စီးပွားရေးဆိုင်ရာ အရေးပါမှု

စီးပွားရေးဆိုင်ရာ အရေးပါမှု
Published 1 December 2018

လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index)  သည် စီးပွားရေး ဖွံ့ဖြိုးမှုကို တိုင်းတာရန် အတိကျဆုံး နည်းလမ်းတစ်ခုဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးမှုဆိုသည်မှာလည်း စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများရှိသော သဘောတရားဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးကြီးထွားရေးအတွက် အရင်းအမြစ်များ၏ အရည်အသွေးမြင့်တက်မှု၊ နည်းပညာ တိုးတက်လာမှု၊ စီးပွားရေးဆိုင်ရာကဏ္ဍအသီးသီးမှ ထုတ်လုပ်သောကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုတန်ဖိုးများ မြင့်တက်လာမှု၏ အကျိုးဆက် အမျိုးသားထုတ်လုပ်မှုဆိုင်ရာ အဆင့်မြင့်တက်ခြင်းတို့မှာ အရေးပါနေသည်။

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု (Business Confidence ဟူသည်လည်းကောင်း၊ စီးပွားရေးဆိုင်ရာမူဝါဒနှင့် စီမံကိန်းများ၏ ရှင်းလင်းပြတ်သားမှု အခြေအနေများသည်လည်းကောင်း စီးပွားရေးအလား အလာအတွက် အဓိကကျသော အခန်းကဏ္ဍတွင်ရှိနေသည်။ ပြည်တွင်းထုတ်ကုန်များ၏ အခန်းကဏ္ဍ၊ ပြည်ပပို့ကုန်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပါအဝင် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များနှင့်အတူ စီးပွားရေးဆိုင်ရာ အကဲဖြတ်မှုများ၊ စစ်တမ်းများသည်လည်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။

နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ အပေါ်တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။ ပြည်ပချေးငွေအများစုသည် ပစ္စည်းဝယ်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် ချေးငွေထုတ်ယူသုံးစွဲနိုင်မှု အားနည်းခြင်း၊ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ချုပ်ဆိုခဲ့သော ချေးငွေစာချုပ်၏ ၄၈ ရာခိုင်နှုန်းသာ သုံးစွဲနိုင်သေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ချေးငွေစာချုပ်များ၏ နှစ်ရာခိုင်နှုန်းခန့်သာ ထုတ်ယူသုံးစွဲနိုင်သေးခြင်းတို့မှာ အဓိကအားဖြင့် ပစ္စည်းဝယ်ယူ၍ အကောင်အထည်ဖော်ရသည့် ချေးငွေများ ဖြစ်သည့်အတွက် ချေးငွေထုတ်ယူသုံးစွဲမှု နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း အချက်အလက်များဖြင့် အကြံပြုထားသော အစီရင်ခံစာဖြစ်သည်။

ထို့အတူ ပြည်ပချေးငွေလုပ်ငန်းစီမံကိန်းများကို  တာဝန်ယူဆောင်ရွက်သည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်ပချေးငွေလုပ်ငန်း၊ စီမံကိန်းများအတွက် နှစ်အလိုက် လုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲ ခြင်းနှင့် ၎င်းလုပ်ငန်းအစီအစဉ်များအတိုင်း ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အထူးကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်ပချေးငွေများကို နိုင်ငံတော်အတွက် အကျိုးရှိ၊ ထိရောက်စွာသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ ချေးငွေများကို ကြိုတင်ထုတ်ယူမှုမပြုခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆုံးရှုံးနိုင်မှုအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် ဆောင်ရွက်ရန်လိုအပ်သည့် အချက်များအနေဖြင့် ပြည်ပချေးငွေရယူရာတွင် ချေးငွေပေးဆပ်မည့် ငွေကြေးအမျိုးအစားကို ချင့်ချိန်ဆောင်ရွက်ခြင်း၊ ချေးငွေပေးအပ်သည့် ငွေကြေးအမျိုးအစားအတိုင်း ဝယ်ယူရေး စာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်း၊ ပြည်တွင်းငွေကြေးစျေးကွက်ဖွံ့ဖြိုးရန် အဘက်ဘက်မှ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်း၊ ကျပ်ငွေတန်ဖိုးတည်ငြိမ်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ကြောင်း စသည့်အချက်များကို  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းအကြံပြုထားသည်။

စီးပွားရေးသဘောတရားများ၊ နည်းနာများက မတူညီသော စီးပွားရေးစနစ်များ၏ ဖွံ့ဖြိုးစေပုံ၊ သြဇာလွှမ်းမိုးစေပုံတို့ကို လေ့လာအသုံးပြုနိုင်သလို အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အကောင်အထည်ဖော်မှုတို့ကိုလည်း လေ့လာသုံးသပ်လေ့ရှိကြသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရေးစနစ် မှန်ကန်တည်ငြိမ်မှုနှင့်အတူ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ အကောင်အထည်ဖော်မှုများက များစွာအရေးပါလျက်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)