စိုးရိမ်ဖွယ် မြန်မာ့သစ်တော ပြုန်းတီးမှုအန္တရာယ်

စိုးရိမ်ဖွယ် မြန်မာ့သစ်တော ပြုန်းတီးမှုအန္တရာယ်
၂၀၁၈  ခုနှစ် မတ်လတတိယပတ်အတွင်းက ဝိုင်းမော်မြို့ ဆဒုံးဒေသတွင် ဖမ်းဆီးရမိသော သစ်များကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် မတ်လတတိယပတ်အတွင်းက ဝိုင်းမော်မြို့ ဆဒုံးဒေသတွင် ဖမ်းဆီးရမိသော သစ်များကို တွေ့ရစဉ်
Published 2 December 2018
ဆန်းမိုးထွန်း

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေနိုင်ငံများအနက် နယ်မြေဧရိယာ အကျယ်ဝန်းဆုံးသော နိုင်ငံဖြစ်သည့်အပြင် နိုင်ငံတစ်ဝှမ်း သစ်တောဖုံးလွှမ်းမှု ထူထပ်သိပ်သည်းသည့် နိုင်ငံလည်းဖြစ်သည်။ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံ၏ ဧရိယာ ရာခိုင်နှုန်း ၇၀ ခန့်တွင် သစ်တောများက ဖုံးလွှမ်းထားသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အထိ တိုင်းပြည်သစ်တောဧရိယာ၏ ၁၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၂၀၀၁ မှ ၂၀၁၃ ခုနှစ်အထိ ဟက်တာပေါင်း ၁ ဒသမ ၇ သန်း (ဧက ၄ ဒသမ ၂ သန်း ) ကျော်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မတိုင်မီကတည်းက တစ်နှစ်လျှင် ပျမ်းမျှဟက်တာ ၉၇၀၀၀ ဆုံးရှုံးခဲ့ကြောင်း EIA ၏ ၂၀၁၅ ခုနှစ် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုကို ကုစားရန် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ က ၂၀၁၄ ခုနှစ်တွင် သစ်အလုံးလိုက်တင်ပို့မှုကို အပြီးတိုင် ရပ်ဆိုင်းခဲ့သည်။

သို့သော် သစ်တောပြုန်းတီးမှုသည် ၂၀၁၅ ခုနှစ်တွင် နှစ်ဆခန့် မြင့်တက်သွားသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းကစ၍ တစ်နှစ်လျှင် ဟက်တာ ၁၈၀၀၀၀ ကျော် ပြုန်းတီးနေသည်ဟု EIA  အဖွဲ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် တရားမဝင်သစ်တန်ချိန် နှစ်သောင်းကျော် ဖမ်းဆီးရာမှ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခဲ့သည့် ၂၀၁၄ ခုနှစ်ကစ၍ တစ်နှစ်လျှင် သစ်တန်ချိန် သုံးသောင်းမှ လေးသောင်းအကြား ဖမ်းဆီးရမိခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင် ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှု ရပ်တန့်ခဲ့သော်လည်း ရလဒ်မှာ ယခင် အစိုးရ သက်တမ်းငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ပို၍များပြားခဲ့သည်ဟု စစ်တမ်းများက ဖော်ပြသည်။

ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့် (၄) နေရာရှိခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၅ ၌ အဆင့် (၃) နေရာသို့ ခုန်တက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ဟက်တာ ၅၄၀၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

NLD အစိုးရလက်ထက်

NLD အစိုးရသည် ၎င်းတို့ အာဏာရချိန်တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့သည်။ ဌာနနှစ်ခုပေါင်းစည်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟု အမည်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောတက္ကသိုလ်မှ ပါမောက္ခအဖြစ် အငြိမ်းစားယူခဲ့သည့် ဦးအုန်းဝင်းအား ခန့်အပ်ခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်မည့်သူအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှ အတွေ့အကြုံရှိသူကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် NLD အာဏာရချိန်တွင် မြန်မာနိုင်ငံ၏သစ်တောပြုန်းတီးမှုသည် အဆိုးဆုံးနိုင်ငံများ၌ ကမ္ဘာတွင် နံပါတ် (၄) မှ (၃) သို့ ခုန်တက်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံအဖြစ် ဘရာဇီး၊ အင်ဒိုနီးရှားနိုင်ငံများ၏နောက်တွင် ရပ်တည်နေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ဆိုသည်။

“မြန်မာနိုင်ငံဟာ သစ်တောဖုံးလွှမ်းမှု လျော့ကျလျက်ရှိပါတယ်။ အဲဒီလိုလျော့ကျတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံအနေနဲ့ ရပ်တည်ပါတယ်။ ပထမက ဘရာဇီးပါ။ ဒုတိယ အင်ဒိုနီးရှားပါ။ တတိယက မြန်မာပါ။ သစ်တောဖုံးလွှမ်းမှုအများဆုံးရှိတဲ့ နိုင်ငံတွေကပဲ သစ်တောပြုန်းတီးမှု အများဆုံးဖြစ်တဲ့ နိုင်ငံများ ဖြစ်ပါတယ်”ဟု ဦးသံဒိုင်က ဆိုသည်။

သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း

NLD အစိုးရ တက်လာပြီး သက်တမ်းတစ်နှစ်အတွင်း အထင်ရှားဆုံးနှင့် လူသိအများဆုံးကိစ္စသည် သစ်တောထုတ်လုပ်မှု တစ်နှစ်ရပ်ဆိုင်းခြင်းနှင့် ပဲခူးရိုးမသစ်ထုတ်လုပ်မှုကို ၁၀ နှစ်ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် NLD အစိုးရလက် ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်အထိ ရပ်နားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်တာ သစ်ထုတ်လုပ်မှုကို ရပ်နားခဲ့သည်။ 

သစ်ထုတ်လုပ်ကွက်များ၏ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသော်လည်း အခြားစိုက်ခင်းမှ ထုတ်လုပ်သည့်သစ်များ မပါဝင်ပေ။ သစ်ထုတ်လုပ်မှု တစ်နှစ်ရပ်နားမည့် သတင်းများ ထွက်ပေါ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင်သတင်းမထုတ်ပြန်မီ အစိုးရသစ်သည် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် အောင်မြင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၂၀၁၅ ခုနှစ်တွင် အဆိုးဆုံးဖြစ်ခဲ့သဖြင့် ပြန်လည်ကုစားသည့် ယင်းအစီအစဉ်သစ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကြိုဆိုကြသည်။

ထို့ပြင် မြန်မာ့သစ်လုပ်ငန်းက ရောင်းချသည့် သစ်လေလံစနစ်တွင် ပြည်တွင်းရောင်းအတွက် ရောင်းချသည့်သစ်များ ပြည်ပတင်ပို့ခွင့်ပေးမှုကို ပယ်ဖျက်ခဲ့သည်။ သစ်တောခိုးထုတ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖမ်းဆီးခဲ့သည်။

အဆိုတင်သွင်းခြင်း

NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေ ၁၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် နိုင်ငံတစ်ဝန်းသစ်တော စောင့်ရှောက်မှုနှုန်း တိုးမြှင့်ဆောင်ရွက်လျက် နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်မြို့တို့တွင် (Green Land) စီမံကိန်းများ အမြန်ဆုံးစနစ်တကျ အကောင်အထည်ဖော်ဆောင်ပါရန်နှင့် အခြားဒေသများ၌ နှစ်အလိုက်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြင်ဦးလွင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က တင်သွင်းခဲ့သည်။

“ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံဟာလည်း မြန်မာနိုင်ငံဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အရှေ့တောင်အာရှဒေသနိုင်ငံများအနက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်နေခြင်းဟာ မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒထိန်းကျောင်းမှုတို့ရဲ့အဆင့်ကို ထင်လင်းစွာပြသနေခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာအောင်ခင်က ပြောကြားသည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၇ ခုနှစ် မေ ၃၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဒေါက်တာအောင်ခင်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုကို အတည်ပြုသင့်ကြောင်း တင်ပြခဲ့သည်။

အဆိုကို ဆွေးနွေးရာတွင် လွိုင်ကော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက “တရားမဝင်သစ်ထုတ်လုပ်ခြင်းဟာ သစ်တောပြုန်းတီးမှုရဲ့အကြောင်း တရားဖြစ်တဲ့အတွက် တရားမဝင်သစ်ထုတ်လုပ်သူများအတွက်ထွက်ပေါက်မရှိရန် တရားဥပဒေစိုးမိုးရေးအပြင် ထိန်းကွပ်ဆောင်ရွက်မှုဟာလည်း အရေးကြီးပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုနှုန်းသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း၊ သစ်တောပြုန်းတီးမှုသည် နှစ်စဉ် ဟက်တာ ၅၄၆၀၀၀ ပြုန်းတီးနေသည်ဟု သိရကြောင်း၊ တရားမဝင်သစ်ခိုး ထုတ်မှုများကို ထိထိရောက်ရောက် နှိမ်နင်းရန် လိုအပ်ကြောင်းနှင့် တောပြုန်းတီးစေသည့် သစ်ခိုးဂိုဏ်းများကို အပြတ်ရှင်းနိုင်မှသာ သစ်တောများကို ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ရွှေပြည်သာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဆွေးနွေးသည်။

 

သံဖြူဇရပ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကမူ သစ်တော ပြုန်းတီးမှုအကြောင်းများစွာအနက်မှ သစ်ခိုး ခံရမှုကြောင့် အများဆုံးပြုန်းတီးကြောင်း၊ သစ်ခိုးဂိုဏ်းများသည် လက်နက်များပါ ကိုင်ဆောင်လာကြကြောင်း၊ ထို့ကြောင့် သစ်ခိုးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ ဖွဲ့စည်း၍ သစ်တောဝန်ထမ်းများနှင့် တွဲဖက်တာဝန်ပေးရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပြီးချိန်တွင် အဆိုအား လွှတ်တော်၌ အဆုံးအဖြတ်ရယူရာ၌ ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့သည်။

သစ်တောဖုံးလွှမ်းမှု

ပြည်သူ့လွှတ်တော်၌ ဒေါက်တာအောင်ခင်၏အဆိုကို အတည်ပြုပြီး အချိန်တစ်နှစ်ကျော်ကြာချိန်တွင် မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ဖုံးလွှမ်းမှုသည် မည်သို့ရှိနေသည်ကို လေ့လာကြည့်ပါက လက်ရှိမြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေသည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သစ်တောဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာ (စတုရန်းမိုင်) အခြေအနေသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင်နှုန်းရာမှ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ၄၁ ဒသမ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းသောကြောင့် ငါးနှစ်အတွင်း သစ်တော ဧရိယာ ဖုံးလွှမ်းမှု သုံးရာခိုင်နှုန်းကျော် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာ(စတုရန်းမိုင်) အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ၄၄ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၁၁ ရာခိုင်နှုန်းနှင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်း အထိကျဆင်းလာခဲ့ကြောင်း သစ်တောဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျွန်းသစ်နှင့် သစ်မာထုတ်လုပ်မှု အခြေအနေတွင်လည်း ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်ကုဗတန် သုံးသိန်းကျော်နှင့် သစ်မာတစ်သန်းကျော်ကို ထုတ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် သစ်ထုတ်လုပ်မှုမှာ ကျဆင်းလာသည်ကို တွေ့ရသည်။

ဦးသိန်းစိန် အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်ကုဗတန်ချိန် ၃၂၉၃၁၅ ၊ သစ်မာကုဗတန် ၁၂၈၄၄၂၄ နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ကျွန်းသစ်ကုဗတန်ချိန် ၁၂၈၂၂၁ ၊ သစ် မာ ကုဗတန်၆၁၃၅၂၇ ထုတ်လုပ်ခဲ့ပြီး NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်ကုဗတန် ၇၁၈၂၆၊ သစ်မာကုဗတန် ၆၂၁၂၄၀ ၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်ကုဗတန် ၅၀၇၈၆၊ သစ်မာကုဗတန် ၄၇၃၈၀၂ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်  ကျွန်းသစ်ကုဗတန် ၁၄၈၁၅၊ သစ်မာကုဗတန်၂၂၁၃၆၇ တို့ကို ထုတ်လုပ်ခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ပဲခူးရိုးမမှအပ သစ်ထုတ်လုပ်မှုကို ပြန်လည်လုပ်ဆောင်ခဲ့သော်လည်း ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုခွင့်ပြုချက်အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်ဦးခင်မောင်ရီက ပြောကြား သည်။

ׅ“၂၀၁၇-၂၀၁၈ မှာတော့ သစ်ထုတ်လုပ်မှုကို ပဲခူးရိုးမမှအပ ကျန်တဲ့နေရာမှာ ပြန်လည်ထုတ်လုပ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ထုတ်လုပ်တဲ့အခါမှာလည်း နှစ်စဉ်တောထွက်ရဲ့ ထုတ်လုပ်မှု ခွင့်ပြုချက်ရှိပါတယ်။ အဲဒီအရေအတွက်အောက်မှာပဲ ထုတ်လုပ်ရပါတယ်။ အရေအတွက်ခွင့်ပြုမှုရဲ့ ၅၅ ရာခိုင်နှုန်းကိုတော့ ကျွန်းထုတ်လုပ်မှုဆောင်ရွက်ခဲ့ပြီးတော့ သစ်မာကိုတော့ ခွင့်ပြုချက်ရဲ့ ၃၁ ရာခိုင်နှုန်းအထိပဲ လျှော့ချထုတ်လုပ်ခဲ့ပါတယ်။ ဒီသစ်ထုတ်လုပ်ငန်းကို ဆောင်ရွက်တဲ့ အခါမှာလည်း နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်းကိုပဲ တာဝန်ယူထုတ်လုပ်စေခဲ့ပါတယ်” ဟု ဦးခင်မောင်ရီက ဆိုသည်။

သစ်တောပြုန်းတီးရခြင်း

သစ်တောပြုန်းတီးမှုအကြောင်းရင်းထဲတွင် တရားဝင်နှင့်တရားမဝင်သစ်ခုတ်မှု အလွန်အကျွံများခြင်း၊ တောင်ယာမီးရှို့ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တောမီးလောင်ခြင်း၊ ပိုးမွှားကျခြင်း၊ မြေအောက်သယံဇာတတူး ဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆည်မြောင်း တာတမံများ တည်ဆောက်ခြင်း၊ မြို့ပြတိုးချဲ့ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ပါဝင်သည်။

ယင်းအကြောင်းအရာများအနက် မြန်မာနိုင်ငံတွင် အများဆုံးကြုံတွေ့နေရသည့် အကြောင်းအရာမှာ တရားမဝင် သစ်ခိုးထုတ်နေခြင်း ဖြစ်သည်။

တရုတ်အန္တရာယ်

မြန်မာနိုင်ငံမှ သစ်များကို တရားမဝင် နည်းလမ်းဖြင့် အများဆုံးဝယ်ယူနေသော နိုင်ငံသည် တရုတ်နိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်သစ်မှောင်ခိုလုပ်ငန်းအကြီးဆုံး လုပ်ကိုင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံ အတွင်းသို့ တင်သွင်းနေကြောင်း၊ ထိုသို့တရားမဝင် ဝင်ရောက်သည့် သစ်များ၏  ရာခိုင်နှုန်း ၉၀ သည်  မြန်မာနိုင်ငံမှ ရရှိနေကြောင်း ၂၀၁၅ ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ (IBC) တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသစ်တောအသင်း၏  Seminar onး Enviroment း Policies ၊ People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်အေး၏ “What are the Major Causes of Deforestation in Myanmar” စာတမ်းအရ သိရသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ ထုတ်ပြန်ချက်အရ ၁၀ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှ သစ်များကို ဒေါ်လာ ၅ ဒသမ ၇ ဘီလျံဖိုးအထိ ခိုးထုတ်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံမှ တရားမဝင်ခိုးထုတ်သောသစ်များသည် ခုနစ်မိနစ်လျှင် ၁၅ တန်တင် ထရပ်ကားတစ်စီးနှုန်းဖြင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ၂၀၁၆ စက်တင်ဘာ ၁၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ တရားမဝင်သစ်ခိုးထုတ်ခြင်းကို ထိရောက်စွာ အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှ တရားမဝင်သစ်ခိုးထားတဲ့ သစ်တွေ ပျမ်းမျှအားဖြင့် တစ်စီးကို ၁၅ တန် လောက်တင်ဆောင်ထားတဲ့ သစ်လုံးတင် ထရပ်ကားကြီးတွေဟာ တရုတ်နိုင်ငံဘက် စစ်ဆေးရေးဂိတ်များကို ခုနစ်မိနစ်ကို ကားတစ်စီးနှုန်းကြားနဲ့ ၂၄ နာရီ တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ အမြဲဖြတ်သန်းဝင်ရောက်နေတာ ကို ဘယ်သူကမှအရေးယူမှုမရှိဘူးလို့ Global Witness က ထုတ်ဖော်ပြောကြားပါတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းမှုအပြီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားရာ၌ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်မှုများကို ထိရောက်စွာ အရှိန်အဟုန်မြှင့် အရေးယူမည်ဟုဆိုသည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်၏ အရှေ့ဘက်ဒေသသည် တရုတ်နိုင်ငံ နှင့်နယ်စပ်ချင်းထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေအေးချမ်းမှု မရှိခြင်းတို့ကြောင့် တရားမဝင်သစ်နှင့် သယံဇာတ ခိုးထုတ်မှုများဖြစ်ပွားနေရာ ကချင်ပြည်နယ်အတွင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူမည့် တရားမဝင်သစ်များကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ၂၀၀၀-၂၀၀၁ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား ၁၃၆၈၂၅ ဒသမ ၅၄ တန်၊ တရားခံ ၄၃၀၃ ဦး၊ ယာဉ်ယန္တရား ၄၇၀၄ စီးဖမ်းဆီးရခဲ့ကြောင်း ဝန်ကြီး၏ဖြေကြားချက်အရ သိရသည်။

ထင်ရှားသည့်ဖြစ်ရပ်အဖြစ် ကချင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန်ကျွန်းသစ် အပါအဝင် သစ် ၁၀၅၆၉ တန်ကျော်ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦးဖမ်းဆီးအရေးယူခဲ့သည်။ အဆိုပါ သစ်ခိုးထုတ်တရုတ်နိုင်ငံသားများကို ၂၀၁၅ ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးက တရားမဝင် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ပေးခဲ့သည့်  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမဝင် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့သည့်အတွက် ၎င်းတို့မှာ ထောင်တွင်း ရှစ်ရက်သာ ပြစ်ဒဏ်ကျခံခဲ့ရသည်။ 

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့တွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းနေရဆဲဖြစ်

လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သစ်ခိုးထုတ်မှုများ ဆက်လက်ဖမ်းဆီးရမိနေဆဲ ဖြစ်သည်။

အနီးစပ်ဆုံးအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်အထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖမ်းဆီးရမိမှု အခြေအနေ မှာ ကချင်ပြည်နယ်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်တန်ချိန်စုစုပေါင်း ၁၀၉၆ ဒသမ ၀၈၂၅ တန်၊ ကယားပြည်နယ်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်တန်ချိန်စုစုပေါင်း ၄၅၄ ဒသမ ၉၅၂၂ တန်၊ ကရင်ပြည်နယ်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစု ပေါင်း ၂၆၃ ဒသမ ၆၅၄၁ တန်၊ ချင်းပြည် နယ်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်တန် ချိန်စုစုပေါင်း ၇၁ ဒသမ ၇၇၅၅ တန်၊ စစ်ကိုင်းတိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်တန်ချိန်စုစုပေါင်း ၄၀၉၈ ဒသမ ၅၉၂၃ တန်၊ တနင်္သာရီတိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြား သစ်တန်ချိန်စုစုပေါင်း ၂၉၇ ဒသမ ၅၁၅၃ တန်၊ ပဲခူးတိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြား သစ်တန်ချိန်စုစုပေါင်း ၁၇၆၈ ဒသမ ၂၃၈၁ တန်၊ မကွေးတိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစုပေါင်း ၇၂၇ ဒသမ ၃၇၄၃ တန်၊ မန္တလေးတိုင်းတွင် ကျွန်း၊ သစ်မာ နှင့် အခြားသစ်တန်ချိန် စုစုပေါင်း ၅၈၉ ဒသမ ၄၈၂၈ တန်၊ နေပြည်တော်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစုပေါင်း ၂၂၅ ဒသမ ၆၁၄၈ တန်၊ မွန်ပြည်နယ်တွင် ကျွန်း၊ သစ်မာနှင့်အခြားသစ်တန်ချိန်စုစုပေါင်း ၂၃၉ ဒသမ ၇၇၉၉ တန်၊ ရခိုင်ပြည်နယ် တွင် ကျွန်း၊ သစ်မာနှင့် အခြား သစ်တန်ချိန်စုစု ပေါင်း ၂၆၀ ဒသမ ၆၁၇၆ တန်၊ ရန်ကုန်တိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစု ပေါင်း ၁၉၇ ဒသမ ၆၀၄၂ တန်၊ ရှမ်းပြည် နယ် (တောင်ပိုင်း) တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစုပေါင်း ၁၄၀၆ ဒသမ ၆၇၅၀ တန်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစု ပေါင်း ၉၁၃ ဒသမ ၇၈၆၄ တန်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျွန်း၊ သစ်မာနှင့် အခြား သစ် တန်ချိန်စုစုပေါင်း ၃၆ ဒသမ ၇၀၀၀ တန်နှင့် ဧရာဝတီတိုင်းတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် တန်ချိန်စုစုပေါင်း ၅၃၅ ဒသမ ၈၁၈၅ တန်  ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်အထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် ဖမ်းဆီးရမိမှုတန်ချိန် စုစုပေါင်းမှာ ၁၃၁၈၄ ဒသမ ၂၀၉၅ တန် ဖြစ်သည်။ သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် တရားခံအရေအတွက်မှာ ၂၁၄၉ ဦးဖြစ်ပြီး နိုင်ငံခြားသားများ မပါဝင်ပေ။ ယာဉ်၊ ယန္တရား ၁၃၂၉ စီး ဖမ်းဆီးရမိခဲ့ပြီး ချိန်းဆော ၁၂၃ ခု ဖမ်းဆီးမိခဲ့ကြောင်း သစ်တောဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဥပဒေပြင်ဆင်

မြန်မာ့သစ်တောများအား ထိန်းသိမ်းကာကွယ်နိုင်ရန် ၁၉၉၂ ခုနှစ်က သစ်တောဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် NLD အစိုးရလက်ထက်တွင် သစ်တောသယံဇာတကို ကာကွယ်နိုင်ရန်အတွက် သစ်တောဥပဒေကို ၂၀၁၈ စက်တင်ဘာ ၂၀ ရက်က ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံ သစ်တောဥပဒေသစ်တွင် အဓိကရည်ရွယ်ချက်အဖြစ် သစ်တောများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေသည့် သစ်တောစီမံအုပ်ချုပ်မှုကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်အပါအဝင် ရည်ရွယ်ချက် ကိုးရပ်ပါရှိသည်။

ယခုပြင်ဆင်ပြဋ္ဌာန်းလိုက်သော သစ်တောဥပဒေအရ မသမာမှုဆောင်ရွက်သော သစ်တောဝန်ထမ်းတို့ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ပြီး ပြစ်ဒဏ်ကိုလည်း တစ်နှစ်မှ ၁၂ နှစ်အထိ သတ်မှတ်ထားသည်။ မည်သည့်သစ်တောဝန်ထမ်းမဆို မိမိ၏ လုပ်ပိုင်ခွင့်ကိုအကြောင်းပြု၍ တစ်ဦးတစ်ယောက်ထံမှ ပစ္စည်းသို့မဟုတ် ငွေကြေးကို ရယူ၍ မသမာသောနည်းဖြင့် သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာကို ထုတ်ယူခြင်း၊ သယ်ယူပြောင်းရွှေ့ခြင်း သို့မဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်းကိစ္စတွင် ပါဝင်ပူးပေါင်းကြံစည်လျှင် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရမည်ဟု သစ်တောဥပဒေ ပုဒ်မ ၄၆ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကျွန်းနှင့်တားမြစ်သစ်ပင်များကို ခွင့်ပြုမိန့်မရှိဘဲ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူပြောင်းရွှေ့ခြင်း၊ တရားမဝင် လက်ဝယ်ထားရှိခြင်းနှင့်ပတ်သက်၍ ကျူးလွန်သူများကို ထောင်ဒဏ်ငါးနှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်မည် ဖြစ်သည်။

သစ်တောဥပဒေ  ပုဒ်မ ၄၂ တွင် ခွင့်ပြု မိန့်မရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်များကို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူပြောင်းရွှေ့ခြင်း၊ တရားမဝင်လက် ဝယ်ထားရှိပါက ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၄၃ တွင် မည်သူမဆို ခွင့်ပြုမိန့်မရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်းနှင့် လက်ဝယ်ထားရှိခြင်းပြုလျှင် အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

လက်ရှိ သစ်တောဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူးမှ တောကြပ်အထိ အင်အား ၆၀၀၀ သာရှိသည့်အတွက် သစ်တော ဧက ၈၀၀၀ လျှင် ဝန်ထမ်းတစ်ဦးနှုန်း အချိုးဖြစ်နေသည်။

ခင်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဝင်းအောင်က သစ်တောများကို ကာကွယ်စောင့်ရှောက်ရာတွင် သစ်တောဥပဒေများ စိုးမိုးရန် လိုအပ်ကြောင်း၊ သစ်တောဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မေးမြန်းဖြေရှင်းပေးသင့်ကြောင်း၊ သစ်တောဝန်ထမ်းများကို သစ်ခိုးထုတ်သူများက ခုခံတိုက်ခိုက်နေကြောင်း၊ သစ်ရှာဖွေဖမ်းဆီးသူများ လုံခြုံရေးအပြည့်ရှိ ရန်လိုအပ်ကြောင်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ဖူးသည်။

ထိုသို့အခြေအနေတွင် သစ်တောဝန်ထမ်း အင်အားတိုးချဲ့ရန် စီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဆိုသည်။

“သစ်တောဦးစီးဌာနက ကြိုးဝိုင်းကြိုးပြင်တောတွေထဲမှာ လုပ်ငန်းဆောင်ရွက်နေရတာဖြစ်တဲ့အတွက် လက်ရှိအနေအထားမှာ သစ်တောဝန်ထမ်းတစ်ယောက်က ဧက ၈၀၀၀ လောက် တာဝန်ယူနေရတာဖြစ်တဲ့အတွက် အင်အားတိုးချဲ့ဖို့ကိုလည်းဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဦးခင်မောင်ရီက ပြောကြားသည်။

သဘာဝဘေးအန္တရာယ်

သစ်တောများပျက်စီးပါက မြစ်၊ ချောင်း၊ အင်းအိုင်များ တိမ်ကောခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးလာခြင်း၊ ရာသီဥတု မမျှမတဖြစ်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းများ မကြာခဏဖြစ်ခြင်းနှင့် ရေခဲတောင်များ လျင်မြန်စွာ အရည်ပျော်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များ ပြောကြားထားသည်။

မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုများကြောင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆  ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အပြင်းထန်ဆုံးသော ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ရသောကြောင့်  နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ်အညွှန်းကိန်းတွင်လည်း နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် အဆင့် (၂ ) တွင် ရပ်တည်နေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးရွားဆုံးခံစားရသည့် ကမ္ဘာ့ ၁၀ နိုင်ငံစာရင်းတွင် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသည် ဒုတိယအဆင့်တွင် ရှိနေဆဲဖြ စ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

ကယားပြည်နယ် မြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် မြန်မာ့အစိမ်းရောင်ကွန်ရက် (၇) ကြိမ်မြောက်တွေ့ဆုံပွဲတွင် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဗီဒီယိုဖိုင်မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအဆိုးရွားဆုံးခံစားရတဲ့ ကမ္ဘာ့ ၁၀ နိုင်ငံမှာ ၂၀၁၂ခုနှစ်က စတင်ပြီးတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ အဆင့် (၂) ရှိပါတယ်။ ၂၀၁၈ မှာလည်း ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ တိုးတက်မှုမရှိသေးတဲ့သဘောကို ပြနေတာဖြစ်ပါတယ်” ဟု ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံတွင် အမေရိကန်နိုင်ငံ ဂျော့မတောင်းတက္ကသိုလ်၏ လေ့လာချက်တွင် ကဏ္ဍနှစ်ခုခွဲခြားလေ့လာခဲ့ကြောင်း၊ ပထမလေ့လာချက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး ပထဝီဝင်အနေအထားအရ ရာသီဥတုပြောင်း လဲမှုခံရမည့် အလားအလာကို လေ့လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ရေမြင့်တက်မှုပြဿနာရှိသော်လည်း တောင်တန်းဒေသများတွင် ပြဿနာ မရှိကြောင်း၊ ပထဝီဝင်အနေအထားကွာခြားပါက သဘာဝဘေးထိခိုက်မှုသည်လည်း ကွာခြားသွားကြောင်း ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“မြန်မာ့သမိုင်းကိုကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ကို မုန်တိုင်းပေါင်းများစွာ ဝင်ခဲ့တယ်။ ၁၉၆၈ မှာ တစ်ထောင်ကျော် အများဆုံးသေဆုံးခဲ့တာဖြစ်တယ်။ မြစ်ဝကျွန်းပေါ်မှာ ၂၀၀၈ နာဂစ်မုန်တိုင်းဝင်လိုက်တော့ လူပေါင်းတစ်သိန်းသုံးသောင်းကျော် သေပါတယ်။ ဒါဟာတစ်နေရာနဲ့တစ်နေရာ အနေအထားမတူလို့ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို တန်းစီဇယားစွဲတဲ့အခါမှာ မြန်မာနိုင်ငံထက် ပိုဆိုးတဲ့နိုင်ငံက ၅၃နိုင်ငံရှိပါတယ်။ ဒါပေမဲ့ ဒုတိယတစ်ပိုင်းဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုဒဏ်ကို ဆန်းစစ်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအစီအမံကောင်း တွေရှိသလဲ၊ ကြိုတင်ပြင်ဆင်မှုရှိသလဲ၊ ဘယ်လောက်နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိသလဲ၊ ဘယ်လောက်မှတ်တမ်းတွေ ပြည့်စုံသလဲဆိုတာကို လေ့လာတဲ့အခါမှာ ၁၈၄ နိုင်ငံ အနက် ၁၇၉ ကိုရောက်သွားပါတယ်။ နောက်ဆုံး ၁၀ နိုင်ငံဝင်သွားပါတယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၀ နှစ် စီမံကိန်း

မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှု လျော့ကျလာသည့်အတွက် လက်ရှိ NLD အစိုးရ လက်ထက်တွင်  မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ထိုသို့ဆောင်ရွက်ရာတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းအပါအဝင် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်း စုစုပေါင်း ၁၉ မျိုးကို သစ်တောဦးစီးဌာနနှင့် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ငါးနှစ်စီမံကိန်းနှစ်ကြိမ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေ၊ သစ်တောဖုံးလွှမ်းမှုတွေ ပြန်လည်ကောင်းဖို့အတွက်ကို အမျိုးသားသစ်တောပြန်လည် ထူထောင်ရေးစီမံကိန်းကို ၁၀ နှစ် စီမံကိန်းချ မှတ်ပြီးတော့ ငါးနှစ် နှစ်ကြိမ်ခွဲပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဆိုသည်။

မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းအတွက် ဘီလျံ ၅၀၀ ကုန်ကျနိုင်သည်ဟု မျှော်မှန်းထားပြီး နိုင်ငံတော်ဘတ်ဂျက်အပြင် နိုင်ငံတကာအကူအညီများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ရှင်းပြသည်။

“သစ်တောဦးစီးဌာနနဲ့အဓိကဆိုင်တဲ့ သစ်တောကြိုးဝိုင်းကို နိုင်ငံဧရိယာရဲ့ ရာခိုင်နှုန်း ၃၀၊ သဘာဝနယ်မြေကို နိုင်ငံ့ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းဖွဲ့စည်းပြီးတော့ ထိန်းသိမ်းမယ်ဆိုတဲ့ Commencement အရ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းမှာ ကြိုးဝိုင်းကြိုးပြင်နဲ့ သဘာဝနယ်မြေများ တိုးချဲ့ဖွဲ့စည်းမှုဟာ အဓိကလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ထို့အတူ ပြန်လည်ပြီးတော့ သဘာဝနည်းနဲ့ ပြုစုပျိုးထောင်လို့ မရနိုင်တော့တဲ့နေရာတွေမှာ စိုက်ခင်းအသွင်နဲ့ ပြန်လည်ထူထောင်ဖို့အတွက် သစ်တောဦးစီးဌာနနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၁၀ နှစ်တာကာလအတွင်းမှာ စုစုပေါင်းဧရိယာဧက ၃၆၀၀၀၀ ခန့်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က စိုက်ခင်းထူထောင်ခြင်းကို စုစုပေါင်းဧက ခြောက်သိန်းခွဲအထိ MRP က မှန်းထားပြီးတော့ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်သွားတဲ့အချိန်မှာ ပုဂ္ဂလိက ကဏ္ဍက ၁၀ နှစ်အတွင်းမှာ နှစ်သိန်းရှစ်သောင်းခန့် မျှော်မှန်းပါတယ်။ သူတို့က လျော့ကျမယ်ဆိုရင်တော့ MRP စီမံကိန်းအရ ကျွန်တော်တို့ ခြောက်သိန်းခွဲခန့်ကို နိုင်ငံတော်စရိတ်နဲ့  တည်ထောင်ပါမယ်။ ပုဂ္ဂလိကကဏ္ဍက  ကျွန်တော်တို့ များများရင်းနှီးမြှုပ်နှံလာမယ်ဆိုရင် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုကို လျှော့ချမှာပါ။ နိုင်ငံတော်နဲ့ ပုဂ္ဂလိက နှစ်ခုပေါင်းစီမံကိန်းရဲ့ ၁၀ နှစ် Target က ခြောက်သိန်းခွဲနီးပါး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁ဝနှစ်စီမံကိန်းရဲ့ စုစုပေါင်း ပရောဂျက်ရဲ့ Estimation က ဘီလျံ ၅၀၀ ရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အပြင် နိုင်ငံတကာအကူအညီများနဲ့လည်း ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးသံဒိုင်က ရှင်းပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းသာရှိနေပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့်( ၃ )နေရာ၌ ရပ်တည်နေသည်။ ထိုသို့သောအခြေအနေများမှ ရုန်းထွက်နိုင်ရန်ထက် ထပ်မဆိုးသွားရန်သာ NLD အစိုးရအနေဖြင့် လက်ကျန်သက်တမ်းအတွင်း ထိန်းသိမ်းသွားရန် အရေးတကြီး လိုအပ်နေသည်။ သို့ဖြစ်၍ မြန်မာ့သစ်တောများ၏ အသက်အန္တရာယ် ခြိမ်းခြောက်နေသည့် အခြေအနေအပေါ်တွင်  NLD အစိုးရအနေဖြင့် မည်မျှအထိ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။