ပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း စျေးကွက်မပိတ်မီ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများ အားဖြည့်နိုင်ရန် PSG မျှော်လင့်

ပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း စျေးကွက်မပိတ်မီ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများ အားဖြည့်နိုင်ရန် PSG မျှော်လင့်
Photo: Getty Images
Photo: Getty Images
Published 5 August 2024

PSG အသင်းသည် လက်ရှိအချိန်အထိ ပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ကမ္ဘာ့အဆင့်ကစားသမားများ ခေါ်ယူအားဖြည့်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

PSG အသင်းသည် ယခုနွေရာသီတွင် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ရီးယဲလ်အသင်းထံ ထွက်ခွာခွင့်ပြုခဲ့ရသည့်အတွက် ထိပ်တန်းကစားသမားများ ပြန်လည်ခေါ်ယူအားဖြည့်နိုင်ရန် စီစဉ်ခဲ့သည်။

PSG အသင်း ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည့် ကစားသမားများထဲ၌ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ အေစီမီလန်တိုက်စစ်မှူး ရာဖေးလ်လီယာအို၊ နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ နာပိုလီတောင်ပံကစားသမား ခွာရတ်စကယ်လီယာ၊ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာ၊ အာဆင်နယ်တိုက်စစ်ကစားသမား မာတင်နယ်လီ၊ မန်စီးတီးတိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗား၊ ဘာစီလိုနာကွင်းလယ်ကစားသမား ဂါဗီ၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်၊ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်နှင့် လိုင်လီနောက်ခံလူ ယိုဟိုတို့ ပါဝင်ခဲ့သည်။

လက်တွေ့တွင် ကစားသမားများနှင့် ကလပ်အသင်းများ၏ ဆက်ဆံရေးအခြေအနေအရ အချို့ကစားသမားများကို ကမ်းလှမ်းနိုင်သည့် အနေအထားပင် မရောက်ခဲ့ဘဲ ကမ်းလှမ်းခဲ့သည့် ကစားသမားများမှာကိုလည်း အောင်မြင်စွာ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် PSG အသင်းအနေဖြင့် သြဂုတ်(၄)ရက်နေ့အထိ ပစ်မှတ်ကစားသမားတစ်ဦးကိုမျှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ ရုရှားကလပ် ခရက်စ်နိုဒါအသင်းမှ ရုရှားဂိုးသမား ဆာဖိုနော့ဗ်ကိုသာ ခေါ်ယူထားနိုင်ခဲ့သည်။

သို့သော် PSG အသင်းတာဝန်ရှိသူများက အပြောင်းအရွှေ့စျေးကွက်မပိတ်မီ ကမ္ဘာ့အဆင့်ကစားသမားများ ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

PSG အသင်းသည် စျေးကွက်မဖွင့်မီကတည်းက ပစ်မှတ်ထားခဲ့သည့် ကစားသမားများကိုသာမက ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကစားသမားအချို့ကိုလည်း ကြိုးပမ်းခဲ့သည်။

ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံစ်ကို မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားက စပိန်တွင်သာ ဆက်လက်ကစားသွားလိုသည်ဟူသည့် အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့ကြောင်း သိရသည်။

PSG အသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကိုမူ ယူရိုသန်း(၈၀)ဖြင့်သာ ကမ်းလှမ်းခဲ့သည့်အတွက် နာပိုလီအသင်းက ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသည့် အိုဆင်မန်ကို နာပိုလီအသင်းက ရောင်းထုတ်ရန် လိုလားနေသော်လည်း လျော်ကြေးစာချုပ်တန်ဖိုးအတိုင်း ယူရိုသန်း(၁၃၀)ဝန်းကျင်ရရှိမှသာ လက်ခံဖွယ်ရှိကြောင်း သိရသည်။

အိုဆင်မန်ကို အာဆင်နယ်အသင်းက PSG ထက် ပိုမိုမြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့်် ကမ်းလှမ်းခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။

PSG အသင်း၏နည်းပြ အန်နရီကေးကမူ ယူရို-၂၀၂၄ ပြိုင်ပွဲ၌ စပိန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် အယ်လ်နာဆာနောက်ခံလူ  လာပေါ့တ်ကို ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သိရသည်။

PSG အသင်းသည် ဘင်ဖီကာမှ ပေါ်တူဂီကွင်းလယ်လူ နယ်ဗက်စ်ကိုမူ ခေါ်ယူနိုင်တော့မည်ဟု သိရသည်။

Most Read

Most Recent