■ လိဂ်ဖလားတတိယအဆင့်တွင် လက်ရှိချန်ပီယံ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းတွေ့ဆုံနေပြီး မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူအသင်းတို့ ပွဲချောင်နေ

■ လိဂ်ဖလားတတိယအဆင့်တွင် လက်ရှိချန်ပီယံ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းတွေ့ဆုံနေပြီး မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူအသင်းတို့ ပွဲချောင်နေ
Published 30 August 2024

၂၀၂၄-၂၀၂၅ ရာသီ လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲတတိယအဆင့်ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်ရာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် အိမ်ကွင်း၌ ဝက်စ်ဟမ်းအသင်းနှင့် ပွဲကျပ်ရင်ဆိုင်ရမည်ဖြစ်ပြီး ရေပန်းအစားဆုံး မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူအသင်းတို့ ပွဲချောင်နေကြောင်း သိရသည်။

    

တတိယအဆင့်တွင် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည့် ပရီးမီးယားလိဂ်ကလပ် (၇)သင်း စတင်ပါဝင်လာပြီး ဒုတိယအဆင့်မှ တက်ရောက်လာသည့် (၂၅) သင်းနှင့်အတူ စုစုပေါင်း (၃၂) သင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုအဆင့်တွင် ပရီးမီးယားလိဂ်ကလပ် (၁၇) သင်း၊ ချန်ပီယံရှစ်က လပ် (၆)သင်း၊ League One (တတိယတန်း) ကလပ် (၅)သင်း၊ League Two (စတုတ္ထတန်း) ကလပ် (၄)သင်း ယှဉ်ပြိုင်ခွင့်ရထားသည်။

    

ပရီးမီးယားလိဂ်ကလပ်အချင်းချင်း တွေ့ ဆုံမှုအဖြစ် လက်ရှိချန်ပီယံ လီဗာပူးလ်နှင့် ဝက်စ်ဟမ်း၊ ဘရိုက်တန်နှင့် ဝုလ်ဗ်၊ အဲဗာတန်နှင့် ဆောက်သမ်တန်အသင်းတို့ ရင်ဆိုင်ရမည်ဖြစ်သည်။ 

ရေပန်းအစားဆုံး မန်စီးတီးအသင်းမှာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းနှင့် အိမ်ကွင်း၊ အာဆင်နယ်အသင်းမှာ League One ကလပ် ဘော်လ်တန်အသင်းနှင့် အိမ်ကွင်း၊ ချယ်လ်ဆီးအသင်းမှာ League Two ကလပ် ဘာရိုးအသင်းနှင့် အိမ်ကွင်း၊ မန်ယူအသင်းမှာ League One ကလပ် ဘန်စလေအသင်းနှင့် အိမ်ကွင်း၊ စပါးအသင်း မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။ 

အခြားပွဲစဉ်များအဖြစ် ၀ိုင်ကမ်ဘီ-ဗီလာ၊ ဝဲဆောလ်-လက်စတာ၊ ဘရန့်ဖို့ဒ်-လေတန်၊ ဘလက်ပူးလ်-ရှက်ဖီးဝင်းစ်ဒေး၊ ပရက်စတန်-ဖူလ်ဟမ်၊ QPR-ပဲလေ့စ်၊ စတုတ်စီးတီး-ဖလိဝုဒ်၊ ဝင်ဘယ်လ်ဒန်-နယူး ကာဆယ်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များကို စက်တင်ဘာ (၁၇၊ ၁၈) နှင့် (၂၄၊ ၂၅) ရက်များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန်စီးတီးအသင်းက အလေးပေးမှု (၁၁း၄) ဖြင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။ 

ထို့နောက် အာဆင်နယ်အသင်းက (၈း၁)၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့က (၁ဝး၁)၊ မန်ယူနှင့် ဗီလာအသင်းက (၁၄း၁) သတ်မှတ်ခံထားရသည်။ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနှင့် အက်စတွန်ဗီလာတို့သည် စက်တင်ဘာ(၂၄၊ ၂၅)မှ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။