ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဦးပိုင်က သိမ်းဆည်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းပေးရန် သိမ်းဆည်းခံ ပြည်သူများ သတင်းစာရှင်းလင်း

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဦးပိုင်က သိမ်းဆည်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းပေးရန် သိမ်းဆည်းခံ ပြည်သူများ သတင်းစာရှင်းလင်း
ငွေဆောင်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်
ငွေဆောင်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်
Published 24 November 2018
မင်းသူဝင်းထွဋ်

ငွေဆောင်ကမ်းခြေတွင် ၂၀၀၀ ပြည့်နှစ်၌ ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဒေသခံများ ပိုင်ဆိုင်သော မြေယာများကို ဦးပိုင်မှ သိမ်းဆည်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပက်သက်၍ သိမ်းဆည်းခံ မူလပိုင်ရှင်များမှ အစိုးရသစ် လက်ထက်တွင် တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်မှု မရှိသေးမှုအပေါ် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် မြေသိမ်းခံပြည်သူများမှ နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် ငွေဆောင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေရှိ ဒေသခံပြည်သူများ ပိုင်ဆိုင်သော အုန်းခြံများကို ဟိုတယ်ဇုန်များ တည်ဆောက်ရေး အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တောင်သူ ၂၄၈ ဦးထံမှ မြေဧက ၃၁၅ ဒသမ ၂၀ ဧကအား သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းခဲ့စဉ်အချိန်က မူလပိုင်ရှင်အား စိုက်ပျိုးထားသည့် သီးပင်လျော်ကြေးများသာ ပေးအပ်ခဲ့ပြီးနောက် ပေ ၄၀ ပေ ၆၀ မြေကွက်များကိုသာ ချထားပေးခဲ့ကြောင်း၊ ယင်းနောက် ဟိုတယ်ဇုန်တည်ဆောက်ကာ လုပ်ငန်းရှင်များအား ချထားပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ မြေယာများကို ပြန်လည်စွန့်လွှတ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရမှလည်း သိမ်းဆည်းခံပြည်သူများထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ လက်ရှိလုပ်ငန်း လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များကိုသာ ပြန်လည်ချထားပေးကြောင်း၊ မြေသိမ်းခံပြည်သူများမှ လက်ရှိအစိုးရသစ် လက်ထက်တွင် နစ်နာခဲ့သည့် သိမ်းဆည်းခံမြေယာများ ပြန်လည် ရရှိရေးအတွက် တောင်းဆိုမှုများအပေါ် မူလသိမ်းဆည်းခံ ပြည်သူများ နစ်နာမှုများ မရှိရေးအတွက် တိုင်းဒေသကြီးအစိုးရမှ နစ်နာကြေးများ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သော်လည်း လုပ်ငန်းရှင်များမှ ပေးအပ်လိုသော ငွေကြေးနှင့် မြေသိမ်းခံပြည်သူများမှ တောင်းဆိုသည့် နစ်နာကြေး ငွေမှာ ကွာခြားမှုများ ရှိနေသောကြောင့် အ ငြင်းပွားနေမှုများကို ဖြေရှင်းဆောင်ရွက်နိုင် ရန် တိုင်းဒေသကြီး ဝန်ကြီးသုံးဦးပါဝင်သည့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း လုပ်ငန်းရှင်များဘက်မှ မြေသိမ်းခံ ပြည်သူများနှင့် တွေ့ဆုံလိုခြင်းမရှိ သောကြောင့် ယနေ့ထိတိုင် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည့်အပေါ် နိုင်ငံတော်အစိုးရက အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် မြေသိမ်းခံ ပြည်သူများက သတင်းစာရှင်းလင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြေတွေသိမ်းဆည်းပြီးတော့ ဟိုတယ်တွေ တည်ဆောက်ထားတာကို ဥပဒေတွေအရ နစ်နာကြေးတွေပေးဖို့၊ မသုံးတဲ့မြေနေရာတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ အခု ဟိုတယ်ဇုန် (၁) မှာဆိုရင် ဟိုတယ် ၂၂ လုံးရှိတယ်၊ တစ်လုံးကတော့ မူလပိုင်ရှင်ကို ၂၀၁၅ ခုနှစ်မှာ နစ်နာကြေး ပေးခဲ့ပါတယ်။ သိန်း ၁၇၅၀ ပေးခဲ့ပါတယ်။ နောက် ဟိုတယ်တစ်လုံးကတော့ မြေသိမ်းတဲ့အထဲ မပါပါဘူး။ ကျွန်တော်တို့ အသိမ်းခံရတဲ့ မြေတွေကို ဒေသပေါက်စျေးနှုန်းဖြစ်တဲ့ သတ်မှတ်တဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုတာ ကြာပါပြီ။ အခုထိ မရသေးလို့ ထပ်မံတောင်းဆိုရတာပါ။ ငွေဆောင်မှာရှိတဲ့ ဟိုတယ်တွေဟာ လန ၃၀ ရော လန ၃၉ ရော မရှိဘဲ ဆောက်လုပ်ထားတာပါ။ ကျွန်တော်ဆို အခုထိ သိမ်းခံထားရပြီး မြေနေရာတွေက မြေခွန်ပြေစာတွေကို အခုထိ ဆောင်နေတုန်းပါပဲ။ ဒါကို ပုံစံ (၇) ချထားပေးဖို့ တောင်းဆိုတာကို တိုင်းကလည်းခွင့်ပြုပြီးတော့ အခုထိ ပုံစံ (၇) မရသေးပါဘူး။ မြေနေရာလည်း ပြန်မရသေးသလို နစ်နာကြေးလဲ မပေးပါဘူး” ဟု ငွေဆောင်မြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ပြီး မြေသိမ်းခံပြည်သူတစ်ဦး လည်းဖြစ်သူ ဦးမျိုးမြင့်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အောက်တိုဘာ ၂၈ ရက် ရွှေသောင်ယံမြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြေယာပြဿနာများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးရန်နှင့် မြေယာနစ်နာကြေးများကို ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မှာကြားခဲ့မှုများ ရှိခဲ့သည်။        

 

Most Read

Most Recent