဲ့သည်။ အရှိန်အဟုန်ဖြင့် ဖြေရှင်းနိုင်မည်လား။ အမှန်တကယ်ပင် ငါးကြီးကြီးများကို ကြော်နိုင်ပြီလား။ အမြစ်မှစ၍ လှန်ပစ်နိုင်ပြီလားဆိုသည့် မျှော်လင့်ချက်များ ပိုမိုရှင်သန်လာခဲ့သည်။

အဂတိလိုက်စားခြင်းသည် လူ့အဖွဲ့အစည်းအသီးသီးတို့အားများစွာသော နည်းလမ်းများအားဖြင့် ထိခိုက်စေသည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကြောင့် အများပြည်သူတို့၏ လွတ်လပ်ခွင့်၊ ကျန်းမာရေးနှင့် ပညာရေး၊ ငွေရေးကြေးရေးကဏ္ဍစုံတွင် ရပိုင်ခွင့်များ ဆုံးရှုံးရသည်။ အဂတိကြောင့် ထိခိုက်ဆုံးရှုံးရမှုများကို အဓိကအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတို့အဖြစ် လေးပိုင်းခွဲခြားထားနိုင်သည်။ နိုင်ငံရေးကဏ္ဍတွင် အဂတိလိုက်စားမှုသည် ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးအတွက် အဓိကအတား အဆီးတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အင်စတီကျူးရှင်းများသည် ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားပြုလုပ်သည့်အခါ အများပြည်သူတို့၏ ယုံကြည်အားကိုးမှုကို ဆုံးရှုံးကြရသည်။ အဂတိလိုက်စားမှုထူပြောသည့် အနေအထားတစ်ရပ်၌ တာဝန်ခံမှုရှိသော နိုင်ငံရေးဦးဆောင်မှု ဖွံ့ဖြိုးလာရန်မဖြစ်နိုင်ပေ။ စီးပွားရေးကဏ္ဍတွင် အဂတိလိုက်စားမှုသည် နိုင်ငံတော်ဘဏ္ဍာများကို အလဟသာဖြစ်စေသည်။ အဂတိလိုက်စားသောနိုင်ငံရေးသမားများသည် ရှားပါးလှသည့် ပြည်သူပိုင်အရင်းအမြစ်များကို အများပြည်သူအကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမည့်အစား မိမိတို့၏အိတ်ကပ်ထဲသို့သာ ထည့်လိုက်ကြသောကြောင့် ဖြစ်သည်။ တရားမျှတသော စျေးကွက်အဆောက်အအုံဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေပြီး လွတ်လပ်စွာယှဉ်ပြိုင်မှုကို အဂတိလိုက်စားခြင်းဖြင့် ပုံဖျက်ပစ်နိုင်သောကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း အကြီးအကျယ်ထိခိုက်စေသည်။ ထိုသို့သော အချက်များကြောင့် ပြည်သူနှင့်တိုင်းပြည်အတွက် မည်သို့မျှလက်ခံရန်မသင့်သော အဂတိလိုက်စားမှု၊ အဂတိလိုက်စားသူတို့သည် လူထုအတွက် နံပါတ် ၁ ရန်သူဖြစ်ပြီး ယင်းကို ထိရောက်စွာတိုက်ဖျက်နိုင်ရေးသည် အရေးကြီးရခြင်းဖြစ်သည်။

အဂတိကို တိုက်ဖျက်မည်ဆိုပါက အရေးအကြီးဆုံးသောအချက်မှာ ပွင့်လင်းမြင်သာမှု နှင့် ကျောသားရင်သားမခွဲခြားမှုပင် ဖြစ်သည်။ ယင်းအချက်နှစ်ချက်ကို အဂတိတိုက်ဖျက်ရာတွင် ထိန်းညှိသောပေတံအဖြစ် မသုံးနိုင်လျှင် အောင်မြင်မှုမရနိုင်ပေ။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုအဆိုးဆုံးစာရင်း၌ (အနီရောင်အဆင့်) ပါဝင်နေဆဲဖြစ်သည်။ အဂတိတိုက်ဖျက်ရေးတွင် ထိရောက်သောအခြေအနေ၌ မရှိသေးဟုလည်း သုံးသပ်မှုများရှိနေသည်။ သို့ဖြစ်ရာ နိုင်ငံတိုးတက်ပြောင်းလဲမှုကို တွေ့မြင်ရရန်နှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် ပွင့်လင်းမြင်သာ၍ ကျောသားရင်သားမခွဲသော၊ ဘက်ကင်းသော အဂတိတိုက်ဖျက်ရေးကို လုပ်ဆောင်နိုင်ပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)