တစ်နှစ်နီးပါးအတွင်း အွန်လိုင်းလိမ်လည်မှု သံသယတရားခံ ငါးသောင်းနီးပါးကို မြန်မာအစိုးရက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံဆို

တစ်နှစ်နီးပါးအတွင်း အွန်လိုင်းလိမ်လည်မှု သံသယတရားခံ ငါးသောင်းနီးပါးကို မြန်မာအစိုးရက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံဆို
Published 29 May 2024

တစ်နှစ်နီးပါးကာလအတွင်း အွန်လိုင်းလိမ်လည်မှု သံသယတရားခံ ငါးသောင်းနီးပါးကို မြန်မာအစိုးရက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဆက်သွယ်‌ရေးနှင့် အင်တာနက်လိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၉၀၀၀ ကျော်အား တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားသည်။

အွန်လိုင်းလိမ်လည်မှုများဖြင့်ပတ်သက်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော ဒုစရိုက်အဖွဲ့များစွာကိုလည်း ဖြိုခွင်းနိုင်ခဲ့ကာ အဓိကသံသယရှိသူ အမြောက်အမြားကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက မေ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုများစွာတွင် တရုတ်နိုင်ငံသားများ ပါဝင်မှုမြင့်မားနေဆဲဖြစ်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းအပါအဝင် အခြားမှုခင်းများလည်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေဖြင့် ယင်းအခြေအနေကို ဦးစားပေးလျက် မှုခင်းများကို တင်းတင်းကြပ်ကြပ်နှိမ်နင်းခဲ့ပြီး သိသာထင်ရှားသော ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်ဟု ဆင်ဟွာတွင်ဖော်ပြထားသည်။

အွန်လိုင်းလိမ်လည်မှုများဖြင့် တရားခံလွှဲပြောင်းပေးခဲ့သည့်ဖြစ်စဉ်တွင် လောက်ကိုင်မြို့မှ ပယ်စောက်ချိန်အပါအဝင် ၁၀ ဦးအား တရုတ်အစိုးရထံသို့ မြန်မာအစိုးရက ယခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် လွှဲပြောင်းခဲ့သည်မှာ ထင်ရှားသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ လေးဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း၊ ယခုလှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာ၌ အထင်ကရ ေအောင်မြင်မှုရလဒ်ပင်ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent