အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တွင် စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တွင် စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့
Published 27 June 2024

ဇွန် ၂၆ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း)တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား ၃၂၁၂ ဦး တက်ရောက်ခဲ့ပြီး ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်းကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး၊ စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း)တို့အား ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုအရ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၆၀၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၃၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တမင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး၊ စုစုပေါင်းကျပ် ၄၅၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၀၁၃ သန်း)အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာ အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း သုည ဒသမ ၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုးတို့၏ စုစုပေါင်းကျပ် ၂၈၉ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်း)တို့အား ဖျက်ဆီးခဲ့သည်။

ထို့အတူ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၉၀၀၀ ကီလိုကျော်၊ ကက်တမင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်း ၂၀ မျိုးတို့၏ စုစုပေါင်းကျပ် ၄၁၈ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅၄ သန်း) အား အသီးသီးဖျက်ဆီးခဲ့ကြောင်း သိရသည်။