အင်းတော်မြို့နယ်တွင် ဂျပန်မြေအောက်စစ်ဆေးရုံ တူးဖော်နေမှုကို နည်းပညာ အခက်အခဲများကြောင့် ရပ်နားထားရဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အင်းတော်မြို့နယ်တွင် ဂျပန်မြေအောက်စစ်ဆေးရုံ တူးဖော်နေမှုကို နည်းပညာ အခက်အခဲများကြောင့် ရပ်နားထားရဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ကသာခရိုင် အင်းတော်မြို့နယ်တွင် ဂျပန်မြေအောက်စစ်ဆေးရုံတူးဖော်နေမှုကို တွေ့ရစဉ်
ကသာခရိုင် အင်းတော်မြို့နယ်တွင် ဂျပန်မြေအောက်စစ်ဆေးရုံတူးဖော်နေမှုကို တွေ့ရစဉ်
Published 28 November 2018
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ဂျပန်မြေအောက်စစ် ဆေးရုံတူးဖော်နေမှုသည် နည်းပညာအခက်ခဲ များကြောင့် တူးဖော်နေမှုကို ရပ်နားထားရ ကြောင်း အင်းတော်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းက ပြောကြားသည်။

အင်းတော်မြို့နယ်တွင် မြေအောက် ဂျပန်စစ်ဆေးရုံတစ်ခု တည်ရှိနေခြင်းကို ဒေသခံများက သိရှိထားမှုသည်ကြာမြင့်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ယင်းနေရာကို ခရီးသွားကဏ္ဍတစ်ခု ပုံဖော်ရန်ပြင်ဆင်နေကြောင်း နိုင်ငံတော်အဆင့်က တာဝန်ရှိသူများသည် လာရောက်ကြည့်ရှုရန်အတွက် ကားလမ်းဖောက်လုပ်ရာကနေတစ်ဆင့် အဆိုပါ မြေအောက်ဂျပန်စစ် ဆေးရုံ၏ အုတ်နံရံတစ်ခုကို စတင်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဂျပန်စစ်ဆေးရုံဆိုတာ သိထားတာကတော့ကြာပြီဗျာ။ကျွန်တော်တို့က လက်ငုတ်လက်စလေးတွေကို တွေ့ဖို့လိုက်နေတဲ့ ဒီဘက်က လူငယ်အဖွဲ့လည်း ရှိပါတယ်။အစအနလေးတွေ့အောင် လိုက်နေရင်းနဲ့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းပဲ ခရီးသွားကဏ္ဍတစ်ခုပုံဖော်မယ်ဆိုတော့ ဂျပန်စစ်ဆေးရုံတို့နောက်ပြီးတော့ ဂျပန်လေယာဉ်ကွင်းတို့ ဂျပန်တပ်တွေရဲ့ ခံတပ်တို့ပေါ့ဗျာ။ အဲဒါတွေကိုတူးဖော်မှုကို လိုက်လံစူးစမ်းကြည့်တဲ့အခါမှာ အင်းတော်နဲ့ ကပ်နေတဲ့ တောင်ကုန်းပေါ်မှာ အဲဒီဆေးရုံရှိတာကို သိတယ်။ အခုတော့ ဂျပန်မြေအောက် စစ်ဆေးရုံ တူးဖော်မှုကို ရပ်နားထားတယ်။ ပညာရှင်တွေခေါ်ပြီး ဆက်လက်တူးဖော်မယ်လို့တော့ သိရတယ်။ ဘာပညာရှင်မှာမပါဘဲ ဆက်တူးရင် မူလလက်ရာတွေ ပျက်စီးသွားမှာကို စိုးရိမ်ရတဲ့အတွက် တူးဖော်မှုကို ရပ်နားထားတာပါ” ဟု အင်းတော်မြို့နယ်မဲဆန္ဒနယ် မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်းက ဆိုသည်။

အင်းတော်မြို့နယ်တွင် မြေအောက် ဂျပန်စစ်ဆေးရုံတစ်ခုတည်ရှိနေမှုကို နိုင်ငံတော်အဆင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကလည်း အဆိုပါမြေအောက် ဂျပန်စစ်ဆေးရုံတစ်ခုတည်ရှိနေမှုကို မကြာမီ လာရောက်ကြည့်ရှုရန်ရှိကြောင်းအင်းတော်မြို့နယ်က တာဝန်ရှိသူတို့သည်မြေအောက် ဂျပန်စစ်ဆေးရုံအား ဆက်လက်တူးဖော်ရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက ဆိုသည်။

ထို့အပြင်ယခင်က အင်းတော်မြို့နယ်ရှိ ဒေသခံများသည် မြေအောက်ဂျပန်စစ်ဆေးရုံ တည်ရှိရာနေရာကို ဝင်ရောက်ရှာဖွေခဲ့ရာ မှာ ဂျပန်စစ်တပ်၏အသုံးအဆောင်ပစ္စည်းများလည်း တွေ့ရှိခဲ့ကြသေးကြောင်း ယင်းတွေ့ ရှိထားမှုကို ဒေသခံများအနေဖြင့် သက်ဆိုင်ရာသို့ပြန်လည်အပ်နှံရန်အတွက် အဆင်သင့် ရှိကြောင်း အင်းတော်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းက ပြောကြားသည်။

Most Read

Most Recent