လာဘ်ပေးမှုပြုလုပ်ခဲ့ပြီး လုပ်ပွဲကစားခဲ့ကြောင်း ရုပ်သံတွင်ဝန်ခံခဲ့သည့် တရုတ်လက်ရွေးစင်အသင်းနည်းပြဟောင်း လီတိုင်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရကြောင်း သတင်းထွက်ပေါ် 

လာဘ်ပေးမှုပြုလုပ်ခဲ့ပြီး လုပ်ပွဲကစားခဲ့ကြောင်း ရုပ်သံတွင်ဝန်ခံခဲ့သည့် တရုတ်လက်ရွေးစင်အသင်းနည်းပြဟောင်း လီတိုင်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရကြောင်း သတင်းထွက်ပေါ် 
Photo: Getty Images
Photo: Getty Images
Published 24 February 2024

 

တရုတ်လက်ရွေးစင်အသင်းကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ လီတိုင်း သည် လာဘ်ပေးမှုပြုလုပ်ခဲ့ပြီး လုပ်ပွဲကစားခဲ့ကြောင်း ရုပ်သံအင်တာဗျူးတစ်ခု၌ ဝန်ခံခဲ့ပြီးနောက် ၎င်း၏မွေးရပ်မြေ တရုတ်နိုင်ငံတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

အသက် ၄၆ နှစ်အရွယ်ရှိ လီတိုင်းသည် ၂၀၀၂-၀၃ ရာသီက ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းတွင် ၂၀၀၂ ခုနှစ် ၂၀၀၆ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။ အဲဗာတန်အသင်းသည် လီတိုင်းအား ၂၀၀၂ တွင် တစ်ရာသီအငှားဖြင့် ခေါ်ယူပြီးနောက် ၂၀၀၃ နွေရာသီတွင် ပေါင် ၁ ဒသမ ၂ သန်းဖြင့် အ ပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရှက်ဖီးယူနိုက်တက်အသင်းတွင်လည်း ကစားခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။ လီတိုင်းသည် တရုတ်လက်ရွေးစင်အသင်းအတွက်လည်း ၉၂ ပွဲထိ ပါဝင်ကစားခဲ့သူဖြစ်သည်။ 

လီတိုင်းသည် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၁၂ ခုနှစ်တွင် နည်းပြလောကသို့ လက်ထောက်နည်းပြအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တရုတ်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။ လီတိုင်းအနေဖြင့် တရုတ်လက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး တစ်နှစ်အကြာတွင် အစိုးရရှေ့နေများက ၎င်းသည် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လီတိုင်းသည် တရုတ်အစိုးရပိုင် CCTV နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်းအနေဖြင့် တရုတ်လက်ရွေးစင်အသင်းနည်းပြရာထူးကို ရရှိရန်အတွက် ယွမ် သုံးသန်း (ပေါင် ၃၃၀၀၀၀) လာဘ်ထိုးခဲ့ကြောင်း ဝန်ခံခဲ့သလို လုပ်ပွဲကစားမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

လီတိုင်းက "ကျွန်တော့်ရဲ့လုပ်ရပ်တွေ အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး လမ်းမှန်နောက်ကိုပဲ လိုက်ခဲ့သင့်တာပါ။ အဲ ဒီတုန်းက တရုတ်ဘောလုံးလောကမှ လုပ်နေ ကျအရာတွေရှိခဲ့ပြီး ကျွန်တော်လည်း အဲဒီ လို လုပ်ခဲ့မိပါတယ်" ဟု CCTV သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လီတိုင်းက ၎င်းအနေဖြင့် ဟီဘေးချိုင်းနားဖော်ကျွန်းအသင်း နှင့် ဝူဟန် Zall အသင်းများကို ကိုင်တွယ်စဉ်က လုပ်ပွဲများကစားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ 

"ကျွန်တော်ဟာ မသမာတဲ့ နည်းလမ်းတွေနဲ့ အောင်မြင်မှုတွေ လိုချင်ခဲ့တာပါ။ ဒါကြောင့် ရလဒ်ကောင်းတွေရရှိဖို့အတွက် ဒိုင်လူကြီးတွေကို လာဘ်ပေးတာတွေ၊ ပြိုင် ဘက်ကစားသမားတွေနဲ့ နည်းပြတွေကို လာဘ်ထိုးတာတွေ လုပ်ခဲ့ပါတယ်။ တစ်ခါတလေမှာ အသင်းကလည်း အခြားအသင်းတွေနဲ့ ညှိနှိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီအပြုအမူက ကြာလာတော့ အကျင့်ဖြစ်လာခဲ့ပြီး အမြစ်တွယ်ခဲ့ပါတယ်"ဟု လီတိုင်းက ပြောကြားခဲ့သည်။ 

ယခုအခါ တရုတ်အခြေစိုက် သတင်းထောက်နှင့် စာရေးဆရာဖြစ်သူ မာ့ခ်ဒရီယာ က လီတိုင်အနေဖြင့် လာဘ်ပေးလာဘ်ယူပြု လုပ်မှုနှင့် လုပ်ပွဲကစားမှုတို့ကြောင့် တရုတ်နိုင်ငံတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်ဟု သတင်းထွက်ပေါ်နေ ကြောင်း ၎င်း၏လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။ ထို့ပြင် တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ချန်းဟူယွမ်းမှာလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး တရုတ်ဘောလုံးအဖွဲ့ချုပ်၏ ထိပ်တန်းအရာရှိဟောင်းတစ်ဦးဖြစ်သူ ဒူကျောက်ခိုင်မှာလည်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရကြောင်း မာ့ခ်ဒရီယာက ရေးသားခဲ့သည်။ 

လီတိုင်းသည် ၂၀၀၂ တွင် အဲဗာတန်အသင်းသို့ ကနဦးအငှားဖြင့် သွားရောက်ကစားစဉ်က ၎င်းတို့မျိုးဆက်တွင် ပါရမီအရှိဆုံး တရုတ်ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် တရုတ်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခဲ့သူလည်းဖြစ်သည်။ 

Most Read

Most Recent