သယံဇာတတို့၏ တန်ဖိုး

သယံဇာတတို့၏ တန်ဖိုး
Published 4 December 2018

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း သဘာဝသယံဇာတ ထိခိုက်ပျက်စီးပြုန်းတီးမှု အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများမှာ စီမံခန့်ခွဲမှုအလွဲများ၊ မတရားသဖြင့် ထုတ်ယူသုံးစွဲမှုများ၊ ကိုယ်ကြိုးရှာ အမြတ်ထုတ်မှုများကြောင့် သိသိသာသာပင် ပျောက်ဆုံးသွားခဲ့ရသည်။ သံယဇာတများတွင် မြန်မာ့သစ်တောပြုန်းတီးမှုအန္တရာယ်မှာ စိုးရိမ်ဖွယ်အခြေအနေပင်ဖြစ်သည်။ သစ်တောဖုံးလွှမ်းမှုထူထပ်သည့် နိုင်ငံဟု သတ်မှတ်ခံရသည့် မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်က နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ သစ်တောဖုံးလွှမ်းဧရိယာဖြစ်ခဲ့သည်။ သို့သော် ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်တာအတွင်း အချက်အလက်များကိုကြည့်လျှင် တိုင်းပြည်သစ်တောဧရိယာ၏ ၁၉ ရာခိုင်နှုန်းမှာ ပြုန်းတီးသွားခဲ့ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထို့ပြင် ၂၀၀၁ မှ ၂၀၁၃ ခုနှစ်အထိ သစ်တောပြုန်းတီးမှုမှာ ဟက်တာ ပေါင်း ၁.၇ သန်း(ဧက ၄.၂ သန်းကျော်) ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မတိုင်မီကပင် တစ်နှစ်လျှင်ပျမ်းမျှ ဟက်တာ ၉၇၀၀၀ ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာအချို့က ဖော်ပြသည်။

ယင်းသို့ဆိုလျှင် မြန်မာနိုင်ငံ၏ သစ်တောဆုံးရှုံးမှုပမာဏသည် မည်မျှကြီးပြီး ပြည်သူများအပေါ် မည်မျှသက်ရောက်မှုရှိနိုင်သည်ကို သတိပြုရန်လိုလာပြီဖြစ်သည်။ လက်ရှိအချိန်တွင် အစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုများ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အချို့သောဒေသများတွင် သစ်ခိုးထုတ်မှုများ၊ မတရားသဖြင့် သယံဇာတခိုးယူမှုများ ခံနေရဆဲဖြစ်သည်ကို တွေ့ရသည်။ သစ်တောဖုံးလွှမ်းမှု အခြေအနေကို ကြည့်လျှင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၄.၅၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၄၁.၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းကြောင့် ငါးနှစ်အတွင်း သစ်တောဧရိယာ ဖုံးလွှမ်းမှုသည်ပင်လျှင် ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ဟု အချက်အလက်များက ထောက်ပြနေပေသည်။ အိမ်နီးချင်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်သစ် မှောင်ခိုလုပ်ငန်းအကြီးဆုံး လုပ်ကိုင်နေသောနိုင်ငံဖြစ်ပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုးခန့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကြောင်း သုံးသပ်မှုများရှိနေသည်။ ထိုသို့တရာမဝင် တင်သွင်းသည့်သစ်များ၏ ရာခိုင်နှုန်း ၉၀ သည် မြန်မာနိုင်ငံမှ ရရှိနေကြောင်း စာတမ်းတစ်ခုက သုံးသပ်ထားသည်။

မည်သို့ပင်ဆိုစေ သဘာဝသယံဇာတများ အလွယ်တကူဆုံးရှုံးမှုမရှိစေရန် အစိုးရအနေဖြင့် စနစ်တကျအလေးထားဆောင်ရွက်ရမည်မှာ အမှန်ပင်ဖြစ်သည်။ သက်ဆိုင်ရာ မှ ဖမ်းဆီးမှုများရှိနေသော်လည်း ပုံမှန်အတိုင်း မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ရန် အားထုတ်မှုများလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း ခေတ်အဆက်ဆက် ယင်းတို့အပေါ်ကောင်းစွာစီမံခန့်ခွဲမှု မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရပေသည်။ ထို့ပြင် သယံဇာတအပေါ် မှီခိုလွန်းအားကြီးခဲ့ပြီး သယံဇာတထုတ်ယူမှုများအား တိုင်းပြည်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်နိုင်မှုမရှိခဲ့ခြင်းကြောင်း ဆင်းရဲသောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ခိုင်မာသည့် စီးပွားရေးရပ်ဝန်းဖန်တီးနိုင်မှု အားလျော့ခြင်းကြောင့် ယခင်ကမြန်မာ့သယံဇာတများ အိမ်နီးခြင်းနိုင်ငံများသို့ နည်းအမျိုးမျိုး လမ်းကြောင်းအဖုံဖုံမှ ခိုးထုတ်ခံခဲ့ရသည့်အတွက် တိုင်းပြည်များစွာနစ်နာရသည်။

သို့ဖြစ်ရာ အဖိုးတန်ကျွန်းသစ်များအပြင် သဘာဝသယံဇာတများအပေါ် မမှီခိုသကဲ့ပင် လည်းကောင်းတို့ကို အစိုးရအနေဖြင့် မထိပါးမပျောက်ပျက်အောင် စနစ်တကျထိန်း သိမ်းရန်အရေးကြီး လိုအပ်နေပေသည်။ သို့မဟုတ်ပါက ခေတ်ဟောင်းစနစ်ဟောင်းက မှားယွင်းသည့် လုပ်ရပ်များကြောင့် ပြည်သူတို့ထိခိုက်ရမှုအပေါ် မကုစားနိုင်ဘဲ ပိုမိုဆိုးရွားသော အကျိုးဆက်များဖြစ်စေပေါ်စေနိုင်သောကြောင့် တိုင်းပြည်၏ သယံဇာတများကို ပြည်သူတို့၏အသက်ကဲ့သို့ တန်ဖိုးထားစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)