စက်မှုဇုန်များတွင် စီမံခန့်ခွဲမှုအားနည်းမည် ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ခဲယဉ်းနေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

စက်မှုဇုန်များတွင် စီမံခန့်ခွဲမှုအားနည်းမည် ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ခဲယဉ်းနေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ပြောကြား
မြောက်ဥက္ကလာမြို့နယ်ရှိ ရွှေပေါက်ကံစက်မှုဇုန် တစ်နေရာအား တွေ့ရစဉ်
မြောက်ဥက္ကလာမြို့နယ်ရှိ ရွှေပေါက်ကံစက်မှုဇုန် တစ်နေရာအား တွေ့ရစဉ်
Published 17 November 2018
ဆန်းထူးအောင်

စက်မှုဇုန်များတွင် စီမံခန့်ခွဲမှုအားနည်း နေမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ခဲယဉ်းနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင် တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“စက်မှုဇုန်များတွင် သက်ဆိုင်ရာမှ စီမံ ခန့်ခွဲမှု အားနည်းနေတယ်ဆိုရင်တော့ ဘာ ဖြစ်လာမလဲဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့က အလွန်တရာမှ ခဲယဉ်းနေမယ် ဆိုတာ တွေ့ရမယ်။ စက်မှုဇုန်တွေတော့ ဖော် ဆောင်ပြီးလိုက်ပါပြီ၊ စက်ရုံတွေကို လာ ရောက်ပြီးတော့ အလုပ်လုပ်ကိုင်မယ့်သူ မရှိ ဘူးဆိုရင် စက်မှုဇုန်က တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေမရှိဘဲနဲ့ ယုတ်လျော့သွားမှာ ဖြစ်တယ်။ စက်မှုဇုန်ဝင်ငွေမရှိဘူး။ လမ်းတွေ ပျက်လာမယ်။ ရေကြီးရေလျှံမှုတွေဖြစ်လာ မယ်။ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ဖို့ ငွေရေးကြေးရေးပိုင်းမှာ အားနည်းလာမယ်။စက် မှုဇုန်ဖွ့ံဖြိုးတိုးတက်မှုတွေ ယုတ်လျော့သွား မှာ ဖြစ်တယ်။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသ ကြီးကို သမ္မတကြီးဦးဝင်းမြင့် လာရောက်သွား တဲ့အချိန်မှာလည်း စက်မှုဇုန်အဟောင်းတွေ ကို အဆင့်မြှင့်ဖို့ မူဝါဒအနေနဲ့ လမ်းညွှန်သွားတာရှိတယ်” ဟု ဒေါ်စန္ဒာမင်းက ပြော ကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအစိုးရ အနေဖြင့် ကျန်ရှိနေသေးသည့် အချိန်ကာလ နှစ်နှစ်အတွင်း စက်မှုဇုန် အဟောင်းများကို အဆင့်မြှင့်တင်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်မှ ကော်မတီများဖြင့် ပူးပေါင်းဆောင်ရွက်မည် ဆိုပါက စက်မှုဇုန်များကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထိုမှသာ စက်မှုဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ ယုံကြည်လာမည်ဖြစ်ကြောင်း၊ ၎င်းအချက်များကို မဖြေရှင်းဘဲ စက်မှုဇုန်အသစ်ကို ဖော်ဆောင်မည် ဆိုပါက ကျူးကျော်ပြဿနာများ၊ အခြေခံ အဆောက်အအုံများ မလုပ်ဆောင်နိုင်ပါက Developer များအတွက် အခက်အခဲများ ရှိနိုင်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“Developer တွေအတွက် ဒုက္ခမရောက်နိုင်အောင် မြန်မြန်စက်မှုဇုန်ကို စနစ်ကျဖို့၊ မြေယာပိုင်ဆိုင်မှုတွေ၊ အရှုပ်အထွေးတွေ မရှိနိုင်အောင် သက်ဆိုင်ရာက မြန်မြန်လုပ်ဆောင်နိုင်မယ်ဆိုရင် စက်မှုဇုန်တွေ ဖွံ့ဖြိုးဖို့ မြန်ဆန်တယ်။ ကျွန်မမြင်ရသလောက်ကတော့ ယနေ့အထိ ကွင်းဆင်းစစ်ဆေးလာတဲ့ စက်မှုဇုန်တွေက အခြေအနေဆိုးတယ်။ လမ်းတွေပျက်တယ်။ အခြေခံ အဆောက်အအုံပိုင်းမှာ အားနည်းတာ တွေ့ရတယ်။ စည်ပင်သာယာက တစ်နှစ်တစ်ခါ စက်မှုဇုန်တွေမှာ ငွေကြေးကောက်ခံပေမယ့် ငွေကြေးကောက်ခံတဲ့ အပိုင်းပဲ ရှိပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှု အရမ်းအားနည်းတယ် ဆိုတာကို တွေ့ရတယ်။ အိုးအိမ်အပိုင်းကတော့ ဘာကိုမှလုပ် ဆောင်မပေးတာ တွေ့ရတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသည် ငွေပင်လယ်စက်မှုဇုန်၊ သာကေတစက်မှုဇုန်၊ တောင်ဥက္ကလာစက်မှုဇုန်၊ မြောက်ဥက္ကလာစက်မှုဇုန်၊ ရွှေပေါက်ကံစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊ မြောက်ဒဂုံစက်မှုဇုန်၊ မြောင်းတကာ စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်တို့ကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent