PV အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများရှိသဖြင့် ပြည်ပအလုပ်သွားလုပ်မည့်သူများ OWIC ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

PV အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများရှိသဖြင့် ပြည်ပအလုပ်သွားလုပ်မည့်သူများ OWIC ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Published 15 August 2024

PV အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများရှိသဖြင့် ပြည်ပအလုပ်သွားလုပ်မည့်သူများ OWIC ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် “အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဈ) တွင် “အလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ စုံစမ်းစစ်ဆေး၍ အဖွဲ့ငယ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ ထွက်ခွာရန် မသင့်ကြောင်း တွေ့ရှိပါက ပိတ်ပင်ခြင်း” ဟူ၍လည်းကောင်း ပြဌာန်းထားကြောင်း ပါရှိသည်။

ယင်းအပြင် ပုဒ်မ ၉ ပုဒ်မခွဲ (က)တွင် ပြည်ပအလုပ်အကိုင်ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားတစ်ခုခုကို ရှာဖွေခြင်းဖြစ်ပါက ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

အလားတူ ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) တွင် ဦးစီးဌာနသည် “အလုပ်သမားအား ပြည်ပသို့ မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်း အထောက်အထားသက်သေခံလက်မှတ် ထုတ်ပေးရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ (က) အလည် (Passport for Visit – PV)၊ (ခ) အလုပ် (Passport for Job – PJ)၊ (ဂ) ပညာသင် (Passport for Education - PE)၊ (ဃ) စီးပွားရေး (Passport for Business – PB)၊ (င) ဘာသာရေး (Passport for Religious – PR)၊ (စ) မှီခို (Passport for Dependent – PT)၊ (ဆ) သင်္ဘောသား (Passport for Seaman - PS)တို့ဖြစ်ကြောင်း၊ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် (Passport for Job - PJ) အမျိုးအစား လျှောက်ထားရန်လိုအပ်မည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ထုတြ်ပန်ချက်တွင် ပါရှိသည်။

ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးသည့် (Passport for Visit – PV) အမျိုးအစား ကိုင်ဆောင်သူများသည် အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်လျက်ရှိကြပြီး ပြည်ပတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် နိုင်ငံကူးလက်မှတ် (Passport for Visit – PV) အမျိုးအစား ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင်သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent