ထိုင်းလိဂ် -၂ ပြိုင်ပွဲ တန်းတက်ခွင့်အတွက် Play-Off အဆင့်တွင် လွင်မိုးအောင်၏ ရရောင်းအသင်း ဖိုင်နယ်အဖြစ် နာခွန်ဆီအသင်းနှင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်

ထိုင်းလိဂ် -၂ ပြိုင်ပွဲ တန်းတက်ခွင့်အတွက် Play-Off အဆင့်တွင် လွင်မိုးအောင်၏ ရရောင်းအသင်း ဖိုင်နယ်အဖြစ် နာခွန်ဆီအသင်းနှင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်
Photo: RYFC
Photo: RYFC
Published 13 May 2024

မြန်မာ့လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ လွင်မိုးအောင်၏ ရရောင်းအသင်းသည် ထိုင်းလိဂ် -၂ ပြိုင်ပွဲ တန်းတက်ခွင့်အတွက် Play-Off  အဆင့်တွင် ဖိုင်နယ်အဖြစ် နာခွန်ဆီအသင်း နှင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း သိရသည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား၌ အဆင့် ၃ နေရာတွင် ရပ်တည်ခဲ့သည်။

ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) ၏ ပြိုင်ပွဲစည်းမျဉ်းအရ ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ တိုက်ရိုက်တန်းတက်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် ၃ နေရာမှ  အဆင့် ၆ နေရာရ အသင်း ၄ သင်းမှာ တန်းတက်ခွင့် တစ်နေရာအတွက် Play-Off  အဖြစ် ဆီမီးဖိုင်နယ်၊ ဖိုင်နယ် နှစ်ဆင့်ဆက်လက်ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

 ရရောင်းအသင်းသည် Play-Off  ဆီမီးဖိုင်နယ်အဖြစ် ပြီးခဲ့သည့်မေ ၅ ရက်က အယုတ္တရယူနိုက်တက်အသင်းနှင့် အဝေးကွင်းသွားရောက်ကစားခဲ့ရာ(၁-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

 ရရောင်းအသင်းသည် အိမ်ကွင်းဒုတိယအကျော့အဖြစ် ပြီးခဲ့သည့်မေ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အယုတ္တရယူနိုက်တက်အသင်းကို(၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ရရောင်းအသင်းသည် နှစ်ကျော့ပေါင်းရလဒ်(၅-၃) ဂိုးဖြင့် Play-Off  ဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

အခြား Play-Off  ဆီမီးဖိုင်နယ်တွင်  နာခွန်ဆီအသင်းက ချင်းမိုင်အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၃-၂) ဂိုးဖြင့် အနိုင်ရရှိပြီး Play-Off  ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် Play-Off  ဖိုင်နယ်အဖြစ် လာမည့်မေ ၁၈ ရက်တွင် နာခွန်ဆီအသင်းအိမ်ကွင်းသို့သွားရောက်၍ ပထမအကျော့အဖြစ်လည်းကောင်း၊ မေ ၂၅ ရက်တွင် အိမ်ကွင်း၌ ဒုတိယအကျော့အဖြစ်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းမှာ လာမည့်ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လွင်မိုးအောင်သည် ရရောင်းအသင်းထံသို့ ၂၀၂၂ ခုနှစ်ကတည်းက သွားရောက်ကစားနေသူဖြစ်ပြီး အသင်း၏ အမာခံကစားသမားဖြစ်သည်။

Most Read

Most Recent