ဗြိတိန်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ် ၅၀ ကျော်ချမှတ်ကြောင်း ကြေညာ

ဗြိတိန်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ် ၅၀ ကျော်ချမှတ်ကြောင်း ကြေညာ
ဖေဖော်ဝါရီ ၂၀ ရက်က ပါရာဂွေးနိုင်ငံ၏ မြို့တော် အက်ဆန်စီယွန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဗြိိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၀ ရက်က ပါရာဂွေးနိုင်ငံ၏ မြို့တော် အက်ဆန်စီယွန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဗြိိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်(Photo: AFP)
Published 24 February 2024

ယူကရိန်းအား ရုရှားကျူးကျော်ခဲ့သည့် စစ်ပွဲဖြစ်ပွားမှု ဒုတိယနှစ်ပတ်လည်သို့ မရောက်မီ ၂ ရက်အလိုဖြစ်သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗြိတိန်က ရုရှားအပေါ်ပိတ်ဆို့မှုအသစ် ၅၀ ကျော်ချမှတ်ကြောင်း ကြေညာခဲ့သည်။

ထိုပိတ်ဆို့မှုများသည် လက်နက်ခဲယမ်းထုတ်လုပ်သည့် ကုမ္ပဏီများ၊ လျှပ်စစ်ပစ္စည်း ကုမ္ပဏီများ၊ စိန်နှင့် ရေနံ ကုန်သည်များကို ပစ်မှတ်ထားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လက်နက်တိုက်းကို အင်အားလျော့ နည်းစေရန်ရည်ရွယ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရုရှား၏ ဝင်ငွေအတွက် အဓိကအရင်းအမြစ်များဖြစ်သည့် သတ္တုများ၊ စိန်များနှင့် စွမ်းအင်ကုန်သွယ်မှုများကို လျော့နည်းစေရန် လုပ်ဆောင်ခြင်းဖြင့် ရုရှား၏ စစ်ပွဲအတွက် ငွေကြေးရှာဖွေမှုများကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံတကာစီးပွားရေးဖိအားဟာ ရုရှားအနေနဲ့ ဒီတရားမဝင်ကျူးကျော်မှုကို ဆက်ပြီး အားမစိုက်ထုတ်နိုင်စေဖို့ဖြစ်ပါတယ်”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပိတ်ဆို့မှုတွေဟာ ပူတင်အတွက် စစ်ပွဲမှာ ငွေကြေးအထောက်အကူဖြစ်စေဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ အရင်းအမြစ်တွေကို ပြတ်တောက်စေပါလိမ့်မယ်”ဟု ကင်မရွန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်သည့် နှစ်နှစ်ပြည့်အထိန်း အမှတ်ဖြစ်သည်။

ထိုစစ်ပွဲအတွင်း အရပ်သား ၁၀၀၀၀ ကျော်သေဆုံးကာ ၂၀၀၀၀ နီးပါးဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

“ယူကရိန်းဘက်က ကျွန်တော်တို့စည်းလုံးစွာ ရပ်တည်ပေးခဲ့တာဟာ နှစ်နှစ်ရှိပါပြီ”ဟု ကင်မရွန်းက ပြောသည်။

မိမိတို့အနေနှင့် နိုင်လိုမင်းထက်ပြုမှုကိုခွင့်ပြုမည်မဟုတ်ကြောင်း ယူကရိန်း၏ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ကာလပတ်လုံး ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများအနက် ဒုံးပစ်လောင်ချာစနစ်များ၊ ဒုံးကျည်များနှင့် ဖောက်ခွဲရေးပစ္စည်းများကဲ့သို့ လက်နက်ခဲယမ်းထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၁၄ ခုပါဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ထိုအဖွဲ့အစည်းများအနက် ရုရှား၏ လက်နက်ခဲယမ်းထုတ်လုပ်သည့် လုပ်ငန်းတွင် အကြီးဆုံးဖြစ်သည့် နိုင်ငံပိုင် Sverdlov Enterprise ကုမ္ပဏီလည်းပါဝင်ခဲ့ပြီး ရုရှားစစ်တပ်ကို လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေး နေသည့် တူရကီကုမ္ပဏီတစ်ခု၊ တရုတ်ကုမ္ပဏီသုံးခုနှင့် ဘီလာရုစ်အဖွဲ့အစည်း ၂ ခုလည်း ပိတ်ဆို့မှုချမှတ်ခံခဲ့ရသည်။

ထို့ပြင် ရေနံကုန်ကူးသည့် Niels Troost လုပ်ငန်း၊ ရုရှားစိန်ကုမ္ပဏီနှစ်ခု၊ ရုရှား၏ ကြေးနီ၊ ဇင့်နှင့် သံမဏိထုတ်လုပ်သည့် ထိပ်သီးလုပ်ငန်းများ၏ အမှုဆောင်အရာရှိငါးဦးတို့ကိုလည်း ဗြိတိန်က ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ဗြိတိန်သည် ၎င်း၏ ရုရှားပိတ်ဆို့မှုအစီအစဉ်အောက်တွင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်း စုစုပေါင်း ၂၀၀၀ ခန်ကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ဗြိတိန်သည် ပြီးခဲ့သည့် သီတင်းပတ်က ရုရှားအတိုက် အခံခေါင်းဆောင် အလက်ဇီ နာဗာညီသေဆုံးခဲ့သည့် ဆိုက်ဘေးရီးယားအကျဉ်းထောင်၏ ထိပ်သီးအရာရှိ ခြောက်ဦးအပေါ် ပိတ်ဆို့မှုများချမှတ်ကြောင်း ကြေညာခဲ့သည်။ထို့ပြင် ဗြိတိန်နည်းတူ အမေရိကန်ကလည်း ရုရှားအပေါ် ပိတ်ဆို့မှုအသစ်မှာ ချမှတ်ရန်စီစဉ်နေကြောင်း ပြောကြားခဲ့သည်။  

Ref: AFP

Most Read

Most Recent