မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်တွင်းရှိ နေအိမ်နှစ်ရာကျော်အား ကျူးကျော်အဖြစ်သတ်မှတ်၍ ဖျက်သိမ်းပေးရန် အကြောင်းကြားလာမှုအပေါ် နေထိုင်သူများက အသနားခံတင်ပြတောင်းဆိုထားကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊အကွက်အမှတ် ၄၀၅-Aတွင် လူဦးရေ ၁၂၆ဝဦးနေထိုင်သည့် အိမ်ခြေနှစ်ရာကျော်အားမတ်လ၂၂ ရက်နေ့ နောက်ဆုံးထားဖယ်ရှားရှင်းလင်းရန် သက်ဆိုင်ရာမှ အကြောင်းကြားစာပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" လူဦးရေ ၁၂ဝဝကျော်နေထိုင်ပြီး အိမ်ခြေက ၂ရာကျော်ပါ။ ဒီမြေနေရာတွေက မူလက အုတ်သူကြီး ဦးညိုရောင်ကအမည်ပေါက်ပိုင်ဆိုင်ခဲ့ပြီး အုတ်စက်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့မြေနေရာပါ။အဲဒီနောက် အုတ်သူကြီးက သူ့အလုပ်သမား၊ တပည့်သားတွေကို ပေးခဲ့တဲ့မြေ။ အဆက်ဆက်နေထိုင်ခဲ့ကြတာ အခုဆိုရင် နေထိုင်လာကြတာ နှစ်ရဝကျော်မကတော့ပါဘူး။အဲဒီတုန်းက မြေတန်ဖိုးကဘာမှတန်ဖိုးမရှိသေးသလို ဘယ်သူမှလည်းလာမနေချင်တာကြောင့် ဂရန်သက်တမ်းမတိုးမိခဲ့ကြပါဘူး။ အခု၂၀၂၅ကျမှ အုတ်သူကြီးမိသားစုဝင်တွေက ဂရန်သက်တမ်းတိုးပြီး ခုလို ကျုးကျော်လို့စွပ်စွဲခံရပြီး ဖယ်ရှားခံရဖို့ ဖြစ်လာတာပါ" ဟု ရာအိမ်မှူး ဦးအောင်နိုင်က ရှင်းပြသည်။
ယင်းမြေနေရာသည် ၁၉၆၉ခုနှစ်ကတည်းက ဂရန်သက်တမ်းကုန်သွားသော်လည်း သက်တမ်းတိုးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ၁၉၆၉ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ အစိုးရမြေအဖြစ်သာရှိခဲ့ပြီး ၂၀၂၅ခုနှစ်တွင် ဒေါ်သန်းသန်းညွန့်ပါ၆ဦးမှ ဂရန်အမည်ပေါက်ဆောင်ရွက်ပြီး နှစ်ပေါင်းရဝကျော်နေထိုင်လာသည့် အုတ်စက်လုပ်သားမိသားစုဝင်များအား ဖယ်ရှားရန်ပြုလုပ်ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိသလို တရားမျှတမှုလည်းမရှိသောကြောင့် သနားငဲ့ညှာပေးပါရန် အသနားခံလျှောက်ထားပါကြောင်း ဌာနဆိုင်ရာအသီးသီးသို့ တင်ပြလျှောက်ထားကြောင်းလည်း သိရသည်။
အဆိုပါနေအိမ်များဖျက်သိမ်းရန်၂၀၂၅ ခုနှစ်ဒီဇင်ဘာ၂၄ရက်တွင်
၁၄ရက်တွင်းဖျက်သိမ်းရန် နှုတ်ဖြင့် ပထမအကြိမ်အကြောင်းကြားခဲ့ကြောင်း၊
၂၀၂၆ခုနှစ် မတ်လ၁၅ရက်တွင် နို့တစ်စာဖြင့် ဒုတိယအကြိမ် အကြောင်းကြားခဲ့ကြောင်း သိရသည်။
အကြောင်းကြားစာတွင် သံလျက်မှော်အနောက်ရပ်ကွက်၊မြေကွက် အမှတ်(၄၀၅-က)၊ မြေကွက်အမှတ်(၄၀၅-ခ) စုစုပေါင်းဧရိယာ ၁၁.၇၂ဧက အား အမည်ပေါက်ဂရန်ထုတ်ယူပြီးဖြစ်ပါ၍ ဒေါ်သန်းသန်းညွန့်ပါ ၆ဦးမှ ၎င်းတို့မြေပေါ်ကျူးကျော်ဝင်ရောက်နေထိုင်သူများအနေဖြင့် ၂၂ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းပေးပါရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဖယ်ရှားရှင်းလင်းသွားမည်ဟု ပါရှိသည်။















