လူကာကူနှင့် အိုဆင်မန်တို့အား အပြန်အလှန်အရောင်းအဝယ် ပြုလုပ်ရန် ချယ်လ်ဆီးအသင်းကို နာပိုလီအသင်း ကမ်းလှမ်း

လူကာကူနှင့် အိုဆင်မန်တို့အား အပြန်အလှန်အရောင်းအဝယ် ပြုလုပ်ရန် ချယ်လ်ဆီးအသင်းကို နာပိုလီအသင်း ကမ်းလှမ်း
Photo: Goal
Photo: Goal
Published 15 August 2024

နာပိုလီအသင်းသည် အသင်းတိုက်စစ်မှူး အိုဆင်မန်နှင့် ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူတို့အား အပြန်အလှန်အရောင်းအဝယ်ပြုလုပ်ရန် ချယ်လ်ဆီးအသင်းကို ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် ယခုနွေတွင် နာပိုလီအသင်းမှ ထွက်ခွာလိုနေပြီး ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူမှာလည်း အင်တာမီလန်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြ ကွန်တီနှင့်ပြန်လည်လက်တွဲရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် နာပိုလီအသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ၎င်းတို့တိုက်စစ်မှူးများ၏ အပြောင်းအရွှေ့ ဖြစ်ပေါ်လာရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း သိရှိရသည်။

The Times ၏ ဖော်ပြချက်အရ နာပိုလီအသင်းသည် လူကာကူအား ပေါင် (၂၅.၆)သန်း(ယူရို ၂၉.၈ သန်း)ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်းထံ ကမ်းလှမ်းထားပြီး အသင်းတိုက်စစ်မှူး အိုဆင်မန်အတွက်မူ ပြောင်းရွှေ့ ကြေး ပေါင်သန်း (၉၀) (ယူရို ၁၀၄ သန်း) အလိုရှိနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးနှင့် နာပိုလီအသင်းတို့အသင်းသည် အပြောင်းအရွှေ့ဖြစ်မြောက်လာရန် ဆွေးနွေးနေကြဆဲဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ လူကာကူအတွက် ပေါင်သန်း (၄၀) အထိ အလိုရှိနေကြောင်း သိရသည်။

နာပိုလီအသင်းအနေဖြင့် လူကာကူကို ခေါ်ယူမည်ဆိုပါက ၎င်း၏လစာမှာ အခက်တွေ့လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အသက် (၃၁) နှစ်အရွယ်ရှိ လူကာကူသည် ချယ်လ်ဆီးအသင်းတွင် တစ်ပတ်လစာ ပေါင် (၃၂၅၀၀၀) ရရှိနေကြောင်း သိရသည်။

သို့သော် The Times ၏ဖော်ပြချက်အရ လူကာကူအနေဖြင့် ကွန်တီနှင့် နာပိုလီအသင်းတွင် လက်တွဲလိုသည့်အတွက် လစာလျှော့ယူရန် အသင့်ရှိနေကြောင်း သိရှိရသည်။

ယခုနွေ တွင် အသင်းပြောင်းရွှေ့မည်ဟု နာပိုလီအသင်းကို အကြောင်းကြားထားသည့် အိုဆင်မန်မှာလည်း ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးကစားသမားဟောင်းများ ဖြစ်သည့် ဒရော့ဘာနှင့် မီခေးလ်တို့ကလည်း အိုဆင်မန်အား ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကစားရန် ဆွဲဆောင်နေကြကြောင်း သိရသည်။

အိုဆင်မန်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၁၇) ဂိုးသွင်းယူပေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent