ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းဆည်းထားသည့် ယာမြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခဲ့မှုကြောင့်ဟုဆိုကာ တောင်သူတစ်ဦးနှင့်မြေယာအရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်နှစ်လချမှတ်ခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ဒေသခံတောင်သူများ ရှင်းလင်း

ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းဆည်းထားသည့် ယာမြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခဲ့မှုကြောင့်ဟုဆိုကာ တောင်သူတစ်ဦးနှင့်မြေယာအရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်နှစ်လချမှတ်ခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ဒေသခံတောင်သူများ ရှင်းလင်း
တောင်သူတစ်ဦးနှင့် မြေယာအရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်နှစ်လချမှတ်ခံရမှုအပေါ် ကျေနပ်မှုမရှိ၍ ဒေသခံတောင်သူများ ရှင်းလင်းနေစဉ်
တောင်သူတစ်ဦးနှင့် မြေယာအရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်နှစ်လချမှတ်ခံရမှုအပေါ် ကျေနပ်မှုမရှိ၍ ဒေသခံတောင်သူများ ရှင်းလင်းနေစဉ်
Published 13 November 2018
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ရေတံခွန်တောင် ဂေါက်ကွင်းအတွက် သိမ်းဆည်းခဲ့သည့်ယာ မြေပေါ်တွင် လူနေအဆောက်အအုံ ဆောက်လုပ်ခဲ့မှုကြောင့်ဟုဆိုကာ တောင်သူတစ်ဦး နှင့် မြေယာအရေး လှုပ်ရှားသူတစ်ဦးကို  ပုသိမ်ကြီးမြို့နယ်တရားရုံးက နိုဝင်ဘာ ၁၂ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၄၄၇၊ ၁၁၄ ဖြင့် ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့မှုအပေါ် ဒေသခံတောင်သူများက ကျေနပ်မှုမရှိသဖြင့် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့် ယာမြေများပေါ်တွင် ကျူးကျော်အဆောက်အအုံဆောက်လုပ်သည်ဟုဆိုကာ ရေကြည်ကျေးရွာမှ ဒေသခံတောင်သူ ဦးမြင့်အောင်နှင့် မြေယာအရေးတက်ကြွ လှုပ်ရှားသူ ဦးမျိုးဝင်းတို့ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဘက်မှ ရာဇသတ်ကြီး ပုဒ်မ ၄၄၇၊ ၁၁၄ တို့ဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၈ နိုဝင်ဘာ ၁၂ ရက်တွင် အဆိုပါ နှစ်ဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက  ထောင်ဒဏ်နှစ်လချမှတ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ထိုသို့ ထောင်ဒဏ် နှစ်လချမှတ်ခဲ့ရာတွင် မြေယာအရေး  တက်ကြွလှုပ်ရှားသူ ဦးမျိုးဝင်းမှာ ယခင်ကအချုပ်ဖြင့်အမှုရင်ဆိုင်ခဲ့ရသဖြင့် ချုပ်ရက်များဖြင့် အဆိုပါအမိန့်ချသည့်နေ့တွင် လွတ်မြောက်ခဲ့ပြီး ဒေသခံတောင်သူတစ်ဦးသာ ထောင်ဒဏ်ကျခံခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့က ကျူးကျော်ဆောက်လုပ်တာ မဟုတ်ဘူး။ ယခင်ကတည်းက ဒေသခံတောင်သူတွေကို နေထိုင်ခွင့်ပြုထားတဲ့ နေရာမှာပဲ အဆောက်အအုံ ဆောက်လုပ်တာ။ လက်ရှိအချိန်မှာ မြေယာသိမ်းဆည်းခံရမှု အပါအဝင် နေရာရွှေ့ပြောင်းပေးဖို့အတွက်ပါ ညှိနှိုင်းဆွေးနွေးသဘောတူညီမှုတွေကို တိုင်းအစိုးရအဖွဲ့နဲ့ ရရှိထားပြီးသားပါ။ ဒါကို အမှုမပိတ်ပေးတဲ့အပြင် ထောင်ဒဏ်ချမှတ်လိုက်တာကြောင့် တောင်သူတွေက စိုးရိမ်မှုတွေ ဖြစ်နေကြတယ်။ ညှိနှိုင်းဆွေးနွေးသဘောတူညီမှုတွေ ပျက်သွားမှာလည်း စိုးရိမ်နေကြတာပေါ့။ အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ တောင်သူဦးမြင့်အောင် အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အယူခံဝင်သွားမှာပါ” ဟု ထောင်ဒဏ်နှစ်လချမှတ်ခံခဲ့ရပြီး ချုပ်ရက်များဖြင့်ပြန်လည် လွတ်မြောက်ခဲ့သည့် မြေယာအရေးလှုပ်ရှားသူ ဦးမျိုးဝင်းက ပြောကြားသည်။

အဆိုပါ ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာမှ ဒေသခံတောင်သူ ၈၂ ဦး လုပ်ကိုင်ခဲ့ကြသည့် ကွင်းအမှတ် (၅၄၈၊ ၅၄၉၊ ၅၅၀) တို့မှ ယာမြေဧက ၅၄၇ ဒသမ ၈၀ ဧကကို ၁၉၉၇ ခုနှစ်ခန့်က ရေတံခွန် တောင် ဂေါက်ကွင်းပြုလုပ်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းခဲ့ကြောင်း၊ ထိုသို့သိမ်းဆည်းသွားခဲ့ပြီးနောက် အမှန်တကယ်ဂေါက်ကွင်း  ဧရိယာအတွက် အကောင်အထည်ဖော်ခဲ့မှုမှာ ဧက ၃၀၀ ခန့်ကိုသာ စီမံကိန်းအတွက်အကောင်အထည်ဖော်ခဲ့ကာ ကျန် ၂၅၀ ဧကခန့်မှာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘဲ မြေလွတ်မြေရိုင်းအဖြစ် ကျန်ရှိခဲ့သဖြင့် ဒေသခံတောင်သူများက ပြန်လည်ခုတ်ထွင် ရှင်းလင်း၍ သီးနှံများ စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိအချိန်တွင်အဆိုပါ လစ်လပ်လျက်ရှိသည့် ယာမြေဧက ၂၅၀ ဝန်းကျင်ခန့်ကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီက စီမံကိန်းဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်မည်ဖြစ်သဖြင့် မြေယာသိမ်းဆည်းခံထားရသည့် ဒေသခံတောင်သူများနှင့် စီမံကိန်းအတွင်း ပါဝင်နေသည့် ဒေသခံတောင်သူများ၏ နေအိမ်များကို မြေနေရာနှင့်အဆောက်အအုံများ အစားထိုးပြန်ပေးသွားနိုင်ရန်အတွက် ဒေသခံတောင်သူများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ထိုသို့ပြုလုပ်ထားသော်လည်း မြေယာများပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေသခံတောင် သူတစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သဖြင့် ဒေသခံတောင်သူများကစိုးရိမ်နေကြပြီး ၎င်း အားအမြန်ဆုံးပြန်လွှတ်ပေးရန်တောင်သူများက တောင်းဆိုခဲ့ကြသည်။ 

Most Read

Most Recent