နွေရာသီတွင် ကစားသမားအများစုရောင်းချမည့်သတင်းမှာ ရယ်စရာဖြစ်ကြောင်း အဲရစ်တန်ဟက်ဂ် တုံ့ပြန်

နွေရာသီတွင် ကစားသမားအများစုရောင်းချမည့်သတင်းမှာ ရယ်စရာဖြစ်ကြောင်း အဲရစ်တန်ဟက်ဂ် တုံ့ပြန်
Photo: The Athletic
Photo: The Athletic
Published 4 May 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က နွေရာသီတွင် ကစားသမားအများစုရောင်းချမည့်သတင်းမှာ ရယ်စရာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပူးတွဲရှယ်ယာရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်လက်ထက် ပထမဆုံး နွေရာသီအပြောင်းအရွှေ့ကာလတွင် အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ရန် စီစဉ်ထားပြီး ခြေစွမ်းမပြနိုင်သည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အပါအဝင် ကစားသမား အများစုကို ရောင်းချဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့သည်။ သို့သော် ယင်းသတင်းများမှာ မှန်ကန်မှုမရှိကြောင်း အဲရစ်တန်ဟက်ဂ်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

"ဒါက ရယ်စရာတစ်ခုပါ။ ကျွန်တော် ဒီမှာအလုပ်လုပ်နေတဲ့ကာလတစ်လျှောက် နွေရာသီတိုင်းမှာ ကစားသမား ၂၀၀ လောက် က မန်ချက်စတာယူနိုက်တက်ဆီက စိတ်ဝင်စားမှုရရှိနေတယ်ဆိုတာက အမှန်မဟုတ်ပါဘူး။ ကျွန်တော်တို့ သုတေသနတချို့လုပ်ခဲ့တယ်။ နွေရာသီတိုင်းမှာ ကျွန်တော်တို့က ကိုယ့်ရဲ့လူစာရင်းမှာရှိတဲ့ ကစားသမားအားလုံးကို ရောင်းချမယ်ဆိုတာ အဲဒါက မမှန်ပါဘူး။ အဲဒီလိုခေါင်းစဉ်တပ်တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ တာဝန်ယူမှုရှိရပါမယ်။ နွေရာသီမှာ လုပ်စရာတွေက အမြဲတမ်း အများကြီးရှိပါတယ်။ အပြောင်းအရွှေ့ကာလတစ်ခုရောက်လာတဲ့အခါ ဒါက ပုံမှန်ပါပဲ။ ဒီရာသီမှာကြုံ တွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေက ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ရဲ့ မျှော်မှန်းချက်ထက် နိမ့်ကျနေဆဲဖြစ်ပါတယ်။ အဲဒါ ကြောင့် အမီလိုက်နိုင်အောင် ကြိုးစားရပါ မယ်။ ကျွန်တော်က အခု ငါးကြိမ်မြောက် အပြောင်းအရွှေ့ကာလကို ဖြတ်သန်းရမှာပါ။ အပြောင်းအရွှေ့နှစ်ခုက အဆင်ပြေပြီး နှစ်ခုကတော့ လွဲချော်ခဲ့ပါတယ်။ ဒီနွေရာသီမှာ တိုးတက်မှုအသစ်တွေဖြစ်အောင် လုပ်ရမှာပါ။ ဒီအသင်းရဲ့အခြေခံက အရမ်းကောင်းပါတယ်။ ဒဏ်ရာတွေက ကျွန်တော်တို့ရဲ့ရာသီအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် လာမည့်ရာသီအတွက် ချန်ပီယံ လိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီဖြစ်သော်လည်း ကစားသမားသစ်ခေါ်ယူမည့် အခြေအနေနှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က "ဒီအခြေအနေ (ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်း) က ဘတ်ဂျက်အပေါ် သက်ရောက်မှုရှိပါလိမ့်မယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်က အရမ်းဆွဲဆောင်မှုရှိတဲ့အသင်းဖြစ်ပြီး ကစားသမား တော်တော်များများက ဒီအသင်းအတွက် ကစားရတာကို ပျော်ရွှင်နေကြမယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

 

Most Read

Most Recent