အေဂျက်စ်အသင်းဟာ အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းလက်ရွေးစင်ကစားသမား ဇင်ချန်ကို(၂၉ နှစ်)ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အငှားချခံထားရပေမဲ့ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် နော်တင်ဟမ်အသင်းက စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဇင်ချန်ကိုဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပေါင်(၃၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၉၁)ပွဲကစားပြီး (၃)ဂိုးသွင်းယူပေးထားပါတယ်။
ဇင်ချန်ကိုဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရတော့မှာပါ။
အာဆင်နယ်အသင်းက ဇင်ချန်ကိုကို အသင်းမှာ နေရာပေးနိုင်ခြင်းမရှိတာကြောင့် အေဂျက်စ်အသင်းဆီ ရာသီကုန်အထိ အငှားချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီနေ့ ဆေးစစ်မှုပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။















