တိုက်ပွဲများပြင်းထန်နေသည့် ဂါဇာတွင် ပါလက်စတိုင်းပြည်သူများ အငတ်ဘေးဆိုက်လုဆဲဖြစ်နေပြီဟု အန်ဂျီအိုအဖွဲ့များက သတိပေး

တိုက်ပွဲများပြင်းထန်နေသည့် ဂါဇာတွင် ပါလက်စတိုင်းပြည်သူများ အငတ်ဘေးဆိုက်လုဆဲဖြစ်နေပြီဟု အန်ဂျီအိုအဖွဲ့များက သတိပေး
ခန်းယူနစ်အနောက်ပိုင်းရှိ အယ်လ်မာဝါဆီ အရပ်တွင် စစ်ရှောင်ပါလက်စတိုင်းမိသားစုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ခန်းယူနစ်အနောက်ပိုင်းရှိ အယ်လ်မာဝါဆီ အရပ်တွင် စစ်ရှောင်ပါလက်စတိုင်းမိသားစုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ရစဉ် (Photo:AFP)
Published 22 February 2024

အကူအညီပေးနေသည့် အန်ဂျီအိုအဖွဲ့များက ဂါဇာ၌ အငတ်ဘေးဆိုက်လာတော့မည်ဟု သတိပေးလျက်ရှိစဉ် ဖေဖော်ဝါရီ ၂၁ ရက် တွင် ပြင်းထန်သောတိုက်ပွဲများ က ဂါဇာကို တုန်လှုပ်စေခဲ့သည်။

ယင်းသို့ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် သဘောတူညီချက်များရရှိရန် ကိုင်ရိုမြို့၌ ဆွေးနွေးပွဲ အသစ်များ ကျင်း ပလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိမ်ဖြူတော်သည် ကြားဝင်ဆောင်ရွက်ပေးသူ များနှင့်ဟားမာ့စ်တို့ပါဝင်သော ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရေးအတွက် သံတမန်ဘရတ်မက်ဂါ့ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့သည်။

ဆွေးနွေးပွဲများသည် တိုးတက်မှုအလားအလာကို မြင့်တက်စေခဲ့သည်ဟု အစ္စရေးဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

အရပ်သား သေဆုံးမှုများပြားနေခြင်း ၊ ဆိုးရွားသည့် လူသားချင်းစာနာမှု အကျပ်အတည်း ပေါ်ပေါက်နေခြင်းတို့နှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးစိုးရိမ်ပူပန်မှု တရိပ်ရိပ်တိုးလာနေသည်။

တိုက်ပွဲနှင့် ဝရုန်းသုန်းကားဖြစ်မှုများက ဂါဇာတွင် အကူအညီအသည်းအသန် လိုအပ်နေသော အရပ်သားများအတွက် ပြတ်တောင်းပြတ်တောင်း အကူအညီပေးပို့မှုများကို ထပ်မံနှောင့်နှေးစေခဲ့သည်။ ဂါဇာတွင် ပြည်သူ ၂ ဒသမ ၄ သန်းသည် အငတ်ဘေး ဆိုက်လုဆဲအနေအထား ဖြစ်နေသည်ဟု ကု လသမဂ္ဂက သတိပေးထားသည်။

သေဒဏ်ပေးသည့်လုပ်ရပ်ဟု ဟားမာ့စ်က ပြောကြားသည့် လုံးလုံး ဝရုန်းသုန်းကား ဖြစ်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဂါဇာမြောက်ပိုင်းတွင် အကူအညီပေးပို့မှုများကို ရပ်ဆိုင်းထားရသည်ဟု ကုလသမဂ္ဂစားနပ် ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။

နောက်ထပ် အစ္စရေးတိုက်ခိုက်မှုများက ဂါဇာကို ဆက်လက်ထိုးနှက်လျက်ရှိရာ လွန်ခဲ့သော ၂၄ နာရီတွင် လူ ၁၁၈ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုသေဆုံးသူ များအပါအဝင် ဂါဇာ၌ သေဆုံးသူစုစုပေါင်းသည် ၂၉,၃၁၃ ဦး ရှိနေပြီဖြစ်သည်။

ဂါဇာ တောင်ဘက်ဖျား ရာဖာ တိုက်ခိုက်ခံရချိန်တွင် မိသားစုကို ဆုံးရှုံးလိုက်ရသည်ဟု အဗ္ဗဒယ်ရာမန် မိုဟာမက် ဂျူးမားက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

လူများပြည့်ကျပ်နေသော ရာဖာကို အစ္စရေးမြေပြင်တပ်ဖွဲ့များက တိုက်ခိုက်မည်ကို အဓိကစိုးရိမ်လျက်ရှိသည်။ ပါလက်စတိုင်း ပြည်သူ ၁ ဒသမ ၄ သန်းသည် ရာဖာရှိ ပြည့်ကျပ်နေသော ခိုလှုံရေးစခန်းများ၊ ယာယီတဲ များတွင် နေထိုင်လျက်ရှိသည်။

ပြည်သူများ ပြောင်းရွှေ့ပြီးပါက ရာဖာ စစ်ဆင်ရေးကို စတင်လိမ့်မည်ဟု အစ္စရေးစစ် ကော်မတီအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ပြောကြားခဲ့သည်။ ပါလက်စတိုင်းပြည်သူများ ပြောင်းရွှေ့ရေးအတွက် အသေးစိတ်များကို အစ္စရေးဘက်က ထုတ်ပြန်ခြင်းမရှိသေးပေ။

အစ္စရေးစစ်တပ်သည် ဟားမာ့စ်ကို ချေမှုန်းပြီးချိန်အထိလည်းကောင်း၊ ကျန်ရှိနေသော ဓားစာခံ ၁၃၀ လွတ်မြောက်သည်အထိ လည်းကောင်း ဆက်လက်တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောသည်။

Ref:AFP

Most Read

Most Recent