ဆလိုဗက်ကီးယားနှင့်ကစားမည့်ပွဲတွင် ဟာရီကိန်းနှင့် ဘယ်လင်ဟမ်တို့အား ပွဲထွက်လူစာရင်းမှချန်လှပ်ရန် အင်္ဂလန်အသင်းကို  လီဗာပူးလ်နှင့် ဂျာမနီကစားသမားဟောင်း ဟာမန်း တိုက်တွန်း 

ဆလိုဗက်ကီးယားနှင့်ကစားမည့်ပွဲတွင် ဟာရီကိန်းနှင့် ဘယ်လင်ဟမ်တို့အား ပွဲထွက်လူစာရင်းမှချန်လှပ်ရန် အင်္ဂလန်အသင်းကို  လီဗာပူးလ်နှင့် ဂျာမနီကစားသမားဟောင်း ဟာမန်း တိုက်တွန်း 
Photo: Getty Images
Photo: Getty Images
Published 29 June 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နှင့် ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဟာမန်းက ဆလိုဗက်ကီးယားအသင်းနှင့် ကစားမည့် ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ဟာရီကိန်းနှင့် ဘယ်လင်ဟမ်တို့အား ပွဲထွက်လူစာရင်းမှ ချန်လှပ်ရန် အင်္ဂလန်အသင်းကို တိုက်တွန်းပြောကြားခဲ့သည်။ 

နာမည်ကျော် အင်္ဂလန်အသင်းသည် ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ထိပ်ဆုံးမှရေပန်းစားနေသော်လည်း အုပ်စုပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်တွင် အသင်းငယ်တစ်သင်းဖြစ်သည့် ဆလိုဗက်ကီးယား အသင်းနှင့် တွေ့ဆုံနေသည်။ အင်္ဂလန်နှင့် ဆလိုဗက်ကီးယားတို့၏ပွဲကို ယနေ့ည ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် အင်္ဂလန်အသင်း၏ အဓိက ကစားသမားဖြစ်သည့် အသင်းခေါင်းဆောင် ဟာရီကိန်းနှင့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်တို့အား ပွဲထွက်စာရင်းမှ ချန်လှပ်ရန် ဟာမန်းက အင်္ဂလန်အသင်းကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

ဟာမန်းက "ဘယ်လင်ဟမ်နဲ့ ဖိုဒန်က ကစားတဲ့နေရာအတူတူဖြစ်ပြီး သူတို့ထဲက တစ်ဦးကို ရွေးရမယ်ဆိုရင် ကျွန်တော်ကတော့ ဖိုဒန်ကိုပဲ ရွေးမှာပါ။ ဖိုဒန်ကို ကွင်းလယ်တိုက်စစ်မှာထားပြီး တောင်ပံနှစ်ဖက်မှာ ပါလ်မာ နဲ့ ဂေါ်ဒွန်တို့ကို အသုံးပြုသင့်ပါတယ်။ ဘယ်လင်ဟမ်ဟာ ရီးယဲလ်မက်ဒရစ်မှာ ပထမ ခြောက်လအတွင်း အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ခရစ္စမတ်ပြီးကတည်းက ဘယ်လင်ဟမ်ရဲ့ခြေစွမ်းက သာမန်ပါပဲ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ ဘယ်လင်ဟမ် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုယူရိုပြိုင်ပွဲမှာ ဘယ်လင်ဟမ် ခြေစွမ်းမပြနိုင်တာကို ကျွန်တော်ကတော့ မအံ့သြပါဘူး။ ဘယ်လင်ဟမ် Ballon d'Or  ဆုရမယ်လို့ လူတွေက ပြောနေကြတယ်။ ဒါ ပေမဲ့ အခုအချိန်မှာတော့ ဘယ်လင်ဟမ်ဟာ Ballon d'Or ဆုရလောက်တဲ့ ခြေစွမ်းမရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်းနှင့်ပတ်သက်ပြီးလည်း ဟာမန်းက "ဟာရီကိန်းက အင်္ဂလန်အတွက်ရော ဘိုင်ယန်အတွက်ပါ ဒီထက်ပိုပြီးကောင်းလာမယ်လို့ မထင်ပါဘူး။ ဟာရီကိန်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါမှာ ၃၆ ဂိုးသွင်းယူခဲ့ပေမဲ့ အရေးကြီးတဲ့ပွဲတွေမှာ သူ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါက ဟာရီကိန်းရဲ့အပြစ်တော့လည်း မဟုတ်ပါဘူး။ အသင်းဖော်တွေက သူ့ကို ဗဟိုပြုကစားတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ယူရိုသန်း ၁၀၀ တန် တိုက်စစ်မှူးအနေနဲ့ ဂိုးသွင်းဖို့အတွက် ကိုယ်တိုင်ကြိုးစားပြီး ဖန်တီးယူရမှာပါ။ လက်ရှိ အင်္ဂလန်တိုက်စစ်မှာ ဟာရီကိန်းကို အသုံးပြုတာထက် ဝက်ကင်စ်ကို အသုံးပြုတာက နေရာလွတ်တွေ ပိုရနိုင်မယ် ထင်ပါတယ်။ ဟာရီကိန်းက နေရာလွတ်တွေ မရှာပေးနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent