အခြေခံလူတန်းစားများနှင့် လုံးချာလိုက်နေသည့် ချေးငွေပြဿနာ

အခြေခံလူတန်းစားများနှင့် လုံးချာလိုက်နေသည့် ချေးငွေပြဿနာ
အခြေခံလူတန်းစားများ၏ နိစ္စဓူဝ ရုန်းကန်ရှာဖွေနေရသည့် မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
အခြေခံလူတန်းစားများ၏ နိစ္စဓူဝ ရုန်းကန်ရှာဖွေနေရသည့် မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
Published 25 November 2018
သိင်္ဂီဝင်းထွန်း

“အမျိုးသားက စက်ရုံဝန်ထမ်းလေ။ တစ်လမှ တစ်သိန်းခွဲလောက်ပဲရတယ်။ တစ်ခါတလေ နေမကောင်းလို့ အလုပ်ပျက်ရင်လည်း တစ်ရက်ကိုတစ်သောင်းကျော်လောက် အဖြတ်ခံရတယ်။  အလုပ်ပိတ်ရက်တွေကများပြီး အိုတီမဆင်းရတော့ အပိုဝင်ငွေလည်း ထွက်မလာဘူး။ အိမ်က ကလေးကျူရှင်လခက တစ်လသုံးသောင်းရှိတယ်။ စာအုပ်ဖိုးတွေ၊ မုန့်ဖိုးတွေတောင် မပါသေးဘူး။ အခုခေတ်ကလည်း စာမေးပွဲဖြေရင်တောင် စာရွက်စာတမ်းကြေးက ပေးရသေးတယ်။ ကျူရှင်လခကလည်း လကုန်တာနဲ့ချက်ချင်းရအောင် ရှာပေးရတယ်။ ကိုယ့်ကလေးကို သူများတွေကြားထဲ မျက်နှာငယ်မှာစိုးလို့။ သူ့အဖေလစာက လကုန်ပြီး ငါးရက်လောက်မှရတာ။ တစ်ခါတလေဆို ၁၀ ရက်လောက် အထိကြာတယ်။ ဟိုတစ်လကဆို အကုန်အလုပ်မလုပ်ဘဲဆန္ဒပြမှ လစာထုတ်ပေးတာ။ အလုပ်ပြောင်းဖို့ဆိုတာကလည်း လွယ်တာမဟုတ်တော့ အဲဒီလိုပဲ ကြိတ်မှိတ်ပြီးလုပ်ရတာပေါ့။ မရှိရင် မပြေလည်ရင်  ချေးငှားသုံး၊ ရှိတာလေးပေါင်သုံးပေါ့” ဟု တောင်ဒဂုံမြို့နယ်မှ မခိုင်ခိုင်ကျော်က မိသားစု အခက်အခဲအချို့ကို ပြောပြသည်။

လူ့အဖွဲ့အစည်းသည် တစ်နေ့တခြား တိုးတက်ပြောင်းလဲလာသည့်အတွက် ခေတ်မီဆန်းပြားသော လူ့အသုံးအဆောင်များကလည်း ပေါများသထက် ပေါများလာသည်။ ထို့အတွက် လူတမ်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ကြရသည်။  ရုန်းကန်ရပေါင်းများလာသောအခါ လူသားပီပီပင်ပန်းချည့်နဲ့ လာတတ်သည်။ ထိုအခါ အလွယ်တကူသာ ရလိုကြတော့သည်။ တချို့သောသူများသည် မတတ်သာသည့်အဆုံး နောင်ဖြစ်မည့်ကိစ္စ နောင်ရှင်းသဘောဖြင့် ငွေလွယ်လွယ်ရရန်သာ အာရုံထားလာကြသည်။

ထိုအခါ ငွေကြေးမတတ်နိုင်သော အခြေခံလူတန်းစားများသည် လတ်တလော ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ငွေအလွယ်ရရန် နည်းလမ်းများကိုသာ စဉ်းစားကြတော့သည်။

ဤသည်ကို ငွေကြေးတတ်နိုင်သူတို့က သိမြင်သောအခါ မိမိတို့ထံမှ ငွေကြေးများကို အအိပ်ခံ ဦးစွာထုတ်ပေးပြီး အတိုးနှုန်း သတ်မှတ်ယူလာကြသည်။ ထိုအခါ ငွေလိုအပ်နေသော အခြေခံလူတန်းစားများက ထိုသူများထံမှ ငွေကြေးများကို သတ်မှတ်အတိုးနှုန်းအတိုင်း ချေးငှားကြရတော့သည်။

ချေးငွေဟုဆိုရာ၌ ပုဂ္ဂလိကချေးငွေများ၊ အစိုးရချေးငွေများ စသည်တို့ပါဝင်သည်။ ပုဂ္ဂလိကချေးငွေများတွင် ငွေကြေးပြည့်စုံသူတို့က အတိုးနှုန်းယူ၍ ချေးငှားသော ချေးငွေများ၊ အဖွဲ့အစည်းတစ်ခုခုမှ အတိုးနှုန်းယူ၍ ချေးငှားသော ချေးငွေများပါဝင်သည်။ အစိုးရချေးငွေများတွင် တောင်သူလယ်သမားတို့အတွက် ချေးငှားပေးသော ချေးငွေများရှိသည်။ ဤသို့ရှိသော ချေးငွေများတွင် အခြေခံလူတန်းစားတို့သည် အလွယ်တကူရနိုင်သော ပုဂ္ဂလိကချေးငွေများကို အများဆုံးချေးငှားတတ်ကြသည်။ ပုဂ္ဂလိက ချေးငွေသည် အလွတ်ချေးငှားခြင်းဖြစ်သည့်အတွက် လွယ်လင့်တကူရရှိနိုင်၍ ဖြစ်သည်။ သို့သော် လွယ်လင့်တကူရလာမှုနောက်တွင်လည်း မြင့်မားသော အတိုးနှုန်းများရှိနေပြီး အခြေခံလူတန်းစားများအပေါ် ဖိစီးနေသည့် နေ့ပြန်တိုး၊ မတ်တိုးများမှာ ချေးယူသည့်ငွေထက် အဆပေါင်းများစွာ နေ့စဉ်ပြန်လည် ပေးဆပ်နေရသည့် အခက်အခဲကား ဆိုးရွားလှသည့် အခြေအနေဖြစ်နေပြန်သည်။

“အမျိုးသားရဲ့လစာကလကုန်ပြီး လေး ၊ ငါးရက်လောက်မှရတယ်။ ကိုယ်က လကုန်တာနဲ့ အတိုးတွေကပေးရပြီ။ ဒီကြားထဲ ကလေးတွေရဲ့ တခြားအသုံးစရိတ်တွေက တို့တိတို့တိ ထွက်သေးတယ်။ အစ်မတို့ရပ်ကွက်မှာက မတ်တိုးရှိတယ်။ နေ့ပြန်တိုးရှိတယ်။ ၁၀ တိုး၊ ၂၀ တိုးလည်း ရှိတယ်။ မတ်တိုးကတော့ ကိုယ်ယူတဲ့ပိုက်ဆံပေါ်မူတည်ပြီး နေ့တိုင်း အတိုးသွင်းရတယ်။ အရင်းပြန် မပေးနိုင်မချင်း အတိုးပေးရတာ။ နေ့ပြန်တိုးကတော့ အရင်းဘယ်လောက်ယူရင် အတိုးဘယ်လောက်ဆိုပြီး ၁၄ ရက်အတွင်း ပေးရတာမျိုးပေါ့။ အဲဒီလိုအကြွေးတွေရှိတော့တစ် ယောက်တည်းလစာနဲ့ ဘယ်လိုမှ မလောက်တော့ဘူး။ အစ်မပါ အလုပ်ထွက်လုပ်ရတယ်။ ရတဲ့ပိုက်ဆံတွေကလည်း အတိုးထဲပဲ ရောက်ရောက်သွားတယ်။ အရင်းတွေက အခုအထိ ကျေအောင်မဆပ်နိုင်သေးဘူး” ဟု အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည့် မဇာခြည်အောင်က ပြောပြသည်။

နေ့ပြန်တိုးဆိုရာတွင် ငွေချေးသူ၊ ငွေပြေပြေလည်လည်ရှိသူ၏ လောဘနောက်တွင်သာ အတိုးပေးရမှု ကွာဟသည်။ ဥပမာ ကျပ် ၁၀,၀၀၀ ချေးယူပါက အတိုး ၂၀၀၀ ဖြင့် ၁၂ ရက် ပေးရမည်ဟု သတ်မှတ်သူရှိသလို ချေးယူသည့် ကျပ် ၁၀,၀၀၀ ကို အတိုး ၂၀၀၀ ကြိုတင်နုတ်ကာ ရှစ်ရက်ဖြင့် ပြန်ဆပ်စေသူလည်း ကြုံရနိုင်သည်။ မတ်တိုးဟု ဆိုရာတွင် ချေးယူသည့် ကျပ် ၁၀,၀၀၀ ပြန်၍ ပေးဆပ်နိုင်မှုမရှိမချင်း တစ်ရက်လျှင် ကျပ် ၁၀၀၀ ကို နေ့စဉ်များစွာ ရက်ပေါင်းကြာအောင် ပြန်ဆပ်ရခြင်းဖြစ်သည်။

“အစ်မက ဟိုတစ်လောကမှ နိုင်ငံခြားက ပြန်ရောက်လာတာ။ ဟိုမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံပို့ပေးတယ်။ ကိုယ်ဒီကိုပြန်လာတော့ ကိုယ့်လက်ထဲမှာလည်း ပိုက်ဆံက ပိုပိုလျှံလျှံမရှိသလို အိမ်ကလည်း ပြန်တောင်းလို့မရဘူး။ ကိုယ်သွားတုန်းက တင်ခဲ့တဲ့ အကြွေးတွေတောင် မကျေနိုင်သေးဘူးတဲ့လေ။ ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်တော့မယ်ဆိုတော့ ဒီမှာအလုပ်ရှာဖို့ကလည်း မလွယ်ဘူး။ အလုပ်ရပြန်တော့လည်း လစာက နှစ်သိန်းလောက်။ တစ်လတစ်လ အတိုးတွေတောင် တစ်သိန်းကျော်လောက် ရှိနေတာ။ ဒီလစာနဲ့ ဘယ်လိုအလုပ်သွားလုပ်ရမလဲ” ဟု မခင်ခင်ခိုင်က သူမ၏အခက်အခဲ နှင့် အလုပ်အကိုင် ရှားပါးပုံ၊ လစာနည်းပါးပုံကို ပြောပြသည်။

အခြေခံလူတန်းစားများ၏  လစာနှုန်းထားနှင့် ချေးယူထားသော ငွေများ၊ အတိုးနှုန်းများသည် အဆင်ပြေလည်ပတ်မှု မရှိသည့်အတွက် အထက်တွင် ဖော်ပြခဲ့သော ပြဿနာမျိုးများဖြင့် ကြွေးယူတတ်သူတို့မှာ သံသရာလည် နေတတ်ကြသည်။ အခြေခံလူတန်းစားတို့၏ လုပ်အားခနှုန်းထားများသည်လည်း ဝမ်းဝဖို့အနိုင်နိုင်၊ ခါးလှဖို့ အနိုင်နိုင်ကြိုးစားနေရသည်။ အလုပ်အကိုင်များသည်လည်း တစ်နေ့ထက်တစ်နေ့ ရှားပါးလာသည်။ ထို့ပြင် လစာနှုန်းထားများသည် ပုံမှန်အခြေအနေအတိုင်း မပြောင်းလဲဘဲ ရှိနေသော်လည်း ကုန်စျေးနှုန်းက တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည်။  ပုံမှန်ရနေသည့် လစာသည်ပင် ဝမ်းဝရုံသာရှိသည့်အချိန်တွင် ကုန်စျေးနှုန်းများကပါ တိုးမြင့်လာသောအခါ ချေးငွေအပူများပါ ထပ်ဆင့်တိုးလာရ ပြန်သည်။

ကျားကြီးလျှင် ခြေရာကြီးသည်ဟူသော ဆိုရိုးစကားအတိုင်း ငွေရှိသူတို့က ရှိသည်ထက်ပို၍ ရှိချင်ကြသည်။ ချေးယူသူတို့ကလည်း လတ်တလောပြဿနာပြေလည်ရန်အတွက်သာ စဉ်းစားကြပြီး ပြန်လည်ပေးဆပ်ရန် ကိစ္စကိုမူ နောင်ခါလာနောင်ခါစျေးဟု သဘောထားတတ်ကြသည်။ တချို့ကမူ လုပ်ငန်းထူထောင်ရန်အတွက် ချေးယူတတ်ကြသည်။ အချို့ကမူ ငွေကြေးအကျပ် အတည်းဒဏ်ကြောင့် ခေတ္တထွက်ပေါက်အဖြစ် ချေးယူကြသည်။ တချို့ကမူ ငွေအလုံး အရင်းသုံးစွဲရန် ကိစ္စရုတ်တရက်ပေါ်လာသောကြောင့် ချေးယူကြသည်။ ချေးယူစက နှစ်ကျပ်၊ သုံးကျပ်ဟူသော ငွေကြေးသည် ပမာဏအားဖြင့် သေးငယ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မြင့်မှန်းမသိ မြင့်လာတတ်သည်။ လူသာအိပ်နေ၍ရသော်လည်း အတိုးကအိပ်မနေဘဲ တဖြည်းဖြည်း မြင့်သထက် မြင့်လာသည်။

“အရင်တုန်းကဆိုရင် အစ်မတို့ရပ်ကွက်မှာ အသေးစားချေးငွေဆိုတာရှိတယ်။ သူက ငါးယောက်ဆို ငါးယောက်ဖွဲ့ပြီး ပိုက်ဆံချေးရတာ။ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကနေပြီးတော့ လကုန်ရင်အတိုးတွေ လိုက်ကောက်ပြီး သွားသွင်းပေးရတယ်။ အဲဒီအထဲကမှ တစ်ယောက်က မပေးနိုင်တော့လို့ အိမ်ပြောင်းပြေးတာမျိုးလုပ်သွားရင်တော့ သူ့အတွက်အကြွေးကို အကုန်လုံးက စိုက်လျော်ပေးရတယ်။ ကိုယ်က ဘယ်လောက်ပဲအကြွေးယူယူ ပြန်ဆပ်မယ်ဆိုတာကို ကိုယ့်အတွက်ကိုတော့ အာမခံနိုင်၊ ပေးနိုင်တယ်။  တခြားသူ ပြန်ဆပ် မဆပ်ဆိုတာကိုတော့ အာမခံမပေးနိုင်ဘူး။ သူ့စိတ်ကိုလည်း ကိုယ်မသိနိုင်ဘူးလေနော်” ဟု မြောက်ဒဂုံမြို့နယ်မှ မလေးလေးက ဆိုသည်။

ထို့ပြင် ရပ်ကွက်ထဲတွင် လာရောက်ထုတ်ချေးသော အသေးစားငွေစုငွေချေးလုပ်ငန်းများသည်လည်း အခြေခံလူတန်းစားများကြားတွင် လည်ပတ်လျက်ရှိပြန်သည်။

ထိုငွေစုငွေချေးအချို့သည် တစ်သိန်း၊ နှစ်သိန်းချေးလျှင် စုငွေအဖြစ် ငွေတစ်သောင်းကို ချန်ထားရတတ်သည်။ နှစ်သိန်းချေးလျှင် နှစ်သိန်းအပြည့်ရသည်မဟုတ်ဘဲ ချေးယူသူအတွက် ငွေစုပေးသည့်သဘောဖြင့် ငွေချန်ရတတ်သည်။ ဤသို့သော ချေးငွေများသည် အတိုးနှုန်းအားဖြင့် ပမာဏအနည်းငယ်သာ ရှိတတ်သည်။ တချို့သော  အသေးစား ငွေစုငွေချေးများသည် အလွတ်ချေးငှားခြင်းမျိုးမဟုတ်ဘဲ ချေးယူသူ၏ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုခုကို အာမခံအဖြစ်ထားပြီးမှသာ ထုတ်ချေးပေးခြင်းမျိုးလည်း ရှိတတ်သည်။ ဤတွင်လည်း အတိုးနှုန်းနည်းသည့်အတွက် လတ်တလော လိုအပ်သောငွေကြေးကို အလွယ်တကူ ချေးယူမိတတ်ကြပြန်သည်။

“ညီမက ကျောင်းကိုအဝေးသင်နဲ့တက်ပြီး အလုပ်တစ်ဖက်လုပ်တယ်။ အလုပ်က ဝင်ဝင်ချင်း ရှစ်သောင်းပဲရတယ်။ အလုပ်စဝင်တုန်းက အလုပ်ကပေးတဲ့ အဆောင်မှာနေတယ်။ အပြင်အဆောင်က တစ်လနှစ်သောင်းကျော်လောက် ပေးရပေမယ့် အလုပ်ကအဆောင်က ရေဖိုး၊ မီးဖိုးလောက်ပဲပေးရတော့ သက်သာတယ်။ ထမင်းလည်း အဲဒီလိုပဲ။ အလုပ်ကကျွေးတဲ့ ထမင်းစားတယ်။ ပိုက်ဆံက လကုန်မှရတာဆိုတော့ ထမင်းဝယ်စားရင် နေ့တိုင်းထွက်နေတော့ ပိုက်ဆံမတတ်နိုင်ဘူးလေ။ ဒါပေမဲ့ ဘယ်လောက်သက်သာတယ်ပဲ ပြောပြောပါ။ လကုန်ရင် အဆောင်က ရေဖိုးမီးဖိုး၊ ထမင်းဖိုး၊ ကိုယ်ရဲ့ အသုံးအဆောင်ဖိုးတွေနဲ့ လက်ထဲမှာ ပိုက်ဆံစည်းတဲ့ သားရေကွင်းပဲ ကျန်တယ်။ တစ်ခါတလေ အလုပ်မှာ ဒဏ်ကြေးတွေ ဘာတွေဆောင်ရရင်တော့ အဲဒီလအတွက် အကြွေးပါတင်တယ်။  ပိုတဲ့ သားရေကွင်းလေးပဲ ခေါင်းစည်း ကြိုးလုပ်သုံးရတဲ့အထိ ကျပ်တည်းပါတယ်” ဟု ပုဂ္ဂလိကဝန်ထမ်းတစ်ဦးဖြစ်သည့် မအိချိုက သူမ၏ ပထမဆုံးလုပ်ငန်း အတွေ့အကြုံ ကို ပြောပြသည်။ “နိုင်ငံခြားက ပြန်လာခါစက အလုပ်တွေလိုက်ရှာတယ်။ ပေးတဲ့ လစာတွေကကိုယ်နဲ့ ဘယ်လိုမှအဆင်မပြေဘူး။ နောက်တော့ လိုချင်တဲ့လစာ မဟုတ်ပေမယ့်လည်း လုပ်နိုင်လောက်တဲ့ လစာရလို့ အလုပ်ဝင်လုပ်တော့လည်း အတိုက်အခံတွေ အများကြီးနဲ့ ကြုံရတယ်။ ဒါပေမဲ့ သူတို့ကိုလည်း  အပြစ်မတင်ပါဘူး။ သူတို့အနေနဲ့ သုံးနှစ်လောက်အလုပ်လုပ်နေတာတောင် မရသေးတဲ့လစာကို ကိုယ်က ဝင်ဝင်ချင်းရတာဆိုတော့ သူတို့မကျေနပ်တာ ဖြစ်နိုင်ပါတယ်။ အစ်မဆိုရင်တော့ အဲဒီလိုမဖြစ်ဘူးဆိုတာ သေချာတယ်။ ဘာလို့ဆို ကိုယ့်မြန်မာအချင်း ချင်းလေ။ သူတို့လစာကောင်းရင် ဝမ်းသာတယ်။ ဒီမှာက နိုင်ငံခြားသားဆိုတာနဲ့အထင်ကြီးတယ်။ လစာလည်း အများကြီးပေးပြီးခေါ်တယ်။ ဒီက လူတွေကလည်းဘာမှ မတတ်လည်း နိုင်ငံခြားသားဆိုတာနဲ့ အလိုလိုနေရင်း ရိုသေနေကြတယ်။ မြန်မာတွေ မိုးပျံအောင် တော်နေပါစေ အထင်မကြီးဘူး။ မြန်မာအချင်းချင်းဆိုရင်တော့ ဘယ်လိုဖိနှိမ်မယ်၊ ဦးချိုးပစ်မယ်ဆိုတဲ့ အတွေးတွေချည်းပဲ” ဟု မခင်သန့်ဇင်က သူမလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို ပြောပြသည်။

ရပ်ကွက်အတွင်းမှ မိသားစုများ၊ အိမ်ထောင်ရှင်မများနည်းတူ အခြေခံလူတန်း စားမိသားစုမှ မွေးဖွားလာသည့် လူငယ်များ၊ ရုံးဝန်ထမ်းများအကြားတွင်လည်း မိမိကိုယ်ကိုယ် အလှဆင်မှုအတွက် လိုအပ်သည့်ဖုန်း၊ ဆိုင်ကယ်စသည်တို့ကို အရစ်ကျဖြင့်ဝယ်ယူသည့်အတွက် အကြွေးဝန်ပိနေသည့် ဖြစ်စဉ်များလည်း ရှိနေပြန်သည်။

“ရတဲ့လစာက နှစ်သိန်းကျော်ပဲရတယ်။ ဖုန်းကျတော့ တန်ဖိုးကြီတာပဲ ကိုင်ချင်တာ။ ကျွန်တော်တို့အတွက် လူကြားထဲမှာ ထုတ်ပြစရာကလည်း ဒီဖုန်းပဲရှိတယ်လေ။ ဒီတော့ iPhone တစ်လုံး အရစ်ကျဝယ်တယ်။ တစ်လ တစ်သိန်းကျော်သွင်းရတယ်။ ရတဲ့လစာက နှစ်သိန်းကျော်ဆိုတော့ မလောက်တော့ဘူး။ အပြင်က ထပ်ချေးရတယ်။ ထပ်ချေးရတော့ အကြွေးပိုပိတယ်။ အခုက လူထက် အကြွေးက ပိုများနေသလိုဖြစ်နေပြီ”ဟု ဖုန်းအရစ်ကျဝယ်ယူထားသူ ကိုနေမျိုးက ဆိုသည်။

အခြေခံလူတန်းစားနှင့် ချေးငွေပြဿနာသည် လုံးချာလိုက်လျက်ရှိသည်။ လစာငွေမလုံလောက်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်း မြင့်တက်မှု စသည်တို့ကြောင့်  အခြေခံလူတန်းစားတို့၌ စားဝတ်နေရေး ခက်ခဲရသည်။ တနေ့ထက်တစ်နေ့ တိုးတက် ခေတ်မီ၍လာသော လူမှုဝန်းကျင် အဆင့်အတန်းနှင့်အညီ ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရခြင်းတို့ကြောင့်လည်း ပို၍ခက်ခဲလာကြသည်။ အလုပ်ဟူသည်ကား မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်အခါမျိုးလည်း ရှိတတ်သဖြင့် အဆင်မပြေသည့် အချိန်မျိုးတွင် ချေးငွေအရင်း ပြန်မဆပ်နိုင်သည့်အပြင် အတိုးအတွက်ပါ ထပ်ဆင့်ပူပန်ရပြန်သည်။ မူလယူထားသောအကြွေး မဆပ်နိုင်သည့်အခါ အခြားသော ချေးငွေရှင်များထံတွင် ထပ်မံ၍ချေးငှားရန် ကြံကြရပြန်သည်။ ထိုအခါ ထပ်မံအကြွေးတင်ပြန်ရင်း ချေးငွေသံသရာတွင် အခြေခံလူတန်းစားများမှာ လည်ပတ်နေရတော့သည်။

ချေးယူစဉ်က လတ်တလော ပြဿနာ ပြေလည်ရန်အတွက်သာ ချေးယူမိကြသည်။ မိမိတို့ရသည့် လစာနှုန်းထားနှင့် ကိုက်မကိုက်၊ မည်သို့မည်ပုံ ဆပ်မည်ဆိုသည်ကို မတွေးထားကြသည်က ငွေချေးယူသူအများစု ဖြစ်သည်။ ပြန်ဆပ်ရမည်ဆိုချိန်တွင်မူ သောကရောက်ကြရသည်။ ငွေချေးယူသူ အခြေခံလူတန်းစားတို့သည် ငါးစာကိုသာမြင်၍ ငါးမျှားချိတ်ကိုမမြင်သော ငါးကလေးများသဖွယ် ဖြစ်နေပေသည်။ ဤသို့ဖြင့် သမုဒ္ဒရာဝမ်းတစ်ထွာကို အနိုင်နိုင်ဖြည့်ရခြင်း၊ အလုပ်အကိုင် တစ်နေ့တခြား ရှားပါးလာခြင်း၊ လစာနှုန်းထား ပုံမှန်အတိုင်း မပြောင်းမလဲရှိနေခြင်း၊ ကုန်စျေးနှုန်း တစ်နေ့ထက်တစ်နေ့ မြင့်၍မြင့်၍ လာခြင်းများကြား၌ ချေးငွေအပူများကပါ ထပ်ဆင့်တိုးလာရပြန်သည်။ ထို့ကြောင့် အခြေခံလူတန်းစားနှင့် ချေးငွေပြဿနာသည် ရေအိုးနှုတ်ခမ်းဝတွင် သွားနေသော ပုရွက်ဆိတ်ကဲ့သို့ပင် သံသရာလည်နေတော့သည်။ ထိုသို့သော အခြေအနေများမှ လွတ်မြောက်အောင် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုစည်ပင်လာမည့် တစ်နေ့ကိုတော့ဖြင့် ...။