သထုံမြို့ သိမ်ကုန်ရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်ဆီး

သထုံမြို့ သိမ်ကုန်ရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်ဆီး
Published 4 June 2024

သထုံမြို့ သိမ်ကုန်းရပ်ကွက် အောင်ဇေယျ (၃) လမ်းအတွင်း ဇွန် ၃ ရက်ညပိုင်းအချိန်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

ဇွန် ၃ ရက် ည ၇ နာရီခန့်က မိုးရွာသွန်းမှုမရှိသော်လည်း လေပြင်းများတိုက်ခတ်ပြီးနောက် လေဆင်နှာမောင်းကျလာကာ နေအိမ်များအား မွှေနှောက်တိုက်ခတ်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အားလုံး နေအိမ်ငါးလုံး အမိုးသွပ်တွေပျက်ဆီးကုန်တယ်။ နောက်ရပ်ကွက်ထိပ်က ရေကန်အမိုးတွေ ပျက်ဆီးကုန်တယ်။ လူထိခိုက်မှုတော့မရှိဘူး။ လေဆင်နှာမောင်းကျတဲ့အချိန် သွပ်တွေက လေထဲမှာ ပျံနေကြတယ်” ဟု ပြောကြားသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့မှုများအား သထုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံမြို့ပေါ်ရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent