ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦး တောင်ငူမြို့ စစ်တောင်းသံတံတားကြီးပေါ်မှ ခုန်ချပြီး စစ်တောင်းမြစ်အတွင်း ပျောက်ဆုံး

ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦး တောင်ငူမြို့ စစ်တောင်းသံတံတားကြီးပေါ်မှ ခုန်ချပြီး စစ်တောင်းမြစ်အတွင်း ပျောက်ဆုံး
Published 27 June 2024

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇွန် ၂၆ ရက် ညနေပိုင်းက တောင်ငူမြို့မှ သံတောင်ကြီးဒေသဘက်သို့ ဆက်သွယ်ထားသော စစ်တောင်းသံတံတားကြီးပေါ်မှ ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦး စစ်တောင်းမြစ်အတွင်း ခုန်ချပြီး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါလူငယ်မှာ တောင်ငူမြို့နယ် တောင်ငူကွန်ပျူတာတက္ကသိုလ်တွင် ဒုတိယနှစ်တက်ရောက်နေသော ကေတုမတီမြို့သစ်နေ မောင်ရှိုင်းထက်အောင် ၂၄ နှစ်ခန့်ဖြစ်ကြောင်းသိရပြီး ဇွန် ၂၆ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် သံတံတားကြီးပေါ်မှ စစ်တောင်းမြစ်အတွင်းသို့ ခုန်ချပြီး ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်တောင်းမြစ်အတွင်းသို့ ခုန်မချခင် ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် (လေလွင့်ချင်ရာလွင့်ပြီးတဲ့နောက်၊ ဒီတစ်ခါတော့ မျောပါတော့မယ်၊ အားလုံးပဲ တာ့တာပါခင်ဗျာ၊ ကိုယ့်လမ်းကိုယ် ရွေးချယ်ခြင်းသာ) ဟူသော ပို့စ်တစ်ခုအား နောက်ဆုံးရေးတင်ခဲ့ပြီး (အားလုံးပဲ တာ့တာပါခင်ဗျာ၊ စစ်တောင်းမြစ်) ဟု စာသားကိုလည်း ၎င်း၏ ဖေ့ဘွတ်တွင် My Day post တစ်ခု တင်ခဲ့သေးကြောင်း သိရသည်။

သံတံတားကြီးပေါ်မှ စစ်တောင်းမြစ်ထဲသို့ မောင်ရှိုင်းထက်အောင် ခုန်ချစဉ် တံတားအနီးရှိသူအချို့မှ မြင်တွေ့ခဲ့ပြီး မြင်တွေ့ခဲ့သူတစ်ဦးက “တံတားပေါ်က ခုန်ချပြီး ရေတိမ်တဲ့နေရာကျတော့ ရေနစ်တဲ့ရေလယ်ခေါင်ကို လမ်းလျှောက်သွားတယ်။ လည်ပင်းလောက်နစ်တဲ့အထိရောက်ပြီး သုံးခါလောက် မြုပ်လိုက်ပေါ်လိုက်နဲ့ နောက်ဆုံးလုံးလုံးမြုပ်သွားတော့တာ” ဟု ဆိုသည်။

စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေသော မောင်ရှိုင်းထက်အောင်အား တောင်ငူမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပရဟိတအသင်းအဖွဲ့တို့ ပူးပေါင်းရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသော်လည်း ဇွန် ၂၆ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသေးပဲ ဇွန် ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ထပ်မံရှာဖွေမှုများ ပြုလုပ်လျက်ရှိရာ နေ့လယ် ၁ နာရီအထိ တွေ့ရှိခြင်းမရှိသေးကြောင်း မြို့ခံပရဟိတအသင်းအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။